Professional Authors

အစွဲအလမ်းနဲ့ လေလွင့်သူ (အောင်ရင်ငြိမ်း )

အလွမ်းတွေ မီးလောင်ရာလေပင့်
အချစ်က လွှင့်ပစ်လို့တဲ့အတိုင်း
ကြုံရာကျပန်း
လက်လွတ်စပယ်
အသုံးပြုပြီးသား ပလတ်စတစ်အိတ်လို လွင့်တယ်။

အချစ်က
အတွေးမှာ လောင်ကျွမ်းနေတဲ့ မီးလျှံ
အနုပညာမှာ စိုက်ဝင်နေတဲ့ ဓား။

အချစ်က
စိတ်မှာ မြုံနေတဲ့အနာအဆာ
အစွဲအလမ်းမှာ စွဲကပ်နေတဲ့ ရောဂါပိုးမွှား။
အစိမ်းလတ်လတ်ခံစားမှု့နဲ့
သင်္ခါရကိုမျက်နှာလွှဲခဲပစ်လို့
အချစ်ရေးမှာ
ဆေးမင်ကြောင်လို စုတ်ထိုးမိခဲ့သူ။

နှစ်ကိုယ့်တစ်စိတ်
ပွင့်ခဲ့သောပန်းတွေ မဝေတော့
မွှေးခဲ့သောမီးတွေ မငြိမ်းတော့
တစ်ပိုဒ်ချို တစ်ပိုဒ်ခါး
စုံတွဲသီချင်းတွေရဲ့ အရသာ
မီးလောင်နေတဲ့အသံမှာ မျက်ရည်စိုခဲ့ပြီ။

အချစ်ရဲ့
အဝါရောင်ဆင်းရဲခြင်းအနုပညာ
တစ်သက်မှာတစ်ခါဖြစ်တဲ့ စိတ္တဇ
သူ့ အာဃာတမှာ
ဝမ်းနည်းခြင်းတွေ ရိုးမြေကျအောင် လောင်ခဲ့တယ်။

အောင်ရင်ငြိမ်း
Faces Magazine April 2003

Comment #1

မီးလောင်နေတဲ့အသံတွေ ပဲ့တင်ကျန်ရစ်ခဲ့တယ်

commentinfo By: khun.k at May 24, 2010

Leave Comments

Name*

Email*
Website
Email me whenever there is new comment