Professional Authors

အမယ်အို (သို့) မေတ္တာရေစင်တစ်ခွက် (ကဗျာရှည်) – နရီထက်

လောကဓံခွာရစ်
ဆုံးပါးထွက်ခွာ
တမလွန်ကိုလား
ခင်ပွန်းသည်က အိပ်စက်ကာသွား

အမည်ခံယူ မုဆိုးမဂုဏ်ဖြင့်
သည်အမေက
သားသမီးခြောက်ယောက်ကြားမှာ
တွေ့ဆုံကြုံရ ဘ၀မာယာတွေရယ်
ပျော့ပျောင်းညွန့်ကွင်းသွားရလား
အမေ့အပြုံးတွေက
ပန်းခင်းလမ်းသစ်တွေအလား
ခင်းပေးခဲ့သာ…

ခွဲခွာခြင်းကို အံမတုနိုင်
ဆုံးရှုံးကို မပေးဆပ်နိုင်
တုပြိုင်က လောကကြီးကို
စိန်ခေါ်လိုက်သေးတယ်
အမေစကားက ခပ်တင်းတင်းလေးရယ်
ငါ ထီပေါက်ရင်လေး
ငါ့ သားသမီးတွေ ငါ့အနားမှာ
တစ်သက်လုံး နေရစေသာ…

တစ်ခါတစ်ခါလည်း ပြောပါသေးတယ်
ငါးမကြီးက ဥတွေ အများဥခဲ့တယ်
အကောင်ပေါက်လေးတွေ အများကြီး မွေးခဲ့သေးတယ်
အရွယ်ရောက်တော့
မရှိပြန် တစ်ကောင်တစ်လေး
ပြေးကြပြန် ဟို အဝေး…
တစ်ချက်တစ်ချက်လည်း အမေက
ခွဲခွာခြင်းကို နားလည်သလို့ဖြင့်
မပါးတစ်ပါးလေး အပြုံးဖြင့်
ဖျော့တော့တော့စကားလုံးတွေနှင့်
လက်ခံဟန်ပြ ဟန်ဆောင်ချည်သေး

အချိန်စက်ဝန်းလွှာကြား
ပြောင်းလဲဖြစ်ပြန်
တစ်နည်းကံကြမ္မာတွေက
အမေကို စိန်ခေါ်ကြပြန်ကြတယ်
ဟို အဝေးမှာ ဆုံးပါးခွဲခွာ
သားအကြီးဆုံးကို
လက်လွတ်မခံ အသိစိတ်တွေက
သက်ရှိထင်ရှား ရှိပြန်သေးတယ်လို့
သည်အမေက သိစိတ်တစ်ဝက်မှာ
ခံယူပြန်သေးတယ်လေး…

ပျောက်ခြင်းသတင်းမရ
စုံစမ်းခြင်းတွေ ရပ်မဆိုင်းလို့
ပျောက်ဆုံးသွားတဲ့ သားလတ်ကို
လာနိုးလာနိုး ခေါ်သံနိုးဖြင့်
အိမ်ပြတင်းပေါက်ဝမှာ
မနက်တစ်ခါ ညနေတစ်လှည့်
မျှော်လိုက်ပြန်သေးတယ်
ဘေးမသီ ရန်မခပါစေနဲ့ရယ်
အမေဆုတောင်းသံက
ငိုသံတွေ တစ်ဝက်ပါလိုက်ပြန်သေး…

တိုးတက်မှုကို လက်ခံယူချင်တော့
ကျန်သားသမီးသုံးယောက်ရယ်က
ရေမြေခြားကာ ရေကြည်မြက်နု
နယ်မြေသစ်ဆီသို့
နှုတ်ဆက်ကာ ထွက်ခွာသွားကြပြန်တယ်
အမေရင်ထဲက ဖွဲမီးဖွားလေးတွေက
ရာသီအမျှ လောက်မြိုက်စဲပါ

လေလှိုင်းကြားက အသံ
အမေရင်ကို အေးမြစေသား
အဝေးရောက်သားသမီးတွေ
ဖုန်းဆက်ရင်ဖြင့်
အမေပျော်သာ
ဖုန်းမလာရင်ဖြင့်
ငါ့သားသမီးတွေ နေကောင်းရဲ့လား
အမေ့ရဲ့မကြားတကြားမျှော်လင့်သံက
ကောင်းကင်ယံထက် လွင့်ပါးစေသာ…

လောကဓံရဲ့စေ ကံကြမ္မာရဲ့ကြေ
အမေရဲ့ အသက်လုပွဲမှာ
သံယောဇဉ်တံတား
နှင်းဖြာမျက်ရည်
မျှော်လင့်ကြယ်စင်
အပြုံးကောင်းကင်အောက်မှာ
အမေကိုယ်တွင်း လျှပ်စီးလျှပ်ပြက်က
ပတ်ဝင်ကာ သံယောဇဉ်တွေကို
အပြတ်ဖြတ်ခိုင်းကြတယ်လေး
သိစိတ်တွေက တစ်ပိုင်းတစ်ပိုင်းနှင့်
အမေကို အပြတ်အနိုင်ပိုင်ကြတယ်လေး

နောက်ဆုံး ရေသောက်ပွဲမှာ
အမေက ပြောလိုက်သေးတယ်
ဒါက သားကြီး တိုက်တဲ့ရေ
ဒါက သားလတ် တိုက်တဲ့ရေ
ဒါက သမီးအကြီး တိုက်တဲ့ရေ
ဒါက သမီးငယ် တိုက်တဲ့ရေ
ဒါက သားထွေး တိုက်တဲ့ရေ
နာမည်စုံရွတ်လို့
အမေက ရေတစ်ခွက်ကို
အ၀သောက်သွားတယ်
နောက်ဆုံးခရီးက
အမေမှတ်ယူသွားတဲ့
မေတ္တာရေစင်တစ်ခွက်ရယ်လား… ။   ။

နရီထက်
(၂၈ ၊ ဖေဖော်ဝါရီလ ၊ ၂၀၁၀ )

In: ကဗျာ Posted By: Date: Feb 28, 2011
Comment #1

အရမ်းကောင်းတယ် ကိုနရီထက်၊ ကြိုက်တယ်ဗျာ။။ အသိအမှတ်ပြုချင်လို့ ရေးလိုက်တာ……. အမှန်တော့ ကောင်းတယ်ဆိုတာက လွဲလို့ ပြောစရာမရှိဘူးဗျ။။။။။။

Comment #2

အို . . ဗျာာာာာာ
ဖတ်ရင်းနဲ့ ကျက်သီးတောင် ထတယ် . . .
တကယ်ပြောတာ . . . ။

commentinfo By: nanpyisoke at Feb 28, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment