Professional Authors

ဖြောင့်နေသော မိုးပျံပူဖောင်းတစ်လုံး ပျံသွားသည့် မနက်ခင်း

နွေရာသီမပီပြင်သေးတဲ့ အပူနေ့တစ်နေ့ပါ
တနင်္ဂနွေမဟုတ်တဲ့ ပြဿဒါးနေ့တစ်နေ့ပါ
ဆည်းဆာမဟုတ်တဲ့ စုတ်ပြတ်နေတဲ့ မနက်ခင်းပါ
စုတ်ပြတ်နေပေမယ့် . . . စုတ်ပြတ်နေခဲ့တာပါ
ဆား မပါတဲ့ ကောင်မလေးပါ
အတောင်ပံမပါဘဲ ပျံသွားခဲ့တဲ့ ကောင်မလေးပါ
ပြန်သွားတာကို ဘာမှမပြောလိုပါဘူး
ပြောချင်တာက . . .
ရယ်သံလွင်လွင်လေးထဲမှာ
ကူးရခတ်ရတာ မောလှပြီဆိုတာပါ။

ဘာဆိုဘာမှ မရှိခဲ့တဲ့ကောင်ပါ
ဘာဆိုဘာမှ မသိတဲ့လူအပါ
ဗလာတွေ ပေါများနေတဲ့ဘ၀ပါ
စိတ်ထဲမှာ ဗလာပဲထားတဲ့သူကိုမှ
(သက်စွန့်ဆံဖျား)
အိပ်မက်တွေ ပေးထားမိတာပါ။

ဟဲလို၊
ဟုတ်ကဲ့၊
မိုးလေ၀သဌာနကလား
ကျွန်တော့်ရင်ဘတ်ရဲ့အနောက်တောင်ထောင့်မှာ
ဝမ်းနည်းစိတ်တွေ တလိပ်လိပ်တက်လာနေလို့ပါ
နှလုံးသားရပ်ဝန်းမှာ လွမ်းစိတ်တွေ အုံ့ဆိုင်းမှိုင်းပျနေလို့ပါ
ဗျာ၊ ဟုတ်ကဲ့၊ ဟုတ်ကဲ့၊
ထီးဝယ်ထားပါ ဟုတ်လား
မှားမိတယ်
ကျွန်တော်ကိုက
ရေကြီးမယ့်မြို့မှာ လှေစီး ခရီးသွားချင်မိတာဆိုတော့။

စိတ်ကူးယဉ်ပေါင်းလည်း များလှပြီ
မထုံတက်သေးပုံစံနဲ့ ကျောက်ရုပ်လို မလှုပ်မယှက်ရပ်နေတတ်ဆဲ
ဟေတီမှာ ငလျင်လှုပ်တာ လူအများကြီးသေတယ်ဆိုပဲ၊
ကျွန်တော့်နှလုံးသားမှာ ငလျင်လှုပ်လွန်းလို့
အိပ်မက်တွေလည်း သေပေါင်းများပါပြီ။

မျှော်လင့်ချက်တွေ တစ်လှေကြီးပဲ
စု . . . ပြုံ . . . ပုံ . . . အပ် . . . ထားတယ်
ဂဠုန်ကြီးလည်း အကြံကုန်တော့ ဆားချက်နေတာပေါ့
အကြံကုန်နေသူကြီးကို အကြံသွားပေးချင်တာပါ
ဆားချက်စားမယ့်အတူတူ
အဆင့်မြင့်အိုင်အိုဒင်းဆားကို ရွေးချက်ပါလို့။

ပလတ်စတစ်ဆာဂျရီလုပ်ထားတဲ့ နှလုံးသားနဲ့တူပါတယ်
ခုန်ချင်တဲ့အခါ ခုန်ပြီး၊ ရပ်ချင်တဲ့အခါ ရပ်ပါသတဲ့
မျှော်လင့်ချက်မထားတတ်ဘူးလို့ ပြောပါတယ်
ကျွန်တော့်ရဲ့အနာဂတ်အတွက် သူမ လက်ခါပြခဲ့တယ်။

ကွေ့ကောက်၊လိမ်တွန့်နေတာ မဟုတ်တဲ့ စိတ်ရှိတယ်လို့ ပြောပါတယ်
(သူမဟာ မလိမ်တတ်ပါဘူးတဲ့)
ကျွန်တော့်အိပ်မက်တွေ ဘာဒဏ်ရာမှ ရှာမရပဲ သေ သေသွားတယ်
ဘုရားသခင် . . .
မလိမ်မညာတတ်သူလေးကို မလိမ်မညာပဲပြောချင်တာက
ကျွန်တော်ဟာ နေ့စဉ်နဲ့အမျှ လူလိမ် လူညာတစ်ယောက် ဖြစ်ပါရဲ့
(ကိုယ့်ကိုယ်ကို စက်ဆုပ် ရွံရှာလာမိတယ် . . .)

တကယ်ဆို . . .
ကန်းနေတဲ့ အချစ်တစ်ခုပေါ့
နင်ခင်းပေးတဲ့ ဖန်ကွဲစတွေပေါ်မှာ
မိုက်မိုက်မဲမဲ နင်းလျှောက်ခဲ့မိတယ်။

သံလျက်တွေကြားက ပြေးထွက်သွားနိုင်သူလို
သံသယစကားတွေကြားမှာ သူမက အပြုံးမပျက်ခဲ့
အေးတိအေးစက်ဆိုတာ နားမလည်ခဲ့
မပြောတတ်ခဲ့၊ မဆိုတတ်ခဲ့၊ မှင်သေသေနဲ့၊ ရယ်ကျဲကျဲနဲ့
(မထူးပါဘူး) (ဒီခြုံထဲက ဒီယုန်ပါပဲ)
ကျွန်တော်လည်း ပြုံးလိုက်၊ မဲ့လိုက်၊ ဒေါသထွက်လိုက်၊ ၀မ်းနည်းလိုက်နဲ့
အရူးဇာတ်ခင်းနေခဲ့လိုက်မယ်။

သူ့ဟာသူ နေတဲ့ ပန်းကလေးပါ၊
လူမိုက်တွေကိုက သွားနမ်းချင်ကြတာ
အဆိပ်မိတော့လည်း ကိုယ့်အပြစ်နဲ့ကိုယ် ခံကြ။

အဲဒီကောင်မလေးလား . . .
ဘုရားသခင်ဆီက ကျွန်တော်လက်ဖြန့်တောင်းခံထားမိတဲ့ အရုပ်ကလေးပေါ့
အခုတော့ . . . . .
အဲဒီအရုပ်ကလေးကပဲ ကျွန်တော့်ကို ပြုစားထားတာ
ကြာ . . . . . ခဲ့ . . . . . ပါ . . . . . ပြီ . . . . . ။          
                                                နရီမင်းထက်(ဆေးတက္ကသိုလ်)

In: ကဗျာ Posted By: Date: Aug 29, 2011
Comment #1

ကျွန်တော်ကိုက
ရေကြီးမယ့်မြို့မှာ လှေစီး ခရီးသွားချင်မိတာဆိုတော့။

ဟဲဟဲ ဆရာလုပ်တယ်တော့ထင်ပါနဲ့ ဝေဖန်ကြည့်တာ ရေကြီးမယ့်မြို့မှာမှ လှေမပါဘဲ သွားချင်မိတာ ဆိုတာဆိုရင် ကောင်းမလားလို့
ကျွန်တော့အမြင်ပြောတာနော် တတ်လို့မဟုတ်ပါဘူး 🙂

commentinfo By: Nat Khat Sue at Aug 29, 2011
Comment #2

အဲ . . . ကျွန်တော် ပြောချင်တာက . . . ဒီကောင်မလေးကို ချစ်မိရင် ဒီလိုဖြစ်မယ်ဆိုတာ သိရဲ့သားနဲ့ ချစ်မိတာကို ပြောချင်တာ၊ ရေကြီးမယ့်မြို့လည်း ဘာဖြစ်လဲ၊ လှေစီးခရီးသွားမယ်ပေါ့၊ အစက အဲလိုတွေးတယ်ပေါ့၊ ဒါပေမယ့် တကယ်ခက်ခဲကြုံလာတော့ “ကျွန်တော်ကိုက ရေကြီးမယ့်မြို့မှာ လှေစီးခရီးသွားချင်မိတာပါ” ဆိုပြီး ကိုယ့်ကိုယ့်ကို ပြန်အပြစ်တင်ပြီး၊ ညည်းတဲ့သဘောလေးပေါ့။ အဲဒီ “ ညည်းသံ ” လေးပါအောင် ထည့်ရေးထားတာပါ။ အခုလို ဝေဖန်ပေးတဲ့အတွက် ကျေးဇူးပါ .. . .

commentinfo By: nhmgmg at Aug 29, 2011
Comment #3

လိုလေသေးမရှိအောင်ကောင်းပါတယ်……
အားပေးသွားပါတယ်……

terry

commentinfo By: terry at Aug 29, 2011
Comment #4

ကောင်းပါတယ်အကိုကဗျာကေင်းပါ။

commentinfo By: myatthuraaung at Aug 29, 2011
Comment #5

သူ့ဟာသူ နေတဲ့ ပန်းကလေးပါ၊
လူမိုက်တွေကိုက သွားနမ်းချင်ကြတာ
အဆိပ်မိတော့လည်း ကိုယ့်အပြစ်နဲ့ကိုယ် ခံကြ။

ကောင်းတယ်ဗျာ တကယ် မိုက်တယ်

Leave Comments

Name*

Email*
Website
Email me whenever there is new comment