Professional Authors

အပြင်းစား လမ်းခွဲ

သက်ပြင်းခြောက်တစ်ခု လှလှပပ အသက်ဝင်လာမှ

ခံစားမှုဆိုတာကို တွင်တွင်ပြောလာကြတော့တယ် …

ငါကိုင်ထားတဲ့ နင့်လက်က အလှပြင်ထားတဲ့ သက်ပြင်းတစ်ခုမဟုတ်လား …

အလားတူ …

နင်ကိုင်ထားတဲ့ ငါ့လက်က စကားကြီးစကားကျယ်ပြောတတ်တဲ့

သက်ပြင်းတစ်ခုမဟုတ်လား …

မျက်နှာချင်းဆိုင် ဝေးသွားမှ ပီပီပြင်ပြင်လွမ်းနေလိုက်ကြတာ …

အခုမှတော့ မထူးတော့ဘူး … ခြေပစ်လက်ပစ် အသည်းကွဲလိုက်ကြရုံပေါ့ …

 

တဆိတ်လောက် …

ဘာကိုမှ မပြောတော့တာဟာ ရင်ဘတ်ထဲမှာ မရှိတော့လို့ မဟုတ်ဘူးလား …

မြင်နေ တွေ့နေ ကြားနေလည်း နှုတ်တောင်မဆက်ကြတော့ရင်

မျက်နှာချင်းဆိုင် ဝေးကြတာပဲ …

 

လွတ်လွတ်လပ်လပ်ပြောပါရစေ …

အသည်းကွဲတယ် … ဆိုတာ အအေးမိဖျားတာနဲ့ အတူတူပဲ …

ဖျားတာ ပြင်းရင် တုန်တုန်ရီရီနဲ့ ပြောစရာစကား ကုန်းကောက်စရာမရှိဘူး …

ထမင်းစားရေသောက်ဖျားတာလောက်ဆိုရင် စကားတွေ ဖောင်ဖွဲ့ ပြောနေလိမ့်မယ် …

 

နင့်လက်ကို လွမ်းလို့ …

နင့်နှုတ်ခမ်းကို လွမ်းလို့ …

နင့်အနမ်းကို လွမ်းလို့ …

နင့်စကားကို လွမ်းလို့ … ငါ့မှာ ရေးထားတဲ့ ကဗျာတွေ တက်ကျမ်းတွေတောင်

အဘိုးခေါ်လောက်ရမယ် … ထူပုံက လူပုံကျ တဲ့ အထိပါပဲ …

ဒီတော့ အမှန်တိုင်း ပြောရင် နင့်ကိုငါ သိပ်မချစ်ခဲ့ဘူး … နဲ့ တူတယ် …

မျက်နှာချင်းဆိုင် ဝေးပြီးကတည်းက မျက်ရည်တွေ လျှံကျတာ သောက်သောက်လဲပဲ …

မှတ်မှတ်ရရပြောရမယ် ဆို ဘာကိုမှ မမှတ်မိတော့တာတစ်ခုပဲ …

ဓာတ်ပြားဟောင်းကြီးဖွင့်တိုင်းလည်း စနေညနေ ဇာတ်ထုတ်နဲ့ တွဲပေးရတယ် …

 

အခုတော့ကွာ …

တနင်္ဂနွေညတွေ ပက်လက်လူးလို့ …

လိပ်ပြာသန့်တဲ့ ညနေတွေတောင် ပိုပိုမိုက်မှောင်လာသလိုပဲ …

 

ငါဟာလေ စနေညနေကို မှီကျောထားတဲ့ နှုတ်ခမ်းတစ်စုံပဲ …

In: ကဗျာ Posted By: Date: Apr 8, 2011
Comment #1

မျက်နှာချင်းဆိုင် ဝေးသွားမှ ပီပီပြင်ပြင်လွမ်းနေလိုက်ကြတာ …

အခုမှတော့ မထူးတော့ဘူး … ခြေပစ်လက်ပစ် အသည်းကွဲလိုက်ကြရုံပေါ့ …

commentinfo By: ခင်ဘုန်းနေ at Apr 8, 2011
Comment #2

ဘာကိုမှ မပြောတော့တာဟာ ရင်ဘတ်ထဲမှာ မရှိတော့လို့ မဟုတ်ဘူးလား …

မြင်နေ တွေ့နေ ကြားနေလည်း နှုတ်တောင်မဆက်ကြတော့ရင်

မျက်နှာချင်းဆိုင် ဝေးကြတာပဲ …

commentinfo By: nanpyisoke at Apr 8, 2011
Comment #3

special like,
ofcourse,,,face the real situation.

commentinfo By: ei lay at Jan 9, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment