Professional Authors

နာနာကျင်ကျင် ရင်ဖွင့်ခဲ့တယ်

မေမေ  နေကောင်းတယ်မဟုတ်လား
သား ခုတလော စိတ်တွေရှုပ်ထွေးနေတယ်
ညတိုင်း ရေတစ်ခွက်နဲ့ B1,B6,B12 ပဲ
သား ကဗျာရေးတာ ခဏနားပြီး
လျှောက်ခဲ့တဲ့လမ်းကို လှည့်ကြည့်မိတယ်။
သူတို့က သားကဗျာတွေဖတ်ပြီး ဒီလို ပြောတယ်
သားဟာ ဘ၀င်လေဟပ်နေတဲ့ကောင် တဲ့
ကဗျာကို ဓါးလိုသုံးပြီး အဆိုးမြင်နေတဲ့ကောင်
အတ္တကြီးလွန်းတယ် တဲ့
တစ်ကိုယ်ကောင်းဆန်တယ် တဲ့
ဟုတ်မှာပါ
ဟုတ်မှာပါမေမေ
သားမှာ မကောင်းတဲ့စိတ်တွေ ရှိတာပေါ့
ဒေါသထွက်တတ်တဲ့ စိတ်
မာနထောင်လွှားတတ်တဲ့ စိတ်
တဏှာရာဂ စိတ်တွေနဲ့ လူပါ
ဒါပေမယ့် သားမှာ
ပျော်ရွှင်တတ်တဲ့ စိတ်
သနားတတ်တဲ့ စိတ်
ချစ်တတ်တဲ့ စိတ်တွေလည်းရှိပါတယ်
ဒါတွေကိုသူတို့နားလည်အောင် ရှင်းပြမနေချင်တော့ဘူး။
တစ်ခုတော့ရှိတယ်မေမေ
သားလေ ကဗျာကို ဘယ်တော့မှ သစ္စာမဖောက်ခဲ့ဘူး
ကဗျာဆိုတာ သစ္စာတရားကို သိပ်တန်ဖိုးထားတဲ့ မိန်းမပဲ
သူ့ကို လိမ်လို့မရဘူး
လှည့်စားပြီး ပေါင်းသင်းချင်လို့မရဘူးမေမေ
သူ့ကို သစ္စာဖောက်တာနဲ့တစ်ပြိုင်နက်
အငြိုးတစ်ကြီး ဒဏ်ခတ်တတ်တဲ့မိန်းမပဲ
အဲဒါကို တစ်ချို့ကမသိဘူးမေမေ
သူတို့က ကဗျာကို အကာအကွယ်ယူပြီး
သူတော်ကောင်းယောင် ဆောင်နေကြတယ်
ရိုးဂုဏ်တွေ လုပ်ကြံဖန်တီးပြီး
လက်ခုပ်သံရှာနေကြတယ်
တစ်ခါတစ်ခါများ
တူရာတူရာ အုပ်စုဖွဲ့ တိုက်ခိုက်ကြပြန်တယ်
သိပ်ရွံဖို့ကောင်းတယ်မေမေ
သားက အဲသလို
အုပ်စုဖွဲ့တာကို ငြင်းဆန်ထားတော့
ပုဂ္ဂိုလ်ရေးအရ
သားမှာ ကဗျာဆရာအပေါင်းအသင်းမရှိဘူးမေမေ
သူတို့ကဗျာတွေနဲ့သားကဗျာတွေ
ဆက်သွယ်တာမျိုးပဲရှိတယ်။
တစ်ကယ်လို့ သားမှာ
ကဗျာဆရာတစ်ယောက်ရဲ့ အရည်အသွေး
စိတ်နေစိတ်ထားမရှိဘူးလို့
တစ်စုံတစ်ယောက်ကပြောလာရင်လည်း
သား စိတ်မဆိုးဘူးမေမေ
ဘာလို့လဲဆိုတော့
သားကဗျာရေးတာက
သားရဲ့ထောင့်ချိုးမှာ ထိတွေ့ခံစားရသမျှကို
သူတို့ကိုမျှဝေခံစားရုံသက်သက်ပါပဲ
ချောက်ထဲ ကျနေတဲ့ကမ္ဘာကြီးကို ဆွဲတင်နိုင်တဲ့ကဗျာဆရာ
လူ့လောကကို ကယ်တင်နိုင်တဲ့ကဗျာဆရာတို့ဆိုတာ
နှစ်တွေရာချီထောင်ချီကြာမှ ရှားရှားပါးပါးပွင့်တဲ့ အနုပညာရှင်ပါမေမေ
အခု သားက
လူမသိ သူမသိ ကဗျာရေးနေတဲ့သူပါ
ကဗျာတွေကို ချစ်လို့
ကဗျာတွေ ဖတ်
ကဗျာတွေ ဖန်တီးနေရရုံနဲ့ ကျေနပ်နေတတ်တဲ့သူပါမေမေ
ဒီတော့ ဘာကိုမှကြီးကြီးမားမားမျှော်လင့်မထားပါဘူး။
အခုလေ သား
လူတစ်ချို့ရဲ့ပေတံတွေနဲ့ တိုင်းတာခံနေရတယ်မေမေ
လောကဓံရှစ်ပါး နားလည်ပါတယ်ဆိုတဲ့ လူကြီးကလည်း
ငြိမ်းချမ်းရေးတရားပဲလိုက်ဟောနေတယ်
မေတ္တာသည်သာ အမွန်မြတ်ဆုံးဆိုတာ
သားမသိလို့မဟုတ်ဘူးမေမေ
ဒါပေမယ့်
သားလေ ကဗျာရေးတဲ့အခါ
သားရဲ့အတွင်းစိတ်ကို တူးဆွနေကျဆိုတော့
အမြဲတမ်း သူ့လောက်တော့ မငြိမ်းချမ်းနိုင်ဘူးပေါ့မေမေရယ်
ပြီးတော့
ဟိုညီလေးတစ်ယောက်လည်း
သားကိုမုန်းတီးနေပုံရတယ်
သူဟာ သိပ်တော်တဲ့ကဗျာဆရာတစ်ယောက်ဆိုတာ သားသိတာပေါ့
ဒါပေမယ့် သူ လူပေါင်းမှားနေတော့
သူ့အနုပညာတွေဟာ
ပွင့်သင့်သလောက် မပွင့်
လင်းသင့်သလောက် မလင်းဘူး ဖြစ်နေတယ်မေမေ
သား သိပ်နှမြောတာပဲ
ဒါပေမယ့်လေ……..
ဘာမှမပြောဖြစ်ခဲ့ဘူးမေမေ
လောကမှာ မဖြစ်နိုင်တာတွေ
ပြုပြင်ပြောင်းလဲလို့မရတာတွေ အများကြီးဆိုတာ
သား သိသွားပြီ
လူအမျိုးမျိုး စိတ်အထွေထွေဆိုတာ ပိုသိလာပြီ
အကြံတူရင် ရန်သူတင်မဟုတ်
အသံမတူရင် ရန်သူလို့သတ်မှတ်ကြတာပါသိလာပြီ
နောက်ဆုံး
သားဘက်မှာ မေမေနဲ့ကဗျာပဲ
အမြဲရှိနေလိမ့်မယ်ဆိုတာ သားသိသွားပြီ မေမေ။

In: ကဗျာ Posted By: Date: Jun 12, 2011
Comment #1

…………………………..
နာလည်းရှိပါတယ်ဟာ………. :'(

commentinfo By: အသဲကွဲမိုး at Jun 12, 2011
Comment #2

ဟုတ်လဲဟုတ်ပဲနဲ့။

commentinfo By: တာကော at Jun 13, 2011
Comment #3

ရှိပါတယ်..ဦးဂျီးရာ

commentinfo By: အသဲကွဲမိုး at Jul 6, 2011
Comment #4

အပေးအယူ မျှနေလိုက်တာနော်…။

commentinfo By: ဆည်းဆာ(ရဲသူ) at Jul 13, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment