Professional Authors

ပေါ့ပါးစွာကြွေလွင့်သောညနေကြယ်

    ဆေးပုလင်းထဲရှိ ဆေးရည်များကို အပ်ဖြင့် ပုလင်းထဲမှ စုပ်ထုတ်သည်။ ဆေးထိုးအပ်ကို ဆရာဝန်ကိုလှထွန်း လေထဲတွင် ထောင်ကြည့်သည်။ ဆေးထိုးအပ်ထိပ်ဖျားမှ ခိုနေသောလေများထွက်သွားအောင် ဆေးထိုးအပ်ကို ဖြည်းဖြည်းချင်းတွန်း၏။ လေနှင့်အတူ ဆေးရည်များ အပ်ထိပ်မှ ပန်းထွက်သွားသည်။ ဆေးထိုးရန် အသင့်ဖြစ်လေပြီ။

    ဤဆေးခန်းတွင် ကိုလှထွန်း ထိုင်လာသည်မှာ ဆယ်စုနှစ်တစ်ခုမျှပင် ကြာနေပြီ။ ထိုအချိန်ကာလကြောင့် ရပ်ကွက်ထဲတွင် ကိုလှထွန်းနှင့် မသိသူမှာလည်း ရှားလှသည်။ သာရေးအစ နာရေးအဆုံး ကိုလှထွန်းပင် လူကြီးလုပ်ကာ ဆောင်ရွက်ပေးရသည်။ ကိုလှထွန်းဆေးခန်းမှာ မနက်(၈)နာရီကျော်မှစဖွင့်၍ ညနေ(၇)နာရီကျော်မှ ပိတ်ရသည်။ လူနာများ၍တော့မဟုတ်။ လူနာနှင့်စကားကောင်းတတ်၍ ဆေးခန်းပိတ်ချိန် နောက်ကျသည်။

    “အင်း… ဆရာရေ့… ဆရာ့တူ အောင်လေးကတော့ ဆယ်တန်းအောင်တာ ဒီလေးလုံးပါတယ်တဲ့… ဟင်းဟင်း”

    မမြမေက ၀မ်းသာအယ်လဲပြောသည်။ ကိုလှထွန်းလည်း ၀မ်းသာသွားသည်။

    “မမြမေ… သည်ကောင်ဘာတက်မယ် စိတ်ကူးလဲ”

    “အို ဆရာရယ်… ရွေးပေးရမှာ မိဘတွေအလုပ်ပါ… ကျွန်မကတော့ ဆေးကျောင်းပဲ တက်စေချင်တယ် ဆရာရယ်… ဒါမှ အမျိုးထဲ ဆရာဝန်လေး တစ်ယောက်ရမှာ…”

    မမြမေ လေထဲတိုက်အိမ်ဆောက်နေသည်လား မပြောတတ်။ လူပုံမှာတော့ ရွှင်မြူးနေသည်။ သို့သော် ကိုလှထွန်းမှာ မကျေနပ်ချေ။ သားသမီးကို စိတ်တိုင်းကျ ပုံသွင်းခွင့်သည် ငယ်ဘ၀၌သာရမည်။ သားသမီး၏ အသက်မွေးဝမ်းကျောင်းကို သားသမီးကိုယ်တိုင် ရွေးချယ်ခွင့်ရှိရမည်။ သို့ရာတွင် ကိုလှထွန်း မမြမေကို မည်သို့မျှ မတုန့်ပြန်ခဲ့။

 

x x x x x

 

    “ဟေ့… အောင်လေး၊ ကျောင်းတက်ရတာ ဘယ်လိုလဲကွ”

    “ဆရာ့ကို ပြောရတာ အားနာပါရဲ့ ဆရာရယ်… စိတ်မပါဘူးဆရာ၊ သင်လိုက်တဲ့ စာတွေလည်း ကျောတောင်ညောင်းယူတယ်။ အစကတည်းက စိတ်မပါတော့ ပိုဆိုးပြီပေါ့”

    “ဟကောင်ရ… စိတ်မပါတာများ အစကတည်းက တက်နေသေးသကွာ၊ စိတ်မပါရင် တက်လမ်းနှေးတတ်တယ်ကွ”

    “အမေတို့ပေါ့ ဆရာရယ်”

    ကိုလှထွန်း စိတ်မောသွားသည်။ ကိုလှထွန်း အစကတည်းက တွေးထင်ပြီးသား ကိစ္စလည်းဖြစ်သည်။ သည်ပုံအတိုင်းဆိုလျှင် အောင်လေး ခက်ရချည့်၊ ဟိုမရောက် သည်မရော် မျောက်သစ်ကိုင်း လွတ်တော့မည်။ ကိုလှထွန်း မမြမေအိမ်သို့ တစ်ရက်သွားရန် အစီအစဉ် ဆွဲမိနေသည်။

 

x x x x x

 

    “လာ ဆရာ… လာ… ဆရာ့ကိုမျှော်နေတာ”

    “ကျွန်တော်က ခင်ဗျားကို လာရှာတာ မမြမေရဲ့… ခင်ဗျားသား…”

    “သားကိစ္စပဲ ပြောမလို့ဆရာရေ့… first year ပဲ ရှိသေးတယ်။ ပထမအစမ်းဖြေတော့ (၇)ဘာသာရှိတာ (၅)ဘာသာ ကျတယ်လေ ဆရာရယ်။ အဲ့တာ ကျူရှင်လေး ဘာလေးထားရင် ကောင်းမလားလို့ ဆရာနဲ့တိုင်ပင်ချင်လို့…”

    “အဲဒါကတော့ဗျာ… ကလေးလည်း မေးပါဦး။ တကယ်မလိုက်နိုင်လို့ ကျတာလား၊ စိတ်ဝင်စားမှုအားနည်းလို့ ကျတာလား ဆိုတာကို…”

    “အို ဆရာရယ်… အဲ့ကောင်က ငပျင်း… တစ်နေ့တစ်နေ့ စာကျက်တယ်ကို မရှိဘူး။ မဖြစ်ဘူးဆရာ။ ကျွန်မတော့ သူ့ကို ကျူရှင်ထားရတော့မယ်။ ဂိုက်ခေါ်မယ်… ဆယ်တန်းတုန်းကလိုပဲ အပီ မောင်းရတော့မယ်”

    ကိုလှထွန်း သက်ပြင်းချမိသည်။ အစကတည်းက စိတ်မပါသော ကလေးအတွက် မွန်းကျပ်သောနေ့များ ထပ်မံရောက်ရှိလာတော့မည်။ ကိုလှထွန်း ကလေးကိုလည်း သနားသည်။ မိဘကိုလည်း သနားမိတော့သည်။ ကိုလှထွန်း ပြောမည့်စကားများကို မမြမေ မမြင်စေရန် ၀ှက်ကွယ်လိုက်တော့သည်။

 

x x x x x

 

    ကိုလှထွန်း ဆေးခန်းပိတ်ရန် ပြင်ဆင်နေသည်။ ထိုအခိုက် မမြမေ ရောက်လာသည်။ အောင်လေးလည်း ပါသည်။ မမြမေ မျက်နှာက မို့အစ်နီရဲနေသည်။

    “မမြမေတို့… ဆို ဘာကိစ္စ… အောင်လေး နေမကောင်းလို့လား”

    “နေမကောင်းရင်တောင် ဆေးမကုပေးဘူး ဆရာရေ။ ဒီခွေးကောင် မိဘကို အရှက်ခွဲတဲ့ကောင်… ဟဲ့ သေနာကျလေး… နင်ဟာ မိဘမျက်ရည်ကျအောင် လုပ်တဲ့အတွက် နင်တစ်သက်လုံးမကြီးပွားဘူးဟဲ့… မှတ်ထား”

    “မမြမေ… ကလေးကို အဲ့ဒီလို မပြောကောင်းဘူးလေ… ကိုင်း… ခုဘာဖြစ်လာတာတုန်း”

    “ဒီသေနာကောင် စာမေးပွဲကျတယ်လေဆရာရဲ့… အမေမှာတော့ ငါ့သားလေး ဆရာဝန်လောင်းလေးဆိုပြီး မျှော်မှန်းလိုက်ရတာ… ဒီဆေးကျောင်းလေး တစ်နှစ်တစ်တန်း အောင်ရင် ကျေနပ်ပါပြီဟဲ့လို့ ပြောထားရက်သားနဲ့ သူလုပ်ရက်တယ် ဆရာရယ်”

    မမြမေမှာ ပြောလည်းပြော၊ ငိုလည်းငိုသည်။ မိဘက သားသမီးအပေါ် ထားသည့်မျှော်လင့်ချက်များ ကြေမွသွားသောအခါ မိဘရင်ထဲမှ သောကဗျာပါဒမီးသည် အလျှံညီးညီး တောက်လောင်လေသည်။ မမြမေမှာလည်း သားအတွက် ဖြေမဆည်နိုင် ဖြစ်ရသည်။ ကိုလှထွန်းလည်း မမြမေကို ဖျောင်းဖျပြောဆိုရုံမှလွဲ၍ ပြောစရာ စကားမရှိပေ။

 

x x x x x

 

    ကိုလှထွန်း ရပ်ကွက်ကလေးကို ခွဲခွာသွားရသည်မှာ ခုဆိုလျှင် ငါးနှစ်ရှိပြီ။ အစိုးရအလုပ်ကို ပြောင်းလုပ်လိုက်သည်နှင့်တစ်ပြိုင်နက် ထားရာနေ စေရာသွားရတော့သည်။ ကိုလှထွန်း အစိုးရအလုပ်မှ ပြန်ထွက်သောအခါ ရပ်ကွက်ကလေးကို ပြန်သတိရမိသည်။ ငါးနှစ်အတွင်း ပထမဆုံးအကြိမ်အဖြစ် ရပ်ကွက်ကလေးသို့ ပြန်ရောက်ခဲ့သည်။

    “ဟင်… ဆရာဝန်ကလေး… ဆရာဝန်ကလေး မဟုတ်လား”

    အမေကြီး ဒေါ်မှင်သည် ရပ်ကွက်အတွင်းသို့ ကိုလှထွန်း စတင်ခြေလှမ်းကတည်းက တွေ့မြင်သူဖြစ်သည်။ မျက်လုံးမကောင်းသဖြင့် မျက်မှောင်ကြုတ်သည်။ လက်ကို မျက်လုံးပေါ်မှ ကာမိုးသည်။

    “ဟုတ်ပါတယ် အမေကြီး၊ အမေကြီး ကျန်းမာရဲ့လား”

    “ကျန်းမာပါတယ် သားရယ်၊ သားထွက်သွားပြီး နောက် ဆရာဝန်တစ်ယောက် ထပ် ရောက်လာတယ်လေ၊ သူလည်း သဘောကောင်းပေမယ့် သားရယ်… ဆယ်နှစ်ကျော် ခင်မင်လာတဲ့ သံယောဇဉ်ကြောင့် သားကို လွမ်းကြတယ်လေ”

    ဒေါ်မှင်သည် လွမ်းမျက်ရည်ကျသည်။ ကိုလှထွန်းမှာ မျက်ရည်လည်သည်။ အမေကြီးကို ဖေးမရင်း ယခင်က ဆေးခန်းလေးရှိရာကို ပြန်လျှောက်လာသည်။ ကိုလှထွန်းလက်ထဲတွင် သက်ရှိပစ္စည်း၊ သက်မဲ့ပစ္စည်း ဘာမျှမပါ။ လွမ်းဆွေးမှုများသာ တစ်ပွေ့တစ်ပိုက် သယ်လာသည်။

    “ဒေါက်တာလှထွန်းပါလား… လာဗျာ… ဘယ်က ဘယ်လိုလှည့်လာတာတုန်း”

    နောက်အသစ်ရောက်လာသော ဒေါက်တာစောမောင်သည် ကိုလှထွန်းအား ဧည့်ခံသည်။ လုပ်ငန်းကိုင်ငန်းအခြေအနေများကို မေးမြန်းသည်။ အတန်ကြာစကားပြောပြီး ကိုလှထွန်း ရပ်ကွက်ကလေးဘက် ထွက်လာသည်။

 

x x x x x

 

ရပ်ကွက်ကလေးက ကိုလှထွန်းအား အရင်လိုပဲ ကြိုဆိုသည်။ အရင်လိုပဲ နွေးထွေးသည်။ ကိုလှထွန်း ခွဲခွာသွားသော်လည်း ရပ်ကွက်ကလေးက ချစ်ခင်ဆဲ ဖြစ်သည်။ လျှောက်ရင်းက မမြမေတို့ အိမ်နားရောက်လာသည်။ ကိုလှထွန်း အောင်လေးအား သတိရသည်။

    “ဗျို့ မမြမေရှိလားဗျို့…”

    အိမ်ထဲမှ အသားလတ်လတ် ခပ်ဖိုင့်ဖိုင့် အမျိုးသားတစ်ဦး ထွက်လာသည်။

    “ဘယ်သူနဲ့ တွေ့ချင်လို့ပါလဲခင်ဗျာ”

