Professional Authors

လက်တစ်ဘက်တည်း ပညာရှိနေတဲ့ ညနေခင်း (မောင်ချောနွယ်)

အဲသလိုနဲ့ ညနေခင်းဟာ
မြို့ကြီးကို ဟမ်ဘာဂါမုန့်လို
တစ်ဝတစ်ပြဲ မှာစား။

အဲသလိုနဲ့ ညနေခင်းဟာ
မြို့ကြီးကို မီနီမတ်ကက်တွေမှာ
စိတ်တိုင်းကျ ဝယ်ခြမ်း။

အဲသလိုနဲ့ ညနေခင်းဟာ
မြို့ကြီးကို ဟိုတယ်ခေါ် သွား
ပြီးတော့
မြို့ကြီးကို ဝိုင်တွေဘာတွေတိုက်
ပြီးတော့
မြို့ကြီးကို ဘဲကင်တစ်ခြမ်းအဖြစ် မှာစား
ပြီးတော့
မြို့ကြီးကို မာဘိုရိုစီးကရက်လို
မာန်ပါပါခဲ။

အဲသလိုနဲ့ ညနေခင်းဟာ
နောက်ဖေးလမ်းကြားနဲ့တူတဲ့
သူ့အိမ်ရာဆီပြန်ဖို့
သူ့အန်ဖတ်ပုံကြီးကို
ကျွတ်ကျွတ်အိတ်ထဲထည့်ပြီး
မြို့ကြီးကို အငှားကားအဖြစ် ငှားစီးသွားပြီပေါ့။ ။

မောင်ချောနွယ်

Leave Comments

Name*

Email*
Website
Email me whenever there is new comment