Professional Authors

ချစ်ကောင်းရဲ့ ကောင်တာချိုဆိမ့်

လမ်းဘေးက ကော်ဖီဆိုင်လေး
ကော်ဖီဖက်ရှင်း(လ်)တွေ အလန်းဇယားတွေ
ပတ်လည်ရိုက်ရင်း အမှတ်တမဲ့ ရောက်ရှိခဲ့
မနေ့က ကောင်တာပေါ်က ကော်ဖီတစ်ခွက်ကို
ငေးမောရင်း အလှမပျက် မော့သောက်မိတယ်..။

ပိုင်ရှင်မရှိသော ကော်ဖီတစ်ခွက်ကို
ငေးကြည့်နေတဲ့ အသိုင်းဝိုင်းက
ခေတ်ကြီးပတ်လတ်လှန်ချင်သလိုဖြစ်ခဲ့
အဲဒီနေ့က ကော်ဖီတစိတ်သောက်ဖို့
မေ့ခဲ့တာ ကောင်တာပေါ်က ချိုဆိမ့်ကြောင့်ပါ…။

မေ့မရသော ကော်ဖီဆိုင်လေး
ဘဝအတွက် မှတ်တမ်းတင်ရင်း
ချစ်ကောင်းတစ်ခွက်နဲ့ ချိုဆိမ့်ကိုမေ့ခဲ့
မချိုမြိန် အခါးသက်သော နေ့ရက်တွေကို
ကျော်ဖြတ်ရင်း မယဉ်ကျေးတဲ့
ကောင်တာချိုဆိမ့်က မာယာမြူဆွယ်လို့
သူတို့ အသရေ ပျက်ခဲ့တာ အခုထိပေါ့…။

နေ့ရက်တွေကုန်ဆုံး မနက်တုန်းကလို ထင်ခဲ့တဲ့
ကော်ဖီဆိုင်လေးရဲ့ ကောင်တာ နဘေးမှာ
ယင်ကောင်ဝိုင်းတဲ့ ချိုဆိမ့်တစ်ခွက်
ပျောက်ဆုံးလို့ သူတို့အသိုင်းဝိုင်းထဲ
ဈေးကွက်မဝင် တန်ကြေးမဲ့သွားခဲ့ပေါ့..။

ချစ်ကောင်းတွေ ဘယ်လောက်ကောင်းကောင်း
ခေတ်ပြောင်းသွားတဲ့ ကော်ဖီတစ်ခွက်က
နှစ်ချို့ကောင်တာချိုဆိမ့်ဖြစ်ခဲ့ မနှစ်သက်စရာမရှိတဲ့
ကော်ဖီတစ်ခွက်က မျက်စိများကိုစိန်ခေါ်
အများအကြိုက်ဖြစ်လို့ တစိတ်ဆီဝေငှရင်း
ကောင်တာပေါ်မှာ ချိုဆိမ့်တန်ဘိုးတက်ခဲ့ပြီ….။

အငှားကော်ဖီတစ်ခွက်ကို ဝယ်သောက်ဖို့
ချစ်ကောင်းဆိုင်လေးကို ရောက်ရှိခဲ့
ခါးသက်သက်ဖြစ်ခဲ့တဲ့ ချစ်ကောင်းတစ်ခွက်ဟာ
ခေတ်သစ်ဒီဇိုင်းတွေထဲ မျောသွားပြီး
ကောင်တာပေါ်က ချိုဆိမ့်တစ်ခွက်လောက်
တန်ဘိုးမရှိ အရသာမဲ့ခဲ့တာ ခေတ်ကြီးက တောင်းဆိုလို့လေ..။

 

တက္ကသိုလ်မြတ်မင်း

In: ကဗျာ Posted By: Date: Nov 23, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment