Professional Authors

အတိတ်သည်တစ်ခါတုန်းကဖြစ်၏ – အပိုင်း(၁)

ကျွန်တော်ဒီနေ့ ဂဏာမငြိမ်ဖြစ်နေသည် ။ ကျွန်တော် တစ်ယောက်တည်းတော့ မဟုတ် ။ စာသင်ခန်းတစ်ခုလုံး ဖောက်နေသည်သာ ။ ဘေးခုံမှ မိန်းကလေးတစ်ယောက်မှာ ဘာတွေစိတ်ကူးယဉ်ကောင်းနေလဲမသိ ။ ကျောက်သင်ပုန်းကြီးကို ခပ်တည်တည်ကြီးကြည့်၍ မိန်မိန်ကြီးပြုံးပြနေသည် ။ သူမ၏အပြုံးကို အဓိပ္ပာယ်ဖွင့်ရပါလျှင် ဦးထုပ်မပါသည့် ဆိုင်ကယ်သမားတစ်ယောက်ကို နှုတ်ဆက်လိုက်သည့် မော်တော်ပီကယ်တစ်ဦး၏ အပြုံးမျိုး ။ သူမဘေးမှတစ်ယောက်မှာမူ ပုတ်သင်ညိုဝင်ပူးနေလားမသိ ။ စာအုပ်ကို ဇောက်ထိုးကိုင်၍ ဆရာပြောသမျှ ခေါင်းညိတ်ပြနေသည် ။ ဘယ်သူ့ကြည့်ကြည့် တစ်ခုမဟုတ်တစ်ခုတော့ သေသေချာချာကြီးလှုပ်နေသည်သာလျှင် ။ ဒီလိုမဖြစ်ရိုးရှိမလား ယနေ့သည် ကျောင်းသွားရမယ့်နေ့ ။ ဘော်ဒါထဲတွင် လချီအောင် အောင်းပြီးခါမှ တစ်ရက်တစ်လေလေး ကျောင်းသွားရသော နေ့ ။ ကျောင်းဖွင့်တာ နှစ်လရှိပြီဖြစ်သော်လည်း ပထမဆုံးကျောင်းတက်ရသောနေ့ ။ ဤကဲ့သို့သော ရက်မြတ်ရက်ကောင်းမှာ အလိုက်မသိပဲ စာဆက်သင်နေသော ဆရာကိုပဲ အပြစ်ပြောရမလား ။ ကျောင်းတက်ရန်မလိုဟု နာမည်ကြီးပြီး တစ်နှစ်လျှင် ကျောင်းအုပ်သုံးယောက်အထုတ်ခံရသော ၊ ကျောင်းအုပ်သစ်တက်တိုင်း waka waka ကရသော ကျွန်တော်တို့ကျောင်းကိုပဲ အပြစ်တင်ရမလား ။ နှစ်လကြာမှ လာလေသော စစ်ဆေးရေးကိုပဲ ကလော်တုတ်ရမလား မသိ ။ သို့သော် မည်သည့်အမှန်တရားမဆို ခြွင်းချက်တော့ရှိစမြဲဆိုသည့်အတိုင်း ကျွန်တော်တို့ ဘော်ဒါ၏ ဂုဏ်ဆောင်မိန်းကလေးတစ်ယောက်ကတော့ ထုံးစံအတိုင်း တည်တည်ငြိမ်ငြိမ်ပင် ။ သူ့နာမည်က အေးစု ။ သူငယ်ချင်းအားလုံးက ချစ်စနိုးနှင့် ဥဆေး ဟုတ်ခေါ်ကြ၏ ။ သူ၏ ထူးခြားချက်မှာ တစ်နေကုန်တစ်နေကန်း ငိုက်နိုင်ခြင်းပင် ။ ဆရာက ရှေ့မှ တုတ်နှင့်ကြည့်နေသည့်တိုင် မျက်လုံးလေးမှေးကျသွားတာ သူ့ရဲ့ပင်ကိုဗီဇ ။ ယခုလည်း စာအုပ်ပေါ်ခေါင်းတင်၍ သရေလေးတွေတသွင်သွင်စီးကာ လှလှပပ အိပ်ပျော်နေ၏ ။ အတွေးကြောရှည်နေစဉ် ဆရာ၏ မင်္ဂလာပါ ဆိုသောအသံကိုကြားလိုက်ရ၍ တစ်တန်းလုံးမတ်တတ်ထလိုက်ကြသည် ။ စာတစ်လုံးမှ မကြားလျှင်သာမကြားမည် ။ မင်္ဂလာပါ ဟူသော နှုတ်ဆက်စကားလုံးကို အလွတ်မခံပဲ ကြားသည်မှာ ကျွန်တော်တို့သူငယ်ချင်းတွေရဲ့ professional skill ။ ဆရာပင်ခုံမှ တစ်လက်မ မခွာရသေး ။ စာသင်ခန်းထဲ၌ ကျောင်းသား ကျောင်းသူ ခွေး ကြောင် ဖွတ် ပဒတ် တီ တောက်တဲ့ ဖြုတ် အင်းဆက် တစ်ကောင်မှမကျန်တော့ ။ မိန်းကလေးများတော့ မိန်းကလေးအဆောင်ဘက်ရောက်သွားပြီ ဖြစ်သဖြင့် ဘာတွေလုပ်နေကြမှန်းမသိ ။ သွားကြည့်ချင်ပေမယ့် အဆောင်စည်းကမ်းကရှိနေတော့ စိတ်နဲ့သာ လှမ်းလှမ်းကြည့်မိသည် ။ ပြေးကြည့်တာထက် တွေးကြည့်တာက ပိုမှန်နေတတ်သည် မဟုတ်ပါလော ။ တွေးကြည့်တာက အကာအဆီး ဘယ်လောက်များများ ဖောက်မြင်နိုင် အဲလေ တော်ပြီ တော်ပြီ ဆက်မပြောတော့ဘူး အဲ့အကြောင်း ထားတော့ ။ ယောက်ျားလေးများကတော့ တက်ညီလက်ညီ အလှပြင်နေကြသည် ။ ယောက်ျားလေးအလှပြင်သည်ဟု ဆို၍ ဘယ်လိုကြီးပါလိမ့်ဟု မမေးလေနှင့် လူစုံတက်စုံ အမှန်အကန်အလှပြင်နေကြသည်သာ ။ အဆောင်စည်းကမ်းက မှန်မယူခိုင်း ။ ဒါပေမယ့် သကောင့်သားတွေက ဒါမျိုးကျ ဦးနှောက်ပြေးသည် ။ ပြတင်းပေါက်မှန်တွေကို အတွင်းမှ ပုဆိုးတွေနဲ့ကာပြီး အပြင်မှ ကြည့်ကြသည် ။ ကိုယ့်ပုံကို ပြန်မြင်ရသည်ပင် ။ ကျွန်တော်စိတ်ထဲမှချီးကျူးပေးလိုက်သည် မင်းတို့မဆိုးဘူး (ငါတော်တယ်) ။ ထိုပြတင်းမှန်များကို အပြင်မှကြည့်ရင်းမှ မိန်းကလေးဆောင်က ငှားလာသော မျက်နှာလိမ်းခရင်(မ်) ဘူးတစ်ဘူးကို ကျွန်တော်တို့တစ်ဆောင်လုံးဝိုင်းလိမ်းကြသည် ။ ကျွန်တော်ကိုယ့်ရုပ်ကိုပြန်ကြည့်လိုက်သည် ။ မျက်နှာမှာထုံးသုပ်ထားသည့်အတိုင်းဖြူဖွေးနေသည် ။ ဒါ Twilight ထဲမင်းသားပုံ ။ ကိုယ့်ကိုကို အမှတ်ပြည့်ပေးလိုက်သည် ။ ထို့နောက်ဘေးကကောင်တွေကို လှည့်ကြည့်လိုက်သည် ။ သူတို့အကုန်လုံး ကိုယ်လိုသူလို အဖြူတွေပင် ။ သူတို့အတွက်လည်း အမှတ်ပေးလိုက်သည် ။ Twilightထဲကမင်းသားဖြစ်လောက်အောင် ပါမဖြောင့် အဲ့ကောင်တွေက တရုတ်ဖုတ်သရဲကားထဲက ဖုတ်ရုပ် ။ ဖုတ်ကမှ တစ်ကိုယ်လုံးဖြူ၍အဲ့ကောင်တွေထက်လှဦးမည် ။ အဲကောင်တွေက မျက်နှာလေးသာကွက်ဖြူနေတာ ။ ကောက်ချက်ချလိုက်သည် ။ မျိုးမစစ်တဲ့ဖုတ် ။ အဲ့နောက် ရေဆေးစရာပင်မလိုတော့သော မျက်နှာလိမ်းခရင် (မ်) ဘူးခွံကို ပိုင်ရှင်ထံပြန်ပေးလိုက်သည် ။ ပစ္စည်းလေးဘာလေးထည့်ရန် ။ မျက်နှာတွေကတော့ အဆင်ပြေသွားပြီ ။ ဆံပင်ဘယ်လိုပြင်ရမည်မသိ ။ ဂျယ်(လ်)ဘူးကမရှိ ။
“ဟိတ်ကောင်တွေ အမြန်လာကြ”
အိမ်သာလမ်းကြားမှနေ၍ ညှော်ကြီးက လက်ယက်ခေါ်လိုက်သည် ။ ညှော်ကြီးဆိုသည်မှာလည်း နာမည်အရင်းမဟုတ် တစ်ဆောင်လုံးတွင် အညှော်ဆုံးဖြစ်၍ ညှော်တကာ့ထွဋ်ခေါင်တင်ဘွဲ့ ညှော်ကြီးဟု အမည်ပေးထားခြင်းဖြစ်သည် ။ အခုလည်း ဘာထဖောက်သည်မသိ ။ ရှုးတိုးတိုးဟုပြ၍ အသာလေးရှေ့မှဦးဆောင်သွားလေသည် ။
ဟောတွေ့ပြီ ။ ဟိုမှာ သကောင့်သားတစ်ကောင် ကော်ဂျယ်(လ်)ကို အိမ်သာရေဆွတ်၍ ပက်ပက်စက်စက် ခေါင်းကိုပွတ်ပြီး အမွှေးတစ်ပင်ချင်းဆွဲဖြောင့်နေသည် ။ သူ့ခမျာ ဒီလိုမှမလုပ်ရင် ပါလာတဲ့ဂျယ်(လ်)ဘူးလေး တစ်ဆောင်လုံး ၀ိုင်းပြီး အမဲဖျက်ခံရမှာကို ကြောက်ရသေးသည်မို့ ။ ဒါတောင်မှ ယခုမိပြီ မဟုတ်လော ။ သကောင့်သားနှင့်တကွ ဂျယ်(လ်)ဘူးကို ပြတင်းမှန်လေးရှေ့ပင့်၍ တစ်ဆောင်လုံး ၀ိုင်းလိမ်းကြလေတော့သည် ။
ခုမှပဲအဆင်ပြေသွားသည် ။ ဂျယ်(လ်)ဘူးလေးက မကုန်သေး ။ ထိုသို့ ဆံပင်တစ်မွှေးစာ ကျန်နေသေးသည်ကို အပျော်လွန်၍ ပိုင်ရှင်ခမျာ မျက်ရည်လေးလည်၍ ၀မ်းသာနေသည် ။ ၀မ်းသာရုံသာမဟုတ် ပါးစပ်ကပင်ပြောလိုက်သေးသည်
“သက်ညှာပေးလို့ ကျေးဇူးပါ” တဲ့ ။ ထို့နောက် ဗူးလေးကို ခုတင်အောက်သို့ထိုးထည့်လိုက်သည် ။ အော်ဒီကောင်က ဒီလိုဝှက်ထားလို့ အဆောင်မှူးလက်ကလွတ်နေတာကို ။ ၎င်း ကိုဥာဏ်ကောင်းကို ချီးကျူးလိုက်မိသည် ။ မင်းမဆိုးဘူး (ငါတော်တယ်) ။ အားလုံးပြင်ကြဆင်ကြပြီးသောအခါ တစ်ယောက်ကို တစ်ယောက်ကြည့်လိုက်မိကြသည် ။ ကြက်မောက်ပါသောဖုတ် ။ နွားချိုပါသောဖုတ် ။ ကုတ်မွှေးချွန်နေသောဖုတ် ။ လူမဆန်သောဆံပင်ပုံပေါင်းစုံနှင့် မျက်နှာကွက်ဖြူနေသော မျိုးမစစ်ပေါင်းများစွာ ပြတင်းပေါက်များရှေ့တွင်တန်းစီနေကြသည် ။ ယခုမှ နောက်လှည့်ကြည့်မိ၏ ။ နောက်ကျောမှာက အုတ်တံတိုင်း ။ အုတ်တံတိုင်းတစ်ဖက်က လမ်းကြီး ။ လမ်းပေါ်က လမ်းသွားလမ်းလာတွေက ကျွန်တော်တို့ အားလုံးကို ၀ိုင်းကြည့်နေကြသည်သာ ။ ဒီနေ့ပြဿဒါးပါလား ။
မကြာခင် ကျောင်းသို့သွားရန် Light Truck လေးနှစ်စင်းရောက်လာသည် ။ ကျွန်တော်၏ ဘော်ဘော် သယ်ချင်း ရောင်းရင်း ခွက်လုဖော် ခွက်လုဖက် ထသတ်ဖော် ထသတ်ဖက် ခိုးအိပ်ဖော် ခိုးအိပ်ဖက် ခိုးစားဖော် ခိုးစားဖက် သူငယ်ချင်းများအားလုံး တက်ကြွသောကြက်ဖများအလား Light Truck လေးနှစ်စင်းဆီသို့…… ။ ။

ချိုဦးဝေ (နန်းဦး)
6.11.13

In: ဝတ္ထု Posted By: Date: Nov 6, 2013
Comment #1

အားပေးပါတယ်။

commentinfo By: moesutnay at Nov 7, 2013

Leave Comments

Name*

Email*
Website
Email me whenever there is new comment