Professional Authors

ရနံ့မပြယ် မွှေးပျံ့ဆဲပါ ပန်းခရေ !

“ ပန်းဆိုးတန်း မှတ်တိုင်ပါလား ….. ”

“ ပန်းဆိုးတန်း ဆင်းမယ့် ခရီးသည်များ ပန်းဆိုးတန်း မှတ် တိုင်ရောက်ပါပီခင်ဗျာ.”.

“ ဗိုလ်ကလေးဈေး၊ ၄၆ – လမ်း၊ လမ်း ၅၀၊ ဗိုလ်တထောင် ဘုရား”

 ဗိုလ်တထောင်ဘုရားမှာ ဂိတ်ဆုံးမယ်နော် ”

” ဆင်းမယ့်ခရီးသည်များကလည်း ဆင်းမယ့်မှတ်တိုင် ကို ရောက်ပါပြီခင်ဗျာ … “

ငိုက်မြည်းရင်းလိုက်လာမိတဲ့ မေသူ ကားစပယ်အသံစူးစူးကြောင့် အတွေးနဲ့ကိုယ်နဲ့ ပြန်ကပ်ပြီး မှတ်တိုင်မှာဆင်းရန်အတွက် နေရာမှ ထလာပြီး အတက်၊ အဆင်းအပေါက်နားမှာ သူများနည်းတူ မတ်တပ်ရပ်စောင့်ရင်းနဲ့ ကားအရပ်ကို စောင့်နေမိတယ် ။ မှတ်တိုင်မှာဆင်းပြီး ချိန်းထားတဲ့ MoonBrakey ဆိုင်လေးကို လိုက်ရှာနေမိရဲ့  ..

“ ဟော .. ဟိုမှာ တွေ့ပြီ …”

Moon Brakey ဆိုင်လေးက ပန်းဆိုးတမ်းမှတ်တိုင် (ဆူးလေဘက်ကလာတဲ့အခါ) အခြမ်းရဲ့ ကားလမ်း ၁ ဖက်မှာပါ။ မေသူ စိတ်အညစ်ဆုံးက မြို့ထဲကို အကြောင်းရှိလို့လာတဲ့အခါကျရင် ဆူးလေ တလျှောက်လမ်းနဲ့ ပန်းဆိုးတန်းလမ်းဘက်တွေမှာ ကားလမ်းကူးရတာကို စိတ်အညစ်ဆုံးပဲ ။ မရှင်းနိုင်တော့တဲ ကားတန်းကြီးတွေကို ရပ်စောင့်နေလို့ကတော့ တစ်နေကုန်လို့ တောင် ဟိုဘက်ခြမ်းကနေ ဒီဘက်ခြမ်းကို ရောက်တော့မှာ မဟုတ်ဘူး။ မေသူကတော့ စိတ်သိပ်အရှည်ကြီးထဲ မပါတဲ့သူ ဆိုတော့ လက်တစ်ဖက်နဲ့ ကားကို တားပြီး ကူးလိုက်တာက များပါတယ် ။ အခုလည်း ရှုပ်ထွေးပွေလီနေတဲ့ ကားတန်း ကြီးကြားထဲကနေပြီးပဲ ကားတားပြီး လမ်း တစ်ဖက်ခြမ်းမှာရှိတဲ့ Moon ဆိုင်လေးကို ဦးတည်ပြီး လျှောက်သွားလိုက်တယ် ..။

ဆိုင်ထဲဝင်လိုက်တာနဲ့ ကြိုတင်ရောက်နှင့်နေတဲ့ ညီမလေး မာလာ ကပြုံးပြရင်း လက် တစ်ဖက်ထောင်ပြီး ကိုယ်ထင်ပြပါလေရဲ့ ..။ ကိုယ်လည်းပြုံးပြီး သူမထိုင်ရာနေရာမှာ ၀င်ထိုင်ရင်း

“ ညီမလေး မာလာ၊ ရောက်နေတာကြာပြီလား ”

မေသူ ခုံမှာဝင်ထိုင်ရင်း ဧည့်စကားလေး ဆိုလိုက်မိတယ် ၊ မာလာကလည်း …

“ ဟင့်အင်း၊ မကြာသေးပါဘူး မမေ ရဲ့ “

“ ဘာသောက်မလဲ တစ်ခုခုမှာလေ မမေ ”

သမီးက ဒီနေ့ဧည့်ခံဖို့ခေါ်ထားတာနော် .. အားမနာရဘူး .. မာလာက ပြောရင်း

” မမေ ဘာသောက်မလဲ “

“ အင်း၊ အမကို နို့အေး ၁  ခွက် ”

မာလာ နို့အေးမှာဖို့ရန် ကောင်တာကို ထွက်သွားပြီး ပြန်လာရင်း ….

ညီမ သူငယ်ချင်း ကောင်မလေး တစ်ယောက်လည်း လာလိမ့်မယ် မမေ၊ ခဏနေတော့ ရောက်လိမ့်မယ်၊ သူ မာလာ့ဆီကို ဖုန်းဆက် ထားတယ် ။ ဒါနဲ့ မမေ ဒီနေ့ အချိန်ရရဲ့လား၊ တခြား ချိန်းထားတာတွေ ဘာတွေများ ရှိလား .. မာလာက ပြောရင်း၊ နောက်သလိုလို နဲ့ မခိုးမခန့်လေးကြည့်ရင်း ပြုံးစိစိ လုပ်နေလေရဲ့ ….။

အမလေး ညည်းအေ မရှိပါဘူး၊ မမေက ဒီနေ့ အေးဆေးပဲ၊ မာလာနဲ့ ချိန်းထားတာပဲရှိတယ် ။ တခြားလည်း ချိန်းထားတာတွေ မရှိရင် မမေက အိမ်မှာပဲ လုပ်စရာရှိတာတွေ လုပ်ရင်းနေတာ။ စာအုပ်ဖတ်၊ သီချင်းနားထောင်ဖြစ်တာ များတယ်။ မမေ အပြင် တွေ ဘာတွေ သိပ်ထွက်လေ့မရှိပါဘူး မာလာရယ် …။

“ ဟုတ်ပါပြီ .. ဟုတ်ပါပြီ .. မာလာက ရိုးရိုးမေးတာပါနော် ..အဲ့လောက် ရှင်းမပြလည်းရပါတယ် “

ပြောရင်း မာလာက ရယ်ပါလေရော ..

