Professional Authors

သီချင်းတွေနဲ့ညနေ (အောင်ချိမ့်)

ပြန်လှန်မေးမြန်းသံ မြောက်မြားစွာ
အသံတိတ်စွာ အော်ဟစ်ပဲ့တင်
ထင်မှတ်ထားသမျှရဲ့ အမည်ဟာ မျှော်လင့်ခြင်းပ
မျဉ်းတံပေါ်မှ အမှတ်အသားများ
နေ့များ၏ မင်္ဂလာအား ဆောင်ကြဉ်းပါဘိ။

အဲဒီမနက်က
“ညွှန့်ညွှန့်သိန်းကလေး”ဟာ
“ခဏလေးပါကိုကိုရယ်”ဆိုပြီးတဲ့နောက်
ဓာတ်သဘာဝရဲ့ ကောက်ကွေ့မှုကို နားမလည်ရှာ
ခုများ ဘယ်လိုနေရှာပါလိမ့်။

မရမ်းစေ့ရောင် ထမီလေးသာ
သခင်မအလာကို ဖွဲ့နွဲ့နေရဲ့။
အမြန်ဆုံး မွေးဖွားမှုတစ်ခုဆီ
ညက အိပ်မက်, မမက်ဖူးလား
အားလုံးအတွက် ငါ့အလင်းရောင်
ခက်တာက
လက်ပတ်နာရီမရှိ၊ ပြက္ခဒိန်မရှိ
ဒါကြောင့် ဘယ်နေ့ ဘယ်အချိန်ရယ်လို့ပြောခွင့်မရှိ
ထွန်းညှိထားပါတယ်။

ဤအခန့်း၌ကား
ဗီလိန်များသော ၀တ္ထု
ဘ၀ကို ဒုက္ခမပြုလိုပေ။

အမိုးဖုံးသည် တအိအိ
ခန္ဓာကိုယ်နှင့် သဘာဝလောကပေါ် ပိကျနေမှ
လွဲမှားမှုများမှသာ ကင်းလွတ်လိုရဲ့
အသက်ရှင်လ ဖြစ်တည်ရဲ့ခြင်း ပြဿနာမှာ
တစ်ခါတစ်ရံနှစ်ယောက်တည်းလုံလောက်နေပြန်၏။

အရှင်ဘုရား. . .
တရားကိုအကယ်တည့် သစ္စာမဖောက်ဟုဆိုငြား
ပျင်းရိဖွယ်နေမလားဟု
လူသားတို့ အတွေးခေါင်မိကြဟန်တူပါသည်။

ဒီလိုနဲ့
ပွဲတော်မှပြန်ခဲ့ပြီး
ခြေသံမှာ မြေမှုန်ကပ်
ရေကို ပွတ်သပ်ဦးမယ်မဟုတ်လား။

ကျွနုပ်၏အချစ်မှာ
သစ်ပင်
သို့မဟုတ်- ကောင်းကင်
သို့မဟုတ်- ရာဇ၀င်
အားလုံးပင်ဖြစ်ရဲ့။

သင့်ဥယျာဉ်မှာကော
သစ်သီးပေါရဲ့လား မိတ်ဆွေ

ဘုရားကို သူမ ၀တ်ပြုသောအခါ
မြန်ဆန်လာတဲ့ အာရုံအဟုန်မှာ
ဆက်သွယ်မှုမဲ့ ရစ်သမ်တို့ညီညွှတ်
မြစ်တစ်ခုကို ဖြတ်သန်းလာပေမည်။

ပုဇွန်တောင် ညောင်တန်းဆိပ်မှာ
“ပိတောက်ပန်း” ဆိုက်ပါပြီလား
မိမိအချစ်ကို စောင့်ရှောက်ခဲ့ခြင်းအတွက်
ငှက်ကလေးရယ် ကျေးဇူးတင်ပါတယ်။

လူ့ဘ၀ဆိုတာ လှပတဲ့
ပြဇာတ်တစ်ပုဒ်ပဲ ဖြစ်သင့်တယ်။ ။

အောင်ချိမ့်
မိုးဝေ၊မတ်လ၊ ၇၈

Credi:: ခေတ်ကျန်ကဗျာများ

Comment #1

မိမိအချစ်ကို စောင့်ရှောက်ခဲ့ခြင်းအတွက်
ငှက်ကလေးရယ် ကျေးဇူးတင်ပါတယ်။

လူ့ဘ၀ဆိုတာ လှပတဲ့
ပြဇာတ်တစ်ပုဒ်ပဲ ဖြစ်သင့်တယ်။ ။ ( ခုလိုဖတ်ခွင့်ရအောင်တင်ပေးတဲ့ဖြိုးကိုကျေးဇူးတင်ပါတယ်နော်)

commentinfo By: May Kha at Sep 10, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment