Professional Authors

ချစ်လျက်နှုတ်ဆက်ခဲ့

 

 

ခြေချင်းလိမ်သော ဘဝထောင်တွင်းက

ပန်းတစ်ပွင့်ဟာ နမ်းခွင့်ကြုံပါလျက်

အခွင့်မယူသော် အသိတရားဖြင့်

ကျောခိုင်းခြင်းနဲ့ ငါနှုတ်ဆက်ခဲ့..။

 

ဥယျာဉ်တွင်းမှာ ပန်းမျိုးတစ်ရာကို

စိုက်ပျိုးခဲ့တဲ့ ဥယျာဉ်မှူးဟာ

ပန်းကလေးတိုင်းကို မြတ်နိုးခဲ့တာ

ပန်းပန်သူတွေ သိမှာမဟုတ်ဘူးလေ..။

 

လှောင်ချိုင့်တွင်းက ငှက်ငယ်တိုင်းမှာ

သခင်ချစ်ထက် ပျံသန်းနိုင်ဖို့

အားထုတ်ခြင်းသာ ဖြစ်ခဲ့ရင်ပေါ့

ငါဟာ မင်းအတွက် ပြယုဂ်မဲ့လေးပေါ့..။

 

ထောင်လှောင်ချိုင့်တွင်း ပျော်ရွင်ခြင်းဟာ

ရသမဲ့သော ကဗျာတွေလို

ကာရံမညီ ပြဒါးတစ်လမ်း

သံတစ်လမ်းပမာ ဘဝခြားခြင်းပေါ့..။

 

မင်းမရှိသော တိုင်းပြည်နိုင်ငံ

ငါ့တွက်တော့ ဘဝသေခြင်းလို

ဖြစ်ချင်ဖြစ်မယ် မင်းအတွက်တော့

သုခဘုံမှာ ပျော်နေသလိုပေါ့..။

 

ရေစီးတိုင်းကို မျောလွင့်နေသော

ငါ့ဘဝလှေပေါ် အောင်မြင်တက်မနဲ့

လှော်ခတ်ရင်း ဌာနေအဝေးသို့

ရေမြေခြားလို့ ရောက်ခဲ့ပြီးလေ..။

 

ရာဇသတ်ကျမ်း ထွက်ဆိုချက်က

တရားခွင်မှာ ငါ့နှလုံးသား

စည်းကမ်းချက်တွေ ဥပဒေတွေနဲ့

အရှုံးပေးလျက် ငါနှုတ်ဆက်ခဲ့ပြီ..။

 

နိယာမတစ်ခုကို ကိုင်စွဲရင်း

တရားခွင်မှာ သက်သေများဖြင့်

ငါ မင်းဆီကို အကြွေး ၁၅၀၀

တောင်ရမ်းခဲ့တာ ငါ့နောင်တတွေပါ..။

 

အတိုင်းအတာနဲ့ ခြေလှမ်းတွေမှား

ဘဝတွေခြားလည်း ငါ့မေတ္တာ

ငါ့သစ္စာတွေက ညီမရယ်..

တောင်းဆိုခြင်းဖြင့် နှုတ်ဆက်ခြင်းပေါ့..။

 

တက္ကသိုလ်မြတ်မင်း

http://www.venpunnavamsa.blogspot.com

In: ကဗျာ Posted By: Date: Sep 15, 2011
Comment #1

ထောင်လှောင်ချိုင့်တွင်း ပျော်ရွင်ခြင်းဟာ

ရသမဲ့သော ကဗျာတွေလို

ကာရံမညီ ပြဒါးတစ်လမ်း

သံတစ်လမ်းပမာ ဘဝခြားခြင်းပေါ့..။ ( အရမ်းကောင်းပါတယ်..အားပေးနေပါတယ်နော်)

commentinfo By: May Kha at Sep 16, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment