Professional Authors

ဂစ်တာလေးကပြောသော ချစ်ခြင်းအကြောင်း….။ ။

အဲဒီ့နေ့က ချစ်သူတိုင်း အလေးထားတဲ့ ဖေဖေါ်ဝါရီ ၁၄ ရက်နေ့ပေါ့ဗျာ….
ကောင်လေးတစ်ယောက် ကျွန်တော့်ကို ၀ယ်ယူသွားပါတယ်……။
ကောင်လေးရဲ့ လက်ထဲမှာ ပန်းစည်းလှလှလေးတစ်စည်းလည်းပါသေးတယ်….။
ငွေရှင်းပြီးနောက် ကျွန်တော့ကို သယ်ဆောင်သွားသော ကောင်လေးရဲ့ခြေလှမ်းတွေဟာ အရမ်း သွက်လက် တက်ကြွနေတယ်ဗျာ……
သိပ်မကြာခင်မှာပဲ ကောင်မလေးတစ်ယောက်ကို ကျွန်တော်တွေ့ခဲ့တယ်……..
အထူးအဆန်းပေါ့ဗျ ကျွန်တော့ကို အသုံးပြုတာ ကောင်လေးတွေ များတယ်….ဒါပေမယ့်…..အခု တစ်ခါ ကျွန်တော့ပိုင်ရှင်က ကောင်မလေး ဖြစ်နေတယ်…….။
ကောင်လေးက ကောင်မလေးအား…Valentine  လက်ဆောင်အဖြစ် ကျွန်တော့ကို ပေးပါတယ်….
ကောင်မလေးရဲ့ အံ့သြပျော်ရွှင်နေသော မျက်လုံးတွေ……၀မ်းသာနေသော စကားသံလေးတွေကို ကျွန်တော် မြင်ခဲ့ကြားခဲ့ရတယ်….။
ကောင်လေးက ပြောပါတယ်…..နောက် မောင့်ကို ဒီဂစ်တာလေးနဲ့ သီချင်းဆိုပြနော် တဲ့….
ကောင်မလေးက ဟုတ်ကဲ့ မောင် လို့ ပြောရင်း ကောင်လေးရဲ့ ပုခုံးကို မှီလိုက်ပါတယ်….
ကျွန်တော့စိတ်ထဲမှာ ဒီစုံတွဲလေးအတွက် ကြည်နူးမိပါတယ်…..ကောင်လေးနဲ့ ကောင်မလေးဟာ အရမ်း လိုက်ဖက်ညီတဲ့ စုံတွဲလေးပါပဲ…..။

ကျွန်တော် ကောင်မလေးကုတင်နဲ့ ထောင့်နားလေးမှာ နေရာရပါတယ်….။
ကောင်မလေးက ကျွန်တော့်ရဲ့ ကြိုးတွေကို တို့ထိကစားရင်း ပြုံးနေတတ်တယ်…..။
ကျွန်တော့်အား ကျွမ်းကျင်ပိုင်နိုင်စွာ တီးခတ်ရင်း သံစဉ်မြူးမြူးလေးတွေ ဆိုညည်းလေ့ရှိတယ်….။
ကောင်မလေးရဲ့ ချစ်သူပေးသော အမှတ်တရကို တန်ဖိုးထား…ယုယတတ်တဲ့ စိတ်ထားတွေကိုလည်း ကျွန်တော် သိခွင့်ရခဲ့တယ်…..။
တစ်ဦးတည်းနေထိုင်သော ကောင်မလေးရဲ့ တိုက်ခန်းအတွင်းမှာ  နေ့စဉ်နဲ့အမျှ ကျွန်တော့်ရဲ့ သံစဉ်တွေ ဖုံးလွှမ်းခဲ့တယ်….။
ကောင်မလေးဟာ သူ့ရဲ့အားလပ်ချိန်တွေကို ကျွန်တော့်အား အသစ်အသစ်သော သီချင်းတွေ ဖန်ဆင်းရင်း….ကုန်ဆုံးစေခဲ့ပါတယ်…။
ကျွန်တော် ကောင်မလေးနဲ့အတူ တစ်ပတ်တစ်ခါ အပြင်ကို လိုက်ပါခွင့်ရှိခဲ့တယ်…။
အဲဒီ့အချိန်ကလည်း ကောင်မလေးက သူ့ချစ်သူကောင်လေးကို သီချင်းလေးတွေ ဆိုညည်းပြတဲ့အချိန်ပါပဲ…..။
တခါတလေ ကောင်မလေးရဲ့ သီချင်းလေးတွက ဟောင်းနွမ်းနေပေမယ့်….သူ့ချစ်သူကောင်လေးအတွက်တော့ အမြဲ မရိုးနိုင်တဲ့ တေးသား လေးတွေပဲ လို့ ကျွန်တော် ထင်ခဲ့တယ်….။
ဘာပဲဖြစ်ဖြစ် ကျွန်တော်လည်း သူတို့နဲ့အတူ အဲဒီ့နေ့လေးတွေကို ပျော်ရွှင်ပါတယ်….။
ချစ်သူနှစ်ဦးရဲ့ သင်္ကေတအဖြစ် သတ်မှတ်မှုကို ခံယူရင်း ကျွန်တော် ကိုယ်တိုင်ကိုယ်ကျ သံစဉ်စာသားတို့ ထုတ်လွှတ်ပေးခွင့်ရလို့ပါ….။
ကောင်မလေးရဲ့ သီချင်းဆိုညည်းပုံတွေဟာ နှလုံးသားထဲက လာခဲ့သလို ကောင်လေးရဲ့ နားဆင် ခံစားမှုတွေဟာလည်း ရင်နဲ့ရင်းထားခဲ့တယ်လို့ ကျွန်တော် ထင်ခဲ့တယ်….။

ဒီလိုနဲ့ ကျွန်တော်ဟာ ကောင်မလေးရဲ့ အရင်းနှီးဆုံးဖြစ်ခဲ့သလို ကောင်မလေး အထီးကျန်သမျှအချိန်တွေမှာ အဖော်ပြုခဲ့သူလည်း ဖြစ်ခဲ့တယ်….။
ကောင်မလေးအလိုကျ တေးသားတွေ ထုတ်လွှတ်ပေးရင်း ကောင်မလေးရဲ့ ကောင်လေးအပေါ် ချစ်ခြင်းအားလုံးကို ကျွန်တော် အသိဆုံးဖြစ်ခဲ့တယ်….။

ဒီရက်ပိုင်းတွေ ကျွန်တော် တော်တော် ထူးဆန်းနေတယ်ဗျာ…..
ကောင်မလေး ညည်းသမျှ သီချင်းသံတွေဟာ…..အဆွေးတွေရော အလွမ်းတွေ နှောနေတယ်…..။
 ကျွန်တော်လည်း အစွမ်းရှိသလောက် ကောင်မလေးရဲ့ အဆွေးတို့ထဲ ပျော်ဝင်ပေးခဲ့တယ်….
နောက် ထူးခြားမှုက အရင်ကဆို ကျွန်တော်နဲ့ ကောင်မလေး သီချင်းတွေ ဟစ်ကြွေး လက်ကွက်ဆန်းတို့ ရှာဖွေနေတဲ့အချိန်တိုင်း ၄၅ မိနစ်လောက် ရပ်တန့်စေတတ်တဲ့ ကောင်လေးရဲ့ ဖုန်း …..မလာတော့တာပါပဲ…..။
ဒီတစ်ပတ် ကျွန်တော်နဲ့ ကောင်မလေး သွားနေကျထိုင်ခုံလေးဆီသို့သွားခဲ့ပါတယ်….
အခု ကောင်မလေး ဆိုပြမယ့်သီချင်းလေးက ကျွန်တော့်အတွက် အနည်းငယ် အံ့သြမှုတို့ဖြစ်စေပါတယ်….။
အရင်ကဆို ကောင်မလေးအလာကို မျှော်နေတတ်တဲ့ ကောင်လေးရဲ့ပုံရိပ်ကို ကျွန်တော် လှမ်းမြင်နေကျပါ…..။
ဒါပေမယ့်……အခု ကောင်လေးမရောက်သေးဘူး…..။
ကောင်မလေး ကျွန်တော့်ကို သူ့ဘေးမှာ ထားလျှက် အချိန်တော်တော်ကြာ စောင့်ခဲ့တယ်….။
၂ နာရီလောက်ကြာတဲ့အထိ ကောင်လေးရောက်မလာတဲ့အခါ…..ကောင်မလေး ဖုန်းခေါ်ပါတယ်….
ဆက်သွယ်မှု ဧရိယာ ပြင်ပဆိုတဲ့ စကားသံကို ကျွန်တော် ခဏခဏ ကြားခဲ့ရတယ်….။
နောက်ဆုံး ကောင်မလေး ပြန်လာပါတယ်……
ကျွန်တော့ကို သယ်ဆောင်လာတဲ့ ကောင်မလေးခြေလှမ်းတွေဟာ….နှေးကွေးစွာနဲ့ပေါ့…..။
ပြီးတော့ အားအင်မဲ့နေသလိုလည်း ကျွန်တော် ခံစားလိုက်ရတယ်…..။

ကျွန်တော်နဲ့ ကောင်မလေး ထိုခုံတန်းလေးဆီသို့ တစ်ပတ်တစ်ခါ ပုံမှန်သွားမြဲပါပဲ…….
 ကောင်လေးနားမထောင်ဖြစ်တဲ့ သီချင်းတွေလည်