“ သြ .. ဒီကလေးမလေး အကြီးကို နောက်နေပြန်ပြီ …. ”

မာလာက သူ့အမျိုးသားအကြောင်းနဲ့ မာလာအရင်က လုပ်ခဲ့ဖူးတဲ့ အလုပ်တွေ အကြောင်း ပြောပြတယ် ။ မာလာ့ အကြောင်း ပြောပြနေတုန်း မေသူ့နားမှာ ချာတိတ်မလေး  တစ်ယောက် ၀င်ထိုင်ရင်း ..

“ မမာလာ.. သမီး လမ်းမှာ ကားပိတ်နေလို့ “

အသားညိုညို၊ မျက်နှာ ချိုချို၊ ပိန်ပိန်လျလျ ချစ်စရာကောင်းတဲ့ ကောင်မလေး။ ဂျင်းပန်အရှည်နဲ့ တီရှပ်ကို တွဲဖက်ဝတ်ထားတာ ရှည်လျားလှတဲ့ သူမ အရပ်အမောင်းနဲ့က ပနံသင့်လွန်းလှတယ် ။ နက်မှောင်လွန်းလှတဲ့ ဆံပင် နက်နက်လေးက ခါးလယ်လောက် ထိ ရှည်ပြီး အခုခတ်စားနေတဲ့ စတပ် (Step Style) လေးနဲ့ …..။

မာလာက မေသူ့ကို ကြည့်ရင်း ..

 “ မမေ .. ဒါ စောနက ညီမပြောတဲ့ တစ်ယောက်လေ၊ နာမည်က ပန်းခရေ “ တဲ့၊

မေသူ့ကို ပြောပြီး ခရေ့ကိုလည်း ..

“ ခရေ ..”

“ ဒါ မမေသူတဲ့ ..အမ ခရေ့ကိုပြောပြထားတဲ့ ဒီနေ့ ချိန်းထားတယ်ဆိုတဲ့ အမလေ …”

“ ဟုတ်ကဲ့ မမ၊ တွေ့ရတာ ၀မ်းသာပါတယ်နော် မမ မေသူ ..”

“ အင်း .. ညီမလေး ၊ မင်္ဂလာပါနော် … ခရေက အချောလေးပဲ “ … ကျမ ပြန်ပြုံးပြရင်း ခရေ့ ကို ပြန်နှုတ်ဆက်လိုက်တယ် ။

မမ မေသူနဲ့ မမာလာ ခဏနော် ပြောပြီး ခရေ ကောင်တာကိုထသွားတယ် ။ လိမ္မော်ရည်နဲ့ ဂျပန်ဆူရှီထမင်းလိပ် ပန်ကန်ပြားလေးကို စားပွဲအလယ်မှာ ချရင်း ..

” ရော့ .. မမ မေသူနဲ့ မမာလာ စားကြနော် .. “

“ အင်း ..ခရေ “

မေသူကနေပြီး စောနက မာလာပြောနေတဲ့ သူမ ဘ၀အကြောင်းနဲ့ သူမ အမျိုးသားအကြောင်းကို ဆက်ပြောစေရန်

“မာလာ ဆက်ပြောပါအုန်း” စောနကအကြောင်းလေး … ”

” ဟုတ် မမေ “

မာလာက နောက်လထဲဆို မာလာ့အမျိုးသားရှိတဲ့နေရာကို လိုက်သွားတော့မှာလေ ။ မာလာတို့ လက်ထပ်ထား တာလည်း မကြာသေးတော့ ကိုယ့်အမျိုးသားရှိတဲ့ နေရာကိုပဲ လိုက်သွားလိုက်မယ် ။ ဒီမှာတော့ မာလာ့ ဖေဖေနဲ့ မေမေ ကျန်ခဲ့မှာပေါ့ ။ မာလာ စိတ်မချသလို လေသံနဲ့ ပြောရင်း ….

“ သြ .. ဒီလိုပါပဲ မာလာရယ် ၊ မိဘဆိုတာကတော့ သား၊ သမီးအပေါ်မှာ ရာနှုန်းပြည့် နားလည်ပြီးသားပါ  “

“ မာလာတို့က ဒီမှာ လက်ထပ်ထားတာပေါ့  “

“ အင်း .. ဟုတ်တယ် မမေ၊ မာလာပြောပြရင် မမေ အံ့သြမှာ ..”

ဒီလို မမေရဲ့ ……

အမှန်ဆို မာလာနဲ့ သူနဲ့က အွန်လိုင်းမှာ တွေ့ကြပြီး ချစ်သူဖြစ်သွားကြပြီး လက်ထပ်လိုက်ကြတာ မမေရဲ့ ၊ အပြင်မှာ တစ်ခါမှ မမြင်ဖူးကြသေးဘူး၊ ထူးဆန်းဖို့လည်း ကောင်းပါတယ် မမေရယ် ။ မာလာနဲ့ သူနဲ့ လက်ထပ်တာကလည်း ဒီလိုလေ .. လက်ထပ်တဲ့နေ့မှာ မာလာရယ်၊ သူ့မိဘ၊ ကိုယ့်မိဘရယ်နဲ့ပေါ့ .. တရားရုံးမှာ လက်မှတ်ထိုးကြတာလေ ၊ မာလာ့အမျိုးသားကတော့ ဟိုဘက်မှာ။ နှစ်ဦးသဘောတူ လက်မှတ်ထိုးတဲ့ သဘောမျိုးလေး လုပ်လိုက်တာ မမေရဲ့။ မာလာက ပြောပြီး ရှက်ပြုံး၊  နှစ်သက်ကြည်နူးပြုံးလေးနဲ့ပေါ့ ….။

“ အိုး .. ဟုတ်လား မာလာရဲ့ အဆန်းပဲနော်၊ မမေ အခုမှ ကြားဖူးတာ၊ “

“ အင်းနော် ဖူးစာဆိုတာလည်း ဆန်းသလားပဲကွယ်၊ မမေတို့ အပေါ်ထပ်မှာနေတဲ့ အန်တီကြီးပြောသလိုပေါ့ .. ဖူးစာဆိုတာ ဆုံမိတာနဲ့ ဖတ်ကနဲဆို ကပ်သွားရောတဲ့ .. ခွာလို့ရတော့ဘူးတဲ့လေ .. “

“ ဟား ဟား “

မေသူ ပြောရင်း သဘောကျပြီး ရယ်သလို၊ မာလာနဲ့ ခရေလည်း လိုက်ရယ်ကြလေရဲ့လေ….

“ ဟုတ်မယ်နော် .. မမေ၊ မာလာ စကားဝင်ထောက်လေရဲ့   “

သူလဲ ဟိုမှာ တစ်ယောက်တည်းဆိုတော့ နေရေး ထိုင်ရေး အဆင်မပြေဘူး။ အဓိကတော့ စားသောက်တာပဲ မမေရေ ။ အလုပ်ကို လောဘကြီး တာလေ၊ စားချိန် မမှန်၊ သောက်ချိန် မမှန်နဲ့ ။ ညီမက ဒီဘက်ကနေပြီး စိတ်ပူရတယ် ။ ဟိုနေ့ကဆိုများ မမေရယ် ဆရာတော် တစ်ပါးကို လှူထားတဲ့ ၀က်ဆိုဒ်ကို လုပ်နေတာတဲ့ အခုထိ မအိပ်ရသေးဘူးပြောတယ် ..။ ညီမ သူနဲ့ အင်တာနက်ပြောတဲ့အချိန် ပဲ မနက် (၁၀) နာရီလောက်ရှိနေပြီလေ .။ အဲ့ဒါပဲ ကြည့် .. မမေရေ .. ညီမလဲ သူ့အကြောင်းကိုသိ တော့ မပြောရက်ပါဘူး မမေ ရယ် ။

မေသူ စဉ်းစားမိတယ် .. တကယ်လည်း ဟုတ်တယ်၊ ဖူးစာဆိုတာ ဆန်းကြယ်သလို၊ တစ်ယောက်နဲ့ တစ်ယောက် ကံတရား ခြင်းကလည်း မတူညီနိုင်ကြဘူးလေ ။  ဘာပဲဖြစ်ဖြစ် မေသူကတော့ စိတ်သဘောထားသာလျှင် အဓိကလို့ သတ်မှတ်ထား သူ တစ်ယောက်ပါ ။ တွေ့ဆုံမှုက အရေးမကြီးပါဘူး .. တွေ့ဆုံမိတဲ့ သူ နှစ်ဦးရဲ့ စိတ်ထားနဲ့ တန်ဘိုးထားတတ်မှုပဲ လိုအပ်တာပါ …။ မတူညီတဲ့ လူသား နှစ်ဦးပေါင်းဖက်မှုမှာ တစ်ဦး အားနည်းချက်၊ အားသာချက်ကို တစ်ဦးနဲ့ တစ်ဦး လေးစား၊ နားလည်၊ ဖေးမမှုနဲ့ လျှောက်လှမ်းနိုင်မှသာလျှင် ရေရှည်တဲ့ ဘ၀ခရီးကို ဟန်ချက်ညီညီ လျှောက်လှမ်းနိုင်မှာပါ ..။ ရယူမှုကို အသားပေးတဲ့ အချစ်ထက် ပေးဆပ်မှုကို ဖော်ဆောင်တဲ့ အချစ်ကသာလျှင် အလှတရားကို ဖန်တီးပေးနိုင်မှာပါ ။

~~~~~~~~~~~~

ကျမတို့ နှစ်ယောက်သား စကားကောင်းနေကြတာ ဘေးနားမှာ ထိုင်နေတဲ့ ခရေ့ကို ခဏမေ့သွားကြတယ် ..။ မေသူ တို့ နှစ်ယောက်သား ပြောလက်စ စကားလေး ပြတ်သွားမှ မေသူလည်း လာရင်း ကိစ္စကို သတိရမိတော့တယ် ..။  နောက်လ ထဲမှာ မေသူ လုပ်နေတဲ့ ပရဟိတ အသင်းလေးကနေ မိဘမဲ့ကလေးတွေကို လှူဒါန်းမယ့် အလှူအတွက် မာလာနဲ့ သူမ အမျိုးသားက မင်္ဂလာဦး အထမ်းအမှတ်အလှူလေးအဖြစ် လှူဒါန်း ချင်တယ်ဆိုလို့ မေသူက အလှူငွေလာကောက်တာပါ ။ မာလာက နှစ်သောင်းလှူတယ်နော် မမေ ။ မာလာနဲ့ မာလာ့ အမျိုးသား နာမည်ထည့်ပေးပါနော် .. မာလာတို့ မင်္ဂလာဦး အထိမ်းအမှတ်ပေါ့ ။ မာလာ သူ့ကိုလည်း ပြောပြထားတယ် ။ မာလာ့ကို သာဓု ခေါ်သွားတယ် သိလား မမေ ။

” အင်းပေါ့ .. ဒါပေါ့ ခေါ်ရမှာပေါ့ မာလာရဲ့ “

မာလာ့ကိုပြောရင်း မေသူက အလှူဆိုတာလေးကို မေသူ အလှူပေါ် ခံယူထားတဲ့ သဘောတရားလေးကို ပြောပြလိုက်တယ်။ အလှူဆိုတာကလေ တစ်ရာပဲ လှူလှူ၊ တစ်ထောင်ပဲ လှူလှူ၊ တစ်သောင်းပဲလှူလှူ နောက်ဆုံး ယုတ်အစွဆုံးကွာ ကိုယ့်မှာစီးထားတဲ့ ဖိနပ်လေးပဲ ချွတ်လှူလှူ အလှူခံ ပုဂ္ဂိုလ်အတွက်လည်း တကယ်လိုအပ်တဲ့ အလှူဖြစ်တယ်၊ အလှူပေး ပုဂ္ဂိုလ်အတွက်လည်း လှူဒါန်းနေချိန်မှာ ဖြစ်တည်နေတဲ့ ကိုယ့်ရဲ့ သဒ္ဓါတရား၊ ဒါတွေကသာ  ပဓာနကျတာပါ မာလာရဲ့ ။

” အမလဲ သာဓု ခေါ်ပါတယ်နော် .. “

” သာဓု ..သာဓု…သာဓု ..”

ယခုလို ရင်ခွင်ပျောက်နေရှာသူ လူမမယ်ကလေးသူငယ်များကို လှူဒါန်းတဲ့ လှူဒါန်းမှုအတွက် မာလာနဲ့အတူ အမျိုးသားမှ သည်လည်း စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းတို့ ပြည့်စုံပိုင်ဆိုင်ရပြီး ပျော်ရွှင်စရာ မိသားစုလေးဖြစ်ပါစေကြောင်းနှင့် မိမိအကျိုး၊ လောက၊ သာသနာအကျိုးကို ထောက်ပံ့ပေးနိုင် သူ လင်းကောင်း၊ မယားကောင်း ဖြစ်ပါစေလို့ အမက ဆုမွန်ကောင်း တောင်းပေးလိုက်ပါတယ်နော် ….။

“ ညီမလေးလည်း လှူမယ် မမ မေသူ၊ “

“ ညီမလေးလည်း တစ်သောင်းလှူတယ်နော် “

“ အင်း .. ညီမလေး၊ ရပါတယ်၊ သာဓုပါနော် ညီမလေး ခရေ၊ “

“ အမကို နာမည်လေးပြောပြပေးပါနော်၊ အမ မှတ်တမ်းလေး လုပ်ပေးမှာမို့ “

“ ပန်းခရေ နှင့် ကိုမင်းခန့် “

” အံမယ် ခရေကလည်း အတွဲလေးနဲ့ပေါ့လေ၊ ကောင်လေးက ဘယ်မှာလဲ အခု .. မေသူ လျှာရှည်ပြီး မေးလိုက်မိတယ် …”

” သူက ညီမလေးနဲ့ အဝေးကြီးမှာ မမ မေသူရဲ့ “

အဲ့အချိန်မှာ မာလာက မမေရေ … ခရေကသာ ဖြစ်နေတာ .. ဟိုကဖြင့် နောက် တစ်ယောက်နဲ့ ၊ ခရေ့ကိုကြည့်တော့လည်း မျက်ရည်လေးဝဲလို့ ။ မေသူ ဘာလုပ်ရမှန်းမသိဖြစ်သွားတယ် ၊ လျှာရှည်မိလေခြင်းရယ်လို့ ကိုယ့်ဟာကိုယ်ပဲ အပြစ်တင်လိုက်မိ တယ် ။ ဒီမှာ မာလာက မမေ လည်း ဒီနေ့ ချိန်းထားတာမှမရှိတာပဲ …။  ညီမတို့ ဗိုလ်တထောင်ဘုရား သွားကြမယ်လေ .. အေးအေးဆေးဆေး စကားပြောလို့ရတာပေါ့ .. မာလာက ပြောရင်း ခရေ့ကို မေးငေါ့ ပြတယ် ..။ ဒါနဲ့ မေသူလည်း ဘုရားဘက် သွားဖို့ သဘောလိုက်တယ် ။ မေသူတို့ သုံးယောက်သား စားသောက်ပြီး ပန်းဆိုးတန်းကနေ ဗိုလ်တထောင် ဘုရားကို စကားပြောရင်းနဲ့ လမ်းလျှောက်သွားလိုက်တာ ရောက်မှန်းမသိနဲ့ဘဲ ရောက်သွားခဲ့ကြတယ် ။

မေသူ ဗိုလ်တထောင်ဘုရားမှာ သဘောမကျတာက ဘုရားဝင်းထဲ ၀င်လိုက်တာနဲ့ ကန်တော့ပွဲတွေ၊ နတ်ရုပ်တွေချည်းပဲ ။ မေသူကတော့ ကံ၊ ကံ၏အကျိုးကို ယုံကြည်သလို နှလုံးသားထဲမှာလည်း ရတနာ(၃)ပါးကိုပဲ အမြဲကိုးကွယ် ဆည်းကပ်တယ် ။ ဒုက္ခနဲ့ တွေ့ကြုံရချိန်ဆိုလည်း မြတ်စွာဘုရားကိုပဲ အာရုံပြုတယ်၊ ကိုယ်ကြုံတွေ့နေရတဲ့ အခက်အခဲ၊ ဒုက္ခကို ဖြတ်သန်း နိုင်အောင်၊ ဖြတ်သန်းတတ်အောင်ပဲ ကျင့်ယူတယ်၊ အရာရာတိုင်းက မိမိအပေါ်မှာသာ တည်မှီးနေ တာမို့ မေသူ ကတော့ အကောင်း၊ အဆိုး၊ အကြောင်း၊ အကျိုးမှန်သမျှအပေါ်မှာ ဖြတ်သန်းတတ်အောင် စိတ်ဓါတ်ကို လေ့ကျင့်ထားတယ် …။ အိမ်က မေမေဆို တွက်လိုက်တဲ့ ဗေဒင်၊ ချေလိုက်တဲ့ ယတြာ၊ မေသူကတော့ အားမပေးပေမယ့် ကိုယ့်အမေဆိုတော့ ပြောလိုက်ရင် နင် လျှာမရှည်နဲ့၊ ငါမွေးလို့ လူဖြစ်လာတာ၊ ဆရာလာ မလုပ်နဲ့ ဒီလိုချည်း အပြောခံရတော့ မေသူလည်း လျစ်လျူရှု့ထား လိုက်  တယ် ။

မေသူ၊ မာလာနဲ့ ခရေတို့ သုံးယောက် ဘုရားဝတ်ပြုပြီး လိပ်ကန်ရှိတဲ့ ဆောင်းတန်းလေးဘက်ကို ဦးတည်သွားလိုက်ကြတယ် ။

” ကဲ .. ခရေ ပြောပြပါအုန်း ၊ ညီမလေး ဇာတ်လမ်းကို .. “

မေသူ စကားစလိုက်တော့ ..ခရေ ငိုပါလေရော ..။ မေသူလဲ စာနာ မိသွားတယ် ၊ အကြောင်းတရား ရေရေရာရာ မသိရသေးပေ မယ့် မေသူ ရိပ်မိနေခဲ့ပါတယ် …။

~~~~~~~~~~~~

ခရေ နဲ့ ကိုကိုက အွန်လိုင်းမှာ တွေ့ကြတာ မမ ၊ ကိုကိုက နိုင်ငံခြားမှာ အလုပ်လုပ်တာ၊ ခရေနဲ့ အွန်လိုင်းမှာ ချစ်သူဖြစ်ကြပြီး ချစ်သူ သက်တမ်းက (၁) နှစ်ရှိခဲ့ကြတယ် ၊ ဒီ (၁)နှစ်အတွင်းကို ခရေတို့  အွန်လိုင်းကနေပဲ စကားပြောဖြစ်ကြတယ်၊ အပြင်မှာတော့ မတွေ့ဖူးကြဘူး …။ ညီမလေးက ဒါ ပထမဦးဆုံး ရည်းစားထားဖူးတာပါ၊ ကိုကိုက ညီမလေးထက် ၆-နှစ် လောက်ကြီးတယ်လေ..။ ဟိုမှာနေတာကတော့ ကြာပြီလို့ပြောတယ်၊ ဒီမှာ အမျိုးမရှိဘူးလို့ပြောတယ် ၊ ဘ၀ကို တစ်ယောက် တည်း ဖြတ်သန်းနေရတာတဲ့ ..။

“ အင်း .. ခရေ ၊ ဒါနဲ့ ခရေ ကကော မောင်နှမ ဘယ်နှစ်ယောက်ရှိလဲ ”

မေသူ စကားထောက်လိုက်တယ် ..

ညီမလေးက တစ်ဦးတည်းသော သမီးပါ မမမေသူ၊ မေကြီးနဲ့ ဖေကြီးနဲ့ တူတူနေပါတယ်၊ ဖေကြီးကတော့ လောလောဆယ် တိုင်းတပါးမှာ အလုပ်လုပ်နေပါတယ် .. မေကြီးကတော့ အိမ်မှာပါပဲ ..။ ညီမလေးမှာ မောင်နှမ မရှိပါဘူး၊ မေမေကလည်း သူ့ဘာသူ နေတာလေ၊ ညီမလေးက ငယ်ငယ်လေးကတည်းက တစ်ယောက်တည်း အိပ်တာ ၊ မေမေနဲ့ တူတူမအိပ်ဘူး ။ ညီမလေး ဘ၀က အထီးကျန်လွန်းပါတယ် ..။

” သြ … ဟုတ်ပါပြီ .. ခရေနဲ့ အဲ့ တစ်ယောက်က အွန်လိုင်းမှာ ဘယ်လိုတွေ့ကြတာလဲ .. “

ညီမလေး အရင်က Company မှာ အလုပ်လုပ်တယ် မမ၊ အဲ့မှာ ညီမလေး အင်တာနက်သုံးရင်းနဲ့ ကိုကိုနဲ့ မိတ်ဆွေဖြစ်ကြတာ၊ ညီမလေး အကြောင်းတွေပြောပြ၊ သူ့အကြောင်းတွေ ညီမလေးကို ပြောပြရင်းနဲ့ ညီမလေး သံယောဇဉ်သွယ်မိသွားတာ၊ ညီမလေး ချစ်မိသွားတာပဲ မမ ။ အခုတော့ သူက အဲ့က အမျိုးသမီး၊ သူနဲ့ အလုပ်တူတူလုပ်တဲ့ အရင် သူ့သူငယ်ချင်းဆိုတဲ့ အမျိုးသမီးနဲ့ တစ်အိမ်တည်းမှာ တူတူနေတယ်တဲ့လေ မမရယ် ..။

“ သြ .. ညီမလေးရယ် ဘာဖြစ်လဲ .. အွန်လိုင်းမှာပဲ တွေ့ဖူးတာပဲ ၊ ကိုယ့်အသားပါသွားတာမှတ်လို့ ဘာဖြစ်လဲ တွဲပစေပေါ့ .. ကိုယ်တောင် ကံကောင်းသေးတယ် …  “

မေသူ ပြောလိုက်မှ ချုံးပွဲချငိုပါလေရော ………

“ သူနဲ့ ညီမလေးက လက်ထပ်ဖူးတယ် … ”  စို့နစ်တစ်စို့နေတဲ့ အသံနဲ့ ….

“ ဟင် ! ဘယ်လို .. ဘယ်လို “

” မေသူ အံ့သြလွန်းအားကြီးသွားတယ် ….”

ဟုတ်တယ် မမ၊ ညီမလေးတို့ ရည်စားသက်တမ်း (၁)နှစ်လောက် ရောက်တဲ့အခါမှာ သူက ညီမလေးကို အလည်ခေါ်တယ်၊ သူလက်ရှိနေတဲ့ နိုင်ငံတော့ မဟုတ်ဘူး မမ၊ ခရေနဲ့ သူနဲ့ နှစ်ယောက်လုံး လာလို့၊ တွေ့လို့ အဆင်ပြေမယ့် နိုင်ငံတစ်နိုင်ပါပဲ၊ ဒါနဲ့ ညီမလေးလည်း လိုက်သွားဖို့ပြင်တယ် ..။ အိမ်ကိုတော့ ရုံးကလွှတ်တာလို့ ပြောလိုက်မိတယ် ..။ ဒီနိုင်ငံမှာ သူနဲ့ခင်တဲ့ သူငယ်ချင်း အမျိုးသမီးက ခရေ့ကို တားဆေးထိုးသွားခိုင်းတယ် ၊ ဒီ တားဆေးထိုးမှ သွားလို့ရမယ်ပြောတယ် မမ ၊ ခရေလည်း ကိုကိုနဲ့ တွေ့ရမှာကိုပဲ သိတယ် ၊ ကျန်တာကို ဘာမှမသိဘူး၊ ဒါနဲ့ ခရေလည်း တားဆေးထိုးသွား လိုက်တယ် မမ၊ ဟိုရောက်တော့ ညီမလေးတို့ ဟိုတယ် တစ်ခုမှာတည်းကျတယ်၊ လျှောက်လည်ကြတယ်၊ ညီမလေးအတွက်တော့ အချိုမြိန်ဆုံး နေ့ရက်တွေ လို့ ပြောလို့ရတယ် မမ၊ လက်ထပ်ဝတ်စုံနဲ့ ဓါတ်ပုံရိုက်ချင်တယ်လို့ ညီမလေးက ပူဆာတော့ ကိုကိုက မင်းသဘောပဲလို့ပြောပြီး သွားရိုက်ကြတယ် ..။

ကိုကိုက ခရေ့ကိုပြောတယ် ဟိုမှာ သူ့ကို အမျိုးသမီး တစ်ယောက် ကူညီနေတဲ့အကြောင်း၊ သူ့မှာ အကြွေးတွေ တင်နေတဲ့ အကြောင်း၊ လောလောဆယ် ခရေ့ကို လက်ထပ်ဖို့ အသင့်မဖြစ်သေး ကြောင်းတွေ ပြောတယ် ။ ဒီမှာတင် ညီမလေးတို့ ရန်ဖြစ်ကြတယ်။ ခရေက သူ့ကို ချစ်လွန်းအားကြီးလို့သာ ဒီအထိ လိုက်လာရတာလေ၊ နောက် ခရေတို့ နှစ်ယောက်က လွန်ကျူးပြီး သွားကြပြီ၊ ခရေ့ သူငယ်ချင်းတွေကိုလည်း ခရေက ဒီကိုမလာခင် ပြောထားခဲ့တာ၊ ဒီမှာ ကိုကိုနဲ့ လာတွေ့တဲ့အကြောင်းကိုပေါ့ ။ ကိုကိုက ခရေ့ကို ချော့မော့ပြီး လောလောဆယ် ခရေ့ကိုလည်း နဂိုအတိုင်းလေး ပြန်နေဖို့နဲ့ သူလည်း ဟိုကိုပြန်သွားပြီး လက်ရှိပြဿနာလေးတွေကို ရှင်းလိုက်မယ် .. ပြီးရင် ခရေ့ အဖေကို ပြောပြပြီး လက်ထပ်ကြမယ်လို့ နှစ်သိမ့်ပေးတယ် ..။ 

ခရေ ယုံကြည်ခဲ့တယ် မမ၊ သူနဲ့ ခရေ ဟိုမှာ (၁) လတူတူနေကြတယ်၊ နောက် ခရေလည်း ဒီကို ပြန်လာတယ်၊ ကိုကိုလည်း ဟိုကို ပြန်သွားတယ် …။ ခရေ ပြန်လာပြီး သိပ်မကြာဘူး မမ ဟိုမှာ ရှိတဲ့ ခရေနဲ့ သိတဲ့ သူ့သူငယ်ချင်းတွေက ပြောတယ် နင့် လူ ဟိုမှာ အသစ်ရနေပြီ၊ တစ်အိမ်တည်းလည်း တူတူနေကြ တယ်လို့ပြောကြတယ် ။  တခါတလေ အဲ့ဒီအမျိုးသမီးနဲ့ ခရေ အွန်လိုင်းမှာ တွေ့တယ်၊ မင်း အမျိုးသားကို အမက စောင့်ရှောက်ပေးနေတာပါ၊ အမ အကူအညီတွေ အများကြီး ယူထားရတယ် .. ဘာဖြစ်တယ် .. ညာဖြစ်တယ်နဲ့ ခရေ့ကို ခနဲ့တဲ့ စကားတွေနဲ့ လာလာပြောတယ် မမ၊ ပြီးတော့ အရင်ဆို ညတိုင်း ခရေတို့ VZO ပြောတယ်၊ ဖုန်းပြောဖြစ်ကြတယ် ..။ တဖြည်းဖြည်းနဲ့ နောက်ပိုင်း ကိုကို အလုပ်များနေလို့ပါလို့ ပြောပြီး အွန်လိုင်း လည်းမှန်မှန်မတက်ဘူး၊ ညီမလေးလေ အခုချိန်ထိ သူ မူမမှန်တာတွေ သိနေတာတောင်မှ စိတ်က သူ့အပေါ်မှာ မပြတ်သေးဘူး ။ ခရေ တစ်ရက် ကိုကို ဂျီမေးလ်အကောင့်ကို ဖွင့်ကြည့်ဖြစ်တယ်၊ အဲ့ဒီအမျိုးသမီးနဲ့ သူနဲ့ လက်ထပ်ဖို့ ရက်သတ်မှတ်ပြီးသွားပြီ မမေ……

” အခုတော့ သူက အဲ့ဒီအမျိုးသမီးနဲ့ လက်ထပ်တော့မှာတဲ့ …မမရယ် .. “

” ညီမလေး ဘ၀တော့ သွားပါပြီ ..”

ညီမလေးကို မေးကြတယ် နင့်ရည်းစား အခု အသစ်ရနေပြီဆို? နင်တို့ ပြတ်သွားကြပြီပေါ့ ဟုတ်လား?  ဒီလိုမျိုးတွေ လာလာမေးကြတယ် ..။ ညီမလေး ခံနိုင်ရည်မရှိဘူး မမမေသူ ..။ နေ့တိုင်း ညီမလေး မျက်ရည်နဲ့ မျက်ခွက် ၊ အိမ်က မေမေ မသိအောင်လည်း သတိထားနေရတယ် …။ ညီမလေး ဘ၀ ကံဆိုးလွန်းပါတယ် ……။

ဘုရားဆောင်းတန်းမှာ ထိုင်ပြီးစကားပြောနေကြတဲ့ မေသူတို့ .. ဘုရားဖူးတွေကလည်း မပြတ်ပေါ့ ..။ ခရေ့ ခမျာ မရှက်နိုင် အောင်ပဲ ငိုပြီး ပြောနေရှာတယ်လေ ….။

“ သြ .. ညီမလေးရယ် ……”

မေသူ စိတ်မကောင်းဖြစ်ခဲ့ရတဲ့အပြင် စာနာမိသွားခဲ့တယ် …။ ခရေတို့ လက်ထပ်ထားတယ်ဆို လက်ထပ်စာချုပ် ရှိမှာပေါ့၊ ခရေဘက်ကနေ တရားစွဲလို့ရတယ်လေ၊ ခရေတို့ လက်ထပ်ထားကြတာပဲ လေ၊ စာချုပ်ဘယ်မှာလဲ? စာချုပ်နဲ့ဆို တရားစွဲလို့ ရ  တယ် …။

“ စာချုပ်မရှိဘူး မမ မေသူ “

“ ဘယ်လို .. စာချုပ်မရှိဘူး ဟုတ်လား ခရေ ၊”

ဟုတ်တယ် မမ၊ ခရေတို့ လက်ထပ်ထားတယ်ဆိုတာ ဟိုမှာ တစ်လတူတူနေကြတယ်၊ နောက်ဓါတ်ပုံဆိုင်မှာ မင်္ဂလာဝတ်စုံနဲ့ ဓါတ်ပုံတွဲရိုက်ကြတယ် .. အဲ့ဒါကိုပြောတာပါ မမ ။ တရားဝင် ရုံးတက် လက်မှတ်ထိုးထားတာ မဟုတ်ပါဘူး …..

မိုက်လိုက်တာ ခရေ ရယ် ..၊ အဲ့ဒီလောက်တောင်မှ ယုံကြည်ရသလား ခရေရယ် … ကိုယ်က မိန်းကလေး၊ နစ်နာရင် ကိုယ်ပဲ နစ်နာတာ၊ ဘယ်သူ မှားမှား မှန်မှန် ပတ်ဝန်းကျင်ဆိုတာ မိန်းကလေးကိုပဲ အရင်ပြောတတ်ကြတာ..၊  ဘာမှန်း ညာမှန်းမသိ နဲ့ ဘာလို့ လွယ်လွယ်ယုံကြည်ရတာလဲ ညီမလေးရယ် ။ အခု ညီမလေးနဲ့ သူ ပြတ်သလိုဖြစ်နေတာ ဘယ်လောက်ကြာပီလဲ ? မေသူ ဂရုဏာဒေါသနဲ့ မေးလိုက်မိတယ် ….

၁ – နှစ်လောက်ရှိသွား ပြီ မမ၊ ဒီအတွင်းမှာ အခုလိုတွေ ဖြစ်ကုန်တာပဲ …။

ခရေ .. မမေ ပြောပြမယ် ၊ သေချာနားထောင်နော်၊ လူဆိုတာ အမှားမကင်းဘူး ညီမလေးရဲ့၊ အမှားမကင်းဘူးဆိုလို့လည်း ထပ်ခါထပ်ခါ မှားနေဘို့၊ အမြဲ မှားနေဘို့ကို ဆိုလိုတာမဟုတ်ဘူးနော် ..၊ အမှားမကင်းတဲ့ လူသားတွေမို့ ညီမလေးလည်း ကိုယ့် ကိုယ်ကို အပြစ်မတင်နဲ့၊ နောင် ဒီလို မမှားအောင်၊ အခုကစပြီး ဘ၀မှာ အဓိပ္ပါယ်ရှိရှိနေထိုင်သွားလို့ရတယ် ၊ ဘ၀မှာလေ တခြား အရေးကြီးတဲ့ အရာတွေ အများကြီးပါ၊ ညီမလေးက အခု ကံကောင်းတာ၊ ကိုယ့်အပေါ် သစ္စာမရှိတဲ့သူ၊ သစ္စာတရားဆိုတာကို နားမလည်တဲ့သူ၊ တန်ဘိုး ဆိုတာကို နားမလည်တဲ့သူနဲ့ လွဲခဲ့ရတာ၊ ဒါကပဲ ညီမလေးအတွက် ကံကောင်းခြင်းပဲ ညီမလေး ..။ ဒါကို ကိုယ်က အသုံးပြုပြီး၊ အတုယူပြီး အခုကစပြီး ရှေ့ဆက်ရမယ့် လမ်းတွေကို ကောင်းကောင်းလျှောက်လှမ်းလို့ရတာပဲ ။  ညီမလေးက ကိုယ့်ဟာကိုယ် အားငယ်စိတ်ဝင်နေတာ၊ ဘယ်သူက ညီမလေးကို လက်ညှိုးထိုးနေလို့လဲ ၊ ဘယ်သူက ညီမလေး ကို အထင် အမြင်သေးနေလို့လဲ၊ ညီမလေးက ကိုယ့်စိတ်နဲ့ကိုယ် နှိပ်စက်နေတာ ..။

” ညီမလေးကြောင့် သူများ မိသားစု ဘ၀ပျက်ခဲ့ဖူးလား? ညီမလေးကြောင့် သူများ မျက်ရည်ပေါက်ကြီးငယ် ကျခဲ့ဖူးလား? “

” အေး .. ကိုယ့်ကြောင့် လူတစ်ဖက်သားမှာ ဒီလိုအဖြစ်တွေ မရှိခဲ့ဘူးဆိုရင် ကိုယ်က ဘာကို အားငယ်ရမှာလဲ၊ ဘာကို သိမ်ငယ်နေရမှာလဲ ..”

” မေသူ ဖြစ်သင့်ဖြစ်ထိုက်တာလေးကို ထောက်ပြယုံပြောပြပြီး .. “

“ဒီမှာ ခရေ …..”

အခု ကိုယ်က မှားခဲ့ဖူးခဲ့တယ်၊ ဒါကို ထားလိုက်တော့၊ အခုလက်ရှိမှာ ညီမလေးက ဘ၀အသစ်ပြန်စ၊ ကိုယ့်အဖြစ်အပျက်ကို နမူနာယူပြီး ကိုယ်အပါအ၀င်၊ ကိုယ့်ပတ်ဝန်းကျင်က အမျိုးသမီးလေး တွေကို စောင့်ရှောက် ..။ ဒီနေရာမှာ စကားကြုံလို့ မမေ ပြောပြအုန်းမယ် ..လောကမှာလေ စာနာတယ်ဆိုတာ မိန်းကလေးရယ်၊ ယောက်ျားလေးရယ်မဟုတ်ဘူး၊ စာနာတတ်တဲ့ စိတ်ထားရှိတဲ့သူမှ စာနာတတ်တာ ညီမလေး ..။ လောကမှာလေ စာနာစိတ်မရှိတဲ့ အမျိုးသမီးတွေလည်း ရှိတယ် …။ မမေက ခရေ့ကို ယုံကြည်တယ်၊ ခရေ အခုထက်ပိုပြီး မိုက်တွင်းမနက်ဘူး ဆိုတာကိုပေါ့ …။

” အခု သူနဲ့ အဲ့ဒီအမျိုးသမီး လက်ထပ်မယ် ၊ ညီမလေးက လိုက်သွားပြီး ပွဲဖျက်မလို့လား?”

” မေသူ .. ခရေ့ကို မေးလိုက်တယ် “

” မဟုတ်ပါဘူး မမမေသူရယ် ၊ ခရေ လိုက်မသွားပါဘူး၊ အခုအချိန်မှာ ခရေ အရမ်းခံစားနေရတာပဲ သိတယ် မမမေသူရယ် . “

” အင်းပေါ့၊ ညီမလေးက ချစ်မိသွားတာကိုး၊ မချစ်သင့်တဲ့သူကိုမှ ချစ်မိသွားတာကိုး …. “

ဒီအမျိုးသမီးက သူမရှက်လို့ ယူတာ၊ ဒီလိုပဲ ညီမလေး ရည်းစားဆိုတဲ့သူလည်း တူတူပဲ ညီမလေး ခရေ၊ သူတို့ကြောင့် ညီမလေး ဘ၀မှာ အရှက်ရခဲ့ပေမယ့် ညီမလေးက အမျိုးကောင်းသမီးလေးပါ၊ ဒါကို မမေက သိတယ်၊ ဒီလို မှားခဲ့ဖူးတိုင်း မိန်းမပျက်မဟုတ်ဘူး ခရေရဲ့ …၊

မိန်းမကောင်း၊ အမျိုးကောင်းသား၊ သမီးဆိုတာလေ သူများဘ၀ကို ဘယ်တော့မှ မဖျက်ဆီးဘူး”

အခု သူလည်း မိန်းကလေးပဲလေ၊ ညီမလေး ခရေကလည်း မိန်းကလေးပဲ၊ မိန်းမသားချင်းအတူတူ ညီမလေးဘက်ကနေပဲ စာနာစိတ်လေးထားပေးလိုက်၊ ငါတောင် အခုလိုအရမ်းခံစားနေရတာ၊ သူလည်း ငါ့လိုအဖြစ်မျိုးဖြစ်ရင် ဆိုတဲ့ အတွေးမျိုးလေး နဲ့ စာနာနားလည်ပေးလိုက် ခရေ .. ”

“ ဟုတ်ပါ မမ၊ ခရေ မှတ်သားပါ့မယ်၊ ”

“ လိမ္မာလိုက်တဲ့ ညီမလေး၊ ခရေ့ ကို မေသူ ထွေးပိုက်မိလိုက်တယ် ….။ မှားခဲ့ဖူးတဲ့ အမှား ၁ ခုအတွက် နောင်ထပ်မမှား လေအောင် သင်ခန်းစာယူပြီး ဘ၀မှာ အကျိုးရှိရှိနေထိုင်သွားနော် ..သိလား ခရေ… ”

“ ဟုတ်ပါ မမမေသူ၊ အခုလို အားပေးတာ ကျေးဇူးအများကြီးတင်ပါတယ် မမမေသူရယ် . ”.

ခရေ .. မေသူ့ လက်ကို ဆုပ်ကိုင်ပြီး မျက်ရည်အရွဲသားနဲ့ ပြုံးပြီးပြောလေရဲ့ …။

“ ကဲ .. မမေတို့ အချိန်လည်း မနည်းတော့ဘူးလေ၊ ပြန်ကြရအောင် “

မာလာမှ စကားဆိုတယ်၊ အဲ့တော့မှ မေသူလည်း ပတ်ဝန်းကျင်ကို သတိထားမိတော့ တယ်၊ မှောင်ရီပျိုးစ အချိန်တောင် ရောက်နေပြီပါလား …

” မာလာ ဗိုလ်တထောင် ဘုရားထိပ်က မော်လမြိုင်မုန့်ဟင်းခါး ၀ယ်ကျွေးမယ် ၊ သွားကြစို့ ! “

“ မေသူတို့ သုံးယောက်၊ ဘုရားဝင်းထဲက ထွက်လာခဲ့ကြတယ် ….. ”

“ အသံတွေကတော့ တိတ်ဆိတ်လို့ပေါ့ ….”

~~~~~~~~~~~~

အင်းပေါ့လေ .. ဒီလိုအဖြစ်အပျက်မျိုးက မိန်းကလေး ၁ ယောက်အဖို့တော့ စိတ်ဓါတ်ကိုရိုက်ချိုးခံရသလိုပဲပေါ့ ….။ အများစု အမြင် မှာတော့ အညှာလွယ်ပေါ့၊ မှန်ပါတယ်၊ လူသားတွေဟာ ၁ ယောက်နဲ့ ၁ ယောက်ဟာ ခံယူချက်၊ ဦးတည်ချက်၊ အသိတရား စသည်တွေက မတူညီနိုင်ဘူးလေ ၊ အမှားမကင်းတဲ့လောကကြီးမှာ ကိုယ်တိုင်သည်လည်းကောင်း၊ ကိုယ့် ဆွေမျိုး၊ မိတ်ဆွေ၊ အပေါင်းအသင်း အသိုင်းအ၀ိုင်းမှာ လည်းကောင်း ဒီလိုမျိုး အဖြစ်မျိုးတွေနဲ့ ကြုံတွေ့ရလိမ့်မယ်၊ မကြုံတွေ့ရဘူးဆိုတာ ဘယ်သူမှ အတိအကျ မပြောနိုင်ပါဘူး ၊ လူသားအချင်းချင်း စာနာမှုစိတ်ထား လေးတွေသာရှိခဲ့မယ်ဆိုရင် ဒီလိုအဖြစ်အပျက် မျိုးတွေကို ရှိလာ မှာ မဟုတ်ပါဘူး …..။

မေသူ အားပေးနှစ်သိမ့်ပေးရုံအပြင် ဘာမှမတတ်နိုင်ခဲ့ဘူးလေ ..။

လောကမှာကလည်း ကိုယ့်အပြစ်သာ မမြင်တတ်လေ့ ရှိကြတာ၊ သူများဆို ကောင်းတာကို မပြောချင်ပေမယ့် ဆိုးတာ ကိုကျတော့ လက်ညိုးထိုးချင်ကြတယ်လေ ၊ စာနာသလိုလိုနဲ့ ကွယ်ရာမှာ မကောင်းပြောတတ်တဲ့ သူတွေကလည်း ရှိနေတတ်သေးတာပဲ၊ ကူညီမလိုလိုနဲ့ ရေနစ်သူ ၀ါးကူထိုး ဆိုသလိုပဲ ရှိနေသေးတတ်ကြတော့ …. မေသူကတော့ “သကာ” လူးထားတဲ့ “တမာ” ကိုတော့ မနှစ်မြို့တာ အမှန်ပဲ ။ 

 

ပင်မြင့်ယံထက်မှာ ဖူးပွင့်ဝေဆာ

ပွင့်ဖြူ ခရေ

ရနံ့၊အဆင်း သင်း လှပေတယ် …

 

မောပမ်းနွမ်းလျ

သင်းရနံ့ကြောင့် ရင်၌အနွမ်း

လန်းဆန်းခြင်းလေး သူပေးစွမ်းတယ်

တစ်ပွင့်ခရေ .. ရနံ့မွှေးတယ် ….

 

သစ္စာတိုင်တည် သဏ္ဍာန်ဆောင်တယ်

သစ္စာတရား လက်ကိုင်ထားတဲ့

ပန်းခရေပါ ..

 

ကြွေကျ မြေခ၊ နင်းလျှောက်ခံလည်း

ရနံ့မပြယ် ၊ မြေပြင်ထက်ပင် တစ်ပွင့်ခရေ ကိုယ်ပိုင်ဟန်နဲ့ မာန်ဝင့်နိုင်တယ် ..

 

ဝေရင်လည်း မွှေး

ကြွေရင်လည်း မွှေး

နွမ်းခြောက်သည့်တိုင်

ရနံ့မပျယ်မွှေးပျံ့ဆဲပါ ပန်းခရေ ရယ် ……..။

 

မုန့်ဟင်းခါးစားပြီး မေသူတို့ အသီးသီး လမ်းခွဲပြီး အိမ်ကို ပြန်ကြတယ် …။ အပြန်လမ်း ကားပေါ်မှာတော့ မေသူ ၁ ယောက် အတွေးထဲမှာ နစ်မျောလို့နေရင်း တစ်ကိုယ်တည်း တီးတိုး ရေရွတ်မိတဲ့ ကဗျာလေး ။ 

လူသားတိုင်း စာနာမှု၊ နားလည်မှုများနဲ့ လူသားအချင်းချင်း လက်တွဲခေါ်ဆောင် တတ်ကြပါစေလို့ ခရေ့အပါအ၀င် အားလုံးသောသူများသို့ ဆန္ဒပြုရင်း ……..

 

 

မေတ္တာဖြင့်

ထရီဆာ(Teresa)

October 03, 2012 (5း06 PM)

http://teresalittleworld.blogspot.com

In: ဝတ္ထု Posted By: Date: Oct 5, 2012
Comment #1

ဝေရင်လည်း မွှေး

ကြွေရင်လည်း မွှေး

နွမ်းခြောက်သည့်တိုင်

ရနံ့မပျယ်မွှေးပျံ့ဆဲပါ ပန်းခရေ ရယ် ……..။

commentinfo By: mayviolet at Oct 5, 2012
Comment #2

oh,,
feel so sorry after reading this novel.
🙁

commentinfo By: ei lay at Oct 6, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment