Professional Authors

သမီးလေးဖတ်ဖို့ (ကောင်းသန့် )

(၁)
သမီး…
စကား ၊ စကား ပြောပါများ
စကားထဲက ဇာတိပြတဲ့။
စကားတွေ အမျာကြီး ပြောတဲ့အခါ
ပြောတဲ့သူရဲ့ အကျင့်စရိုက်တွေဟာ
စကားထဲမှာ ပါလာ တတ်တယ်။
သူများပြောတဲ့စကားကို
များများ နားထောင်ရင်
သူများ အကြောင်း များများသိမယ်။
ကိုယ်က များများ ပြောရင်လည်း
ကိုယ့်အကြောင်းတွေ
သူများ သိလိမ့်မည်။

ဒီတော့ ….
စကားကို နည်းနည်းပြော
များများ နားထောင်တတ်အောင်
သမီး ကြိုးစား လေ့ကျင့် ထားသင့်တယ်….။

(၂)
သမီး…
ဘာမှန်းမသိဘဲ
စွဲစွဲလန်းလန်း ဖြစ်နေတတ်တာ ဟာ
အချစ် ပဲ။
အဲဒီ အချစ်ကြောင့် လူတွေဟာ
မလုပ်ရဲတာတွေ လုပ်ရဲလာတယ်။
မလုပ်သင့်တာတွေ လုပ်တယ်။
ဖြစ်သင့်တာနဲ့ ဖြစ်ချင်တာတွေကို
မခွဲခြားနိုင်ဘဲ လုပ်ချင်ရာ လုပ်ကြတယ်။
တကယ်တော့….
အချစ်ဟာ ကလေးဆိုးနဲ့ တူတယ်။
သူ့ကို အလိုလိုက်မိရင်
အသက်အရွယ်မရွေး ဒုက္ခပေးနိုင်တယ်။

ဒါကြောင့်
အချစ်ရဲ့သဘော သဘာဝကို
နားလည်အောင်ကြိုးစားပါ။
နေရာတကာ သူ့အလိုကို မလိုက်မိစေနဲ့။

အချစ်ဆိုတာ…
အလိုက်မသိတတ်တဲ့ ဧည့်သည်ဆိုးနဲ့လည်း
တူချင်တူနေပြန်ရော….။

(၃)
သမီးရယ်…
ကေသရာဇာ ခြင်္သေ့မင်း
အမဲလိုက်လို့ ရလာတဲ့
နွားကြီး တစ်ကောင်ဟာ
အသီးအရွက် ကိုသာ စားတဲံ
ယုန်လေး တစ်ကောင် အတွက်တော့
ရေး စိုက်စရာ ဖြစ်မလာ စေပါဘူး။

(၄)
သမီးရေ…
သမီးဘ၀အတွက်
အဖော်မွန် အဖော်ကောင်းကို
ရှာတော့မယ်ဆိုရင်
ဆား နဲ့ တူတဲ့ အဖော်ကောင်းကို ရှာနော်။

ဆားဟာ….
သူ့ကို နည်းနည်းသုံးရင် နည်းနည်း ငံ ပေးတယ်။
များများသုံးရင် များများ ငံ ပေးတယ်။
သူ့သဘောနဲ့ သူ ဘာမှ မလုပ်ဘူး။
သူ့ကို အသုံးပြုတဲံ သူရဲ့ အလိုဆန္ဒကိုသာ
အမြဲလိုက်လျော ပေးတတ်တယ်။

ပြီးတော့…ဘယ်နေရာမဆို
သူ့ကို အားထား ရတယ်လေ။

ဆား နဲ့တူ တဲ့
အဖော်မွန် အဖော်ကောင်း ကို
သမီးလေး ရှာတွေ့နိုင်ပါစေလို့
ဖေဖေ ဆုတောင်း ပေးမယ်နော်။

ဖေဖေ။
ကောင်းသန့်

In: ကဗျာ,Others Posted By: Date: Mar 24, 2011
Comment #1

Good m:)

Comment #2

excellent
thz for ur sharing

commentinfo By: ei lay at Jan 14, 2012
Comment #3

ဒီတော့ ….
စကားကို နည်းနည်းပြော
များများ နားထောင်တတ်အောင်
သမီး ကြိုးစား လေ့ကျင့် ထားသင့်တယ်….။

commentinfo By: May Kha at Jan 14, 2012
Comment #4

စိတ်အားထက်သန်မှုရှိတဲ့စာတွေ အမြဲဖတ်ချင်တယ်

commentinfo By: တင်နီလာစံ at Jan 13, 2015

Leave Comments

Name*

Email*
Website
Email me whenever there is new comment