Professional Authors

ချစ်သူမြင်းသည်တော် (အောင်ဝေး)

ခင်ရေ
အရှေ့ဘက်မိုးကောင်းကင်မှာ
ရောင်နီဆင်တော့မယ်။
ရင်တစ်ချက်ခုန်
ယုံကြည်ချက် တစ်ရစ်တင်း
ကဗျာမြင်းရိုင်း၊ဒိုင်းစိုင်းစမ်းကွယ်
လာလမ်းပြန်မလှည့်နဲ့နော်။
မနက်မလင်းခင်၊တောင်တွေကို
အများကြီးကျော်ရဦးမယ်။
ရှည်သွယ်ချွန်မြတဲ့
မိုးမခပင်တွေ၊နွေဦးကိုကြိုနေကြပြီ။
ပိုင်းပင်တွေက
ဝေဝေမှိုင်းမှိုင်းနဲ့
မုန်တိုင်းကို ကြံ့ကြံ့ခံလို့ပေါ့။
မိုးမခပင်မှာ
ပျော့ပျောင်းမှုရှိတယ်။
ပိုင်းပင်မှာမူရှိတယ်။
ပြည်သူတွေဟာ
ရာဇဝင်အလွမ်းဇာတ်
တစ်ခန်းရပ်စေနိုင်တယ်လေ။
လျှိုမြောင်တွေကိုဖြတ်တဲ့အခါ
အနာဂတ်သီချင်းကို
မင်းဆိုပါ။
နှင်ဆီအလောင်း၊စမ်းချောင်းဘေးမှာ
ဆွေးဖွဲ့ရင်ဖို၊မငိုပါနဲ့။
တောအလုံးတောင်အလုံး
မီးဟုန်းဟုန်းတောက်
ပျောက်နေတဲ့လမ်း၊စမ်းတဝါးမှာ
ပန်းတစ်ပွင့်ညှိုး၊ကိစ္စဆိုးမဟုတ်။
တောင်တန်းတွေက၊မြွေလိုတွန့်ထပ်
သူတို့ရဲ့ ရင်ဘတ်တွေနဲ့
တို့ကို မရပ်တန့်စေနိုင်ဘူး။
ရွ့က်ကြွေတောကိုရောက်ရင်
တောက်ပဝိညာဉ်၊အမြင်သစ်ဖွဲ့
မြစ်ကမ်းပါးမှာလည်း
တအားတအား၊ဒုန်းစိုင်းသွားပါကွယ်။
ရှေ့မှာကြည့်စမ်း
ငန်းရိုင်းပျံတဲ့ည
ဆီးနှင်းကျလရိပ်မွဲ၊အေးခဲလို့နေပြီ။
အနက်ထည်ည၊မျက်စိမှိတ်လင်း
ကြယ်အချင်းချင်းတောင်
ရန်သူလိုပဲ။
ဆို၊ဆို
အနာဂတ်သီချင်းတွေ၊မင်းဆိုလေ။
တောတွေ၊တောင်တွေ
လျှိုတွေ၊မြောင်တွေ
မြစ်တွေ၊ချောင်းတွေ
အဖြစ်ဟောင်းတွေ၊ပြောင်းလဲပစ်ရမယ်လေ။
နှင်းခွဲလက်တို့
အိပ်မက်မနေကြပါနဲ့။
ဇာပန်းကွက်မှာ
ပန်းဆက်ထိုးချင်သူတွေ
နေရစ်ခဲ့ကြတော့။
ကြယ်တွေက၊ညမှာကြွေပြီး
နေရောင်က ညကိုအောင်နိုင်ရမယ်။
နှင်စမ်း၊နှင်စမ်း
ရင်ကိုကော့လို့။ခေါင်းမော့ချီ
အရှေ့ဆီမှာ၊ရောင်နီဆင်တော့မယ်။
ခင်ရေ
ရင်တစ်ချက်ခုန်
ယုံကြည်ချက်တစ်ရစ်တင်း
ကဗျာမြင်းရိုင်း၊ဒုန်းစိုင်းစမ်းကွယ်
လာလမ်းပြန်မလှည့်တော့နဲ့နော်။ ။

အောင်ဝေး
မိုးဝေ၊၁၉၈၉၊မတ်။

Comment #1

စကားလုံးများစီးဆင်းမှု နရီ။စည်း၊နိမိတ်ပုံတို့ အားကောင်းပြီး ရစ်သန်ချိတ်ဆက်ခြင်းများ အတုယူဖွယ်
သိပ်ကောင်းသောကဗျာဟု ကျွန်တော်သိသမျှ တင်ပြအပ်ပါသည်။

commentinfo By: ကိုကို(၀ိဖ္ဇာပန်းခင်း) at Nov 21, 2012
Comment #2

နှင်စမ်း၊နှင်စမ်း
ရင်ကိုကော့လို့။ခေါင်းမော့ချီ
အရှေ့ဆီမှာ၊ရောင်နီဆင်တော့မယ်။

commentinfo By: tawlaywa at Nov 22, 2012
Comment #3

ရောင်နီလာတော့မယ်…..

လာလမ်းပြန်မလှည့်နဲ့တော့နော်..

ကဗျာမြင်းကို ဒုန်းစိုင်းစမ်းကွယ်……

လေးစားစွာဖြင့်

commentinfo By: နိုးဆက် at Apr 23, 2013

Leave Comments

Name*

Email*
Website
Email me whenever there is new comment