Professional Authors

စိတ်အန်ဖတ် (မောင်ချောနွယ်)

“ကျား” မီးခြစ်ကို
တအားကြီးဖိခြစ်ပစ်လိုက်တယ်
လက်ဖက်ရည်ခွက်ထဲက
ကမ္ဘာကြီးကို
ငါ စိတ်သိပ်မတွေ့ဘူး။

သတိထားကြ
ထမင်းပန်းကန်ထဲက အမှန်တရား
ငါ စားပစ်လိုက်ပြီ။

တစ်ခြမ်းက မှည့်ရွှမ်းအရသာရှိပြီး
တစ်ခြမ်းကစိမ်းနေသေးတဲ့ ကမ္ဘာကြီးဟာ
ငါပုံကြမ်းလောင်းထားတဲ့ ပန်းပုရုပ်ကလေးပေါ့။

ဝိညာဉ်တွေကို ဖိနပ်လုပ်ပြီး စီးပစ်မယ်
လူတွေမျက်နှာပေါ်က
ကမ္ဘာကြီးကို ငါမယုံဘူး။

အငမ်းမရသောက်ခြင်းမျိုးနဲ့
လမင်းကို ငါသောက်ပစ်လိုက်ပြီ
တေးဂီတအားလုံးကို ငါသောက်ပစ်လိုက်ပြီ
မုန်းတိုင်းတွေကို ငါသောက်ပစ်လိုက်ပြီ
ကမ္ဘာကြီးကိုလဲ ငါသောက်ပစ်လိုက်ပြီ
လေထဲမှာ
ကဗျာဆန်ဆန်ဝဲနေတဲ့
ဗန်ဒါရွက်တွေကိုလဲ ငါသောက်ပစ်လိုက်ပြီပေါ့။
ဟောဟိုက
ခုံဖိနပ်တခွပ်ခွပ်နဲ့ လမ်းလျှောက်လာတာ
ငါ့ အာရုံပေါ့။
တွေ့လား
အပင်ပေါ်မှာ ညွတ်နေအောင်သီးနေတဲ့
ဝင်းဖန့်ဖန့်လိမ္မော်သီးတွေကလဲ
ငါ့ အာရုံပေါ့။
ဟိုကတ္တီပါ မြက်ခင်းလေးရယ်
ဟိုကောင်မလေးဆိုးထားတဲ့ နှုတ်ခမ်းနီးရယ်
ငါ့ အာရုံတွေပေါ့။

ငါ.. ငါ့လက်ထဲမှာ
ငါ့ဘဝလေးကို ကျစ်ကျစ်ပါအောင်ဆုပ်ထားပြီး
ငါ…
ဦးနှောက်အားထွက်ခဲ့ပြီ
နှလုံးသားအိမ်ကထွက်ခဲ့ပြီ
အာရုံ ကဖီး ကထွက်ခဲ့ပြီ
အချစ်ရေ
နှလုံးသားကိုလေ
ထဘီအဆင်လှလှလေးယက်ပေးမယ်
လောကဓံတရားတွေကိုတော့
ဖန်ခွက်ထဲမှာ အရက်နဲ့ရောပြီး
“ကိုကို”မော့ထည့်လိုက်ပြီကွာ ။

မောင်ချောနွယ်

Comment #1

လေးစားဦးညွှတ်လျှက်ပါဆရာ

commentinfo By: အသဲကွဲမိုး at Oct 11, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment