မြစ်သေတစ်စင်းရဲ့ ကောက်ကြောင်း
“ မြစ်သေတစ်စင်းရဲ့ ကောက်ကြောင်း”
မရောက်ဖြစ်တာ ကြာပြီ
မီးပူအကျအန တိုက်ထားတဲ့ ရှပ်အင်္ကျီတထည်လို ခေါက်ရိုးကျိုး
ကျွန်တော်နဲ့ အမေ့အိမ်လည်း မိုးနဲ့မြေလို မြင်လျက်နဲ့ ဝေး
သစ်ပင်က သစ်ရွက်တွေ တဖြုတ်ဖြုတ်ကြွေရင်
အမှိုက်ဖြစ်မှာပါပဲဆိုတဲ့ စိတ်ကူးနဲ့ ကျွန်တော် နေသားကျလာပြီ
စကားလုံးကြီးကြီးတွေ လမ်းမှာချရောင်းချင်တယ်
သူပြောငါပြော သောက်ကြီးသောက်ကျယ်ကိစ္စတွေ
မိုးရွာရင် မိုးရေချိုးမယ် နေပူတော့လဲ နေရောင်ခံမယ်
ကိုယ့်အသံကိုယ် နားပိတ်ပြီး သူများအသံနားထောင်နေရတာ ခက်တယ်
ကိုယ်တိုင်မဝယ်နိုင်သေးသမျှ ငှားတော့မသုံးဘူးကွယ်
အောက်ကျတယ်
သေမင်းနဲ့ လောင်းကစားဝိုင်းမှာ
ဆယ့်တစ်ကို ဘေးစိပ်တက်နေလျက်နဲ့ ဆက်ပွတ်နေရတာပါပဲ
တာရာမင်းဝေကို လွမ်းတယ် မီးတောက်ရစ်သမ်ကို လွမ်းတယ်
အရည်မရ အဖတ်မရ နေ့တွေကို ကွမ်းယာထဲ ထည့်ဝါးလိုက်တယ်
ထွေးထုတ်လိုက်တော့ ငါ့ဘဝက ပက်လက်မျော
ထမင်းကြမ်းကို မာနနဲ့ တို့တို့စားနေလိုက်ရင်း
ကမ္ဘာကျော်ဖို့ကိုပဲ ငါ လက်သည်းတွေရှည်အောင် မွေးနေလိုက်တော့တယ်
ချီရွန် ( ပုလဲ )
Comment #3
ကိုယ့်ကဗျာ ကိုယ် ပြန်လာဖတ်ပြီး ကျေနပ်သွားတယ်။ အားပေးတဲ့သူရှိလို့။ တကယ်တော့ ဒီကဗျာက ကျွန်တော့်ရဲ့ ရေးနေကျပုံစံ မဟုတ်ဘဲ ခွဲထွက်ရေးသားထားတာ ဖြစ်လို့ အားပေးမဲ့သူ ရှိလို့ အားတက်ရပါတယ်။ jasmine နဲ့ sharon myorr myor ကို ကျေးဇူးအထူးပါ ခင်ဗျာ။
By: ChIr0N at Oct 11, 2011
Comment #4
သေမင်းနဲ့ လောင်းကစားဝိုင်းမှာ
ဆယ့်တစ်ကို ဘေးစိပ်တက်နေလျက်နဲ့ ဆက်ပွတ်နေရတာပါပဲ
တာရာမင်းဝေကို လွမ်းတယ် မီးတောက်ရစ်သမ်ကို လွမ်းတယ်
စကားလုံးသုံးတာတွေအရမ်းမိုက်တယ်…အကို…..ကြိုက်တယ်..။
အခုမှဖတ်ဖြစ်တာ..ဟိုနေ့ ကမျက်စိလျှမ်းပြီး….ဖတ်ပြီးသားထင်နေတာ…..တစ်ပုဒ်လုံးကောင်းတယ်။
By: terry at Oct 12, 2011
Comment #5
စကားလုံးကြီးကြီးတွေ လမ်းမှာချရောင်းချင်တယ်
သူပြောငါပြော သောက်ကြီးသောက်ကျယ်ကိစ္စတွေ
မိုးရွာရင် မိုးရေချိုးမယ် နေပူတော့လဲ နေရောင်ခံမယ်
ကိုယ့်အသံကိုယ် နားပိတ်ပြီး သူများအသံနားထောင်နေရတာ ခက်တယ်
ကိုယ်တိုင်မဝယ်နိုင်သေးသမျှ ငှားတော့မသုံးဘူးကွယ်
အောက်ကျတယ်
ပြန်လွမ်းသွားတယ် အဲဒိအချိန်က ရှိခဲ့တဲ့ ဒေါသတွေကို …… တောက် ..
By: ChIr0N at Mar 27, 2012
Comment #6
တာရာမင်းဝေကို လွမ်းတယ်…
တကယ်ပဲဗျာ…..
By: 13th at Apr 5, 2013




Comment #1
စကားလုံး အသုံးအနှုန်းတွေအရမ်းကိုကောင်းတဲ့ကဗျာ