    “မမြမေနဲ့ပါ… သူရှိလား မသိဘူးခင်ဗျာ”

    “သြော်… ဒီအိမ်ပိုင်ရှင် မမြမေထင်ရဲ့၊ အင်း… ကျွန်တော်တို့ကို ရောင်းလိုက်တာပဲ ခင်ဗျာ”

    “ဒါဆို ဘယ်များ ပြောင်းသွားသလဲမသိဘူး”

    “မပြောတတ်ဘူးဗျ… ကျွန်တော်တို့လည်း အရောင်းအ၀ယ်ဖြစ်တဲ့ တစ်ခါလားပဲ မမြမေကို မြင်ဖူးလိုက်တယ်”

    ကိုလှထွန်း အိမ်ရှေ့မှ ထွက်လာသည်။ ကိုဖိုးခင်နှင့် ဆုံသည်။ သူသည် ရပ်ကွက်အကြောင်း နှံ့စပ်သည်။

    “ကိုဖိုးခင်… မမြမေတို့ ဘယ်ပြောင်းသွားလဲဗျ”

    “ပြောရရင်တော့ စိတ်မကောင်းစရာပဲ ဆရာဝန်လေးရေ… အောင်လေးက နောက်တစ်နှစ်တော့ စာမေးပွဲ ပြန်အောင်ပါရဲ့…. ဒါပေမယ့် ဆရာဝန်လေးရယ်… ဒုတိယနှစ်မှာ တက်နေတာ မပြီးတော့ဘူးလေ၊ သည်ကြားထဲ မြမေခမျာလည်း စီးပွားရေးက ကျသွားရှာတော့ သား ကျောင်းစရိတ်အတွက် ရောင်းရ ပေါင်ရတာ ကုန်ရောလား… အောင်လေးက နောက်ပိုင်း ပိုဆိုးလာတယ်။ အရက်သောက်တတ်လာတယ်။ ဖဲရိုက်တတ်လာတယ်။ ဆေးကျောင်းသားဆိုတာ ဓာတ်သိချင်းမို့သာ ယုံရတယ် ဆရာဝန်လေးရယ်… မြမေက ကျောင်းစရိတ်ကော၊ ဖဲစရိတ်၊ အရက်စရိတ် အကုန်ထောက်ပံ့ရတော့တာပေါ့”

    “မြမေ တော်ပါတယ် ဆရာဝန်လေးရယ်… သား သည်လောက်တောင် ဖြစ်နေတာတောင် သူ့အိပ်မက်ကို လက်မလျှော့ဘူး… ကျွန်မသားက တစ်ချက်ကြိုးစားလိုက်တာနဲ့ အောင်သွားမှာဆိုပြီး အားတင်းရှာတယ်”

    “နောက်ဆုံးတော့လည်း သားသမီးဆိုသမျှ မိဘအပေါ် ကျတော့တာပဲလား… မြမေမှာ အကြွေးတွေဖုံး လည်ပင်းနစ်တော့ အိမ်ကို ထိုးရောင်းရတော့တာပဲ။ အောင်လေးကလည်း ကျောင်းက ထွက်ရပြီလေ… မြမေ စိတ်လျှော့သွားတယ်ထင်ပါရဲ့။ အိမ်ရောင်းတုန်းကဆို တကယ့်အဖွားအိုကလေး ကျနေတာပဲ”

    “သည်လောက်ဖြစ်နေတာတောင် အောင်လေးက မသိတတ်ဘူးဗျာ၊ ဒီကလေး အရင်က လိမ္မာပါတယ်… ခုကျမှ ဘယ်လိုဖြစ်လေသလဲ မသိပါဘူး”

    “ဆရာဝန်ကလေး ထမင်းစားရအောင်တဲ့… ဒေါက်တာစောမောင် မှာလိုက်တယ်”

    “အေး… အေး… လာခဲ့မယ် ပြောလိုက်”

    ပြောလက်စ စကားတို့ ပြတ်တောက်သွားသည်။ သို့ရာတွင် ကိုဖိုးခင်က စကားမဆက်တော့။ ကိုလှထွန်း ထမင်းစားသွားရန် လိုက်ပို့ဖို့ပြင်သည်။ ကိုလှထွန်း ငြင်းသည်။

 

x x x x x

 

ကိုလှထွန်း လမ်းတစ်လျှောက်တွင် မမြမေတို့ သားအမိအကြောင်း စဉ်းစား၍ လာခဲ့သည်။ အောင်လေးအကြောင်း ကိုလှထွန်းလည်း သိသည်။ အောင်လေးက လူငယ်ပီပီ စိတ်ခံစားမှုအတိုင်း လိုက်သည်။ လိမ္မာသည်။ မမြမေကမူ သားသမီးများအပေါ် မျှော်လင့်ချက်ကြီးသည်။ အချစ်ကြီးသည်။

    “ဟဲ့သား… ထမင်းမစားဘူးလား”

    ရပ်ကွက်ထဲ၌ အသက်ရော ၀ါရော အကြီးဆုံးဖြစ်သော ဒေါ်တင်မြိုင်က ကိုလှထွန်းအား မေးလိုက်သည်။

    “ဟုတ်ကဲ့ အမေကြီး… ခုသွားစားမလို့”

    “င့ါသား မရောက်တာလည်း ကြာပြီကောကွယ်… အမေတို့မှာ ပေါ်လာမလားဆိုပြီး မျှော်လိုက်ရတာ၊ ခုလိုတွေ့ရတော့ ၀မ်းသာပါတယ်ဟယ်…”

    ကိုလှထွန်း ရင်ထဲ နွေးသွားသည်။ မိဘမေတ္တာကဲ့သို့ ခံစားလိုက်ရသည်။ ရပ်ကွက်ကလေးသည် သူ့အတွက် မိဘပင်ဖြစ်သည်။ အမှန်အားဖြင့် ကိုလှထွန်းသည် ရပ်ကွက်ကလေးကို ခြေစုံကန်ကာ ဘ၀တက်လမ်းအတွက် အစိုးရအလုပ် ၀င်လုပ်ခဲ့သည်။ သို့ရာတွင် ရပ်ကွက်ကလေးက မေတ္တာမပျက်။ သူ့ကို ချစ်ခင်မြဲ၊ ကြင်နာမြဲပင်။ မမြမေတို့ သားအမိကိုလည်း တွေးမိပြန်သေးသည်။ မမြမေကလည်း အောင်လေးအပေါ် ချစ်ခင်မြဲ၊ ကြင်နာမြဲ…။ ဤသို့ ဤနှယ် ပုံဝယ် တူပေတည်း…။

 

x x x x x

 

    ကိုလှထွန်း ဆေးခန်းရောက်တော့ ဒေါက်တာစောမောင်မှာ လူနာနှစ်ယောက်နှင့် အလုပ်ရှုပ်နေသည်။

    “ဆရာ… ခဏစောင့်ဗျာ၊ ကျွန်တော် ဒီလူနာနှစ်ယောက်ကို အရင်ကြည့်ပေးလိုက်ဦးမယ်”

    “ကျွန်တော် ကူကြည့်ပေးမယ်လေဗျာ”

    “ကျေးဇူးဗျာ”

    ကိုလှထွန်း လူနာတစ်ဦးအား စစ်ဆေး၍ ဆေးထိုးရန် ပြင်ဆင်လေသည်။ ဆေးရည်ကို အပ်ဖြင့် ပုလင်းထဲမှ စုပ်ထုတ်သည်။ ဆေးထိုးအပ်ကို လေထဲ၌ ထောင်ကြည့်သည်။ ဆေးထိုးအပ်ထိပ်ဖျားမှ ခိုနေသောလေများ ထွက်သွားအောင် ဆေးထိုးအပ်ကို ဖြည်းဖြည်းချင်း တွန်း၏။ လေနှင့်အတူ ဆေးရည်များ အပ်ထိပ်မှ ပန်းထွက်သွားသည်။

    မိမိတို့တက်ရောက်ခဲ့သော ဆေးတက္ကသိုလ်အကြောင်း ကိုလှထွန်း စဉ်းစားမိသည်။ လေသည် ရေထက် ပေါ့သည်။ ဖယ်ထုတ်ရ လွယ်သည်။ လေများ လူနာအကြောထဲရောက်လျှင် ဒုက္ခများနိုင်သည်။ ဤနည်းနှင့် ဆေးတက္ကသိုလ်သည် လူပေါ့များအတွက် နေရာမရှိ။ လူသားများ၏ဘောင်တွင် ဆရာဝန် ခပ်ညံ့ညံ့ ခပ်ပေါ့ပေါ့များ မရောက်ရှိရေးအတွက် ထိုလူပေါ့များကို ဖယ်ထုတ်ရသည်။

    အောင်လေးကကော လူပေါ့ပဲလား။ သို့တည်းမဟုတ် ပေါ့သွားခြင်းပဲလား။

    ကိုလှထွန်း ဆက်မတွေးတော့။ ဆေးထိုးရန် အသင့်ဖြစ်နေသောအပ်ဖြင့် လူနာကိုသာ ထိုးစိုက်လိုက်ပေတော့သည်။

 

ရွှေနဒီ

ဆေးတက္ကသိုလ်(၂) ရန်ကုန်၊ နှစ်(၅၀)ပြည့် ရွှေရတု မဂ္ဂဇင်း

 

ဝတ္ထုနောက်မှာ ပြောစရာ….

 

    တကယ်တမ်းတော့ ကိုယ့်စာမူလေး ဒီလို ပုံနှိပ်စာလုံးနဲ့ထွက်လာတော့ တော်တော်လေး ၀မ်းသာမိသား။ ပြီးတော့ ကိုယ့်ကျောင်းရဲ့ နှစ်(၅၀) ရွှေရတုအမှတ်တရ မဂ္ဂဇင်းမှာပါတဲ့အတွက်လည်း ပိုဝမ်းသာမိတယ်။ ဒီစာမူလေးကို မနက်ဖြန်လို တင်ပေးရမယ်ဆိုရင် ဒီညမှ အပြီးရေးခဲ့ရတာလေ။ မပြီးလို့ မနက်ကျမှ ဥာဏ်ကျယ်စေ (နိုင်ကောင်းဥာဏ်) တို့အိမ်မှာ လက်စသတ်။ အဲ့အထိလည်း မပြီးသေး။ နေ့လည်တောင်ကျော်လာတယ်။ ဒီအခါမှာ ဥာဏ်ကျယ်စေရဲ့မိခင်က ကျွန်တော်တို့ (ကျွန်တော်၊ သိင်္ဂါရဝေ၊ ဥာဏ်ကျယ်စေ)ကို နေ့လည်စာ ကျွေးရရော။ အဲ့အတွက်လည်း အထူး ကျေးဇူးပါ။ ဥာဏ်ကျယ်စေရဲ့အဖေကလည်း မအားတဲ့ကြားက ကျွန်တော်တို့ကို အများကြီးအကူအညီ ပေးခဲ့ပါတယ်။ ဒီအတွက်လည်း ကျေးဇူးတင်ပါတယ်လို့ ဒီ notes လေးကတစ်ဆင့် ပြောပါရစေ။

    ဒီစာမူရဲ့ ဇာတ်လမ်းလေးအတွက် ဘယ်လိုမှ စဉ်းစားလို့မရတဲ့အဆုံး ဆေးကျောင်းသားတော်တော်များများ ပြောလေ့ရှိတဲ့ဇာတ်လမ်းလေးပဲ သုံးမိတယ်။ စာလုံးအကျအပေါက်လေး နည်းနည်းများပေမယ့် ဖတ်ရတော့ အဆင်ပြေသား။ တစ်ချို့နေရာလေးတွေမှာ အချိတ်အဆက်လေး လွဲနေတာကို စာမူတင်ပြီးမှ ဖတ်မိတာမို့ အမှားပါရင် ခွင့်လွှတ်ကြပါ။ တစ်ခုလေးပဲ။ အဆုံးနားလေးမှာ ဤနည်းနှင် လို့ သုံးထားတာကို အယ်ဒီတာအဖွဲ့ ပြင်လေးသလား၊ စာရိုက်အဖွဲ့မှားသွားသလား မသိ… ဤနည်းနှင့် လို့ ရိုက်ထားတဲ့အတွက် ဘ၀င်မကျ…။ နောက်ပြီးတော့ ကိုယ့်လိုအပ်ချက်တွေလည်း သိပ်များသွားတယ်။ ဒါပေမယ့်လည်း ကိုယ့်စာမူလေး မဂ္ဂဇင်းထဲပါလာတဲ့ ၀မ်းသာမှုမျိုးကိုတော့ မဂ္ဂဇင်းမှာ ပါဖူးသူတိုင်း သိမှာပါလေ…။

 

🙂 🙂 🙂 🙂 🙂

In: ဝတ္ထု Posted By: Date: Apr 3, 2013
Comment #1

:'(

commentinfo By: ei lay at Apr 4, 2013

Leave Comments

Name*

Email*
Website
Email me whenever there is new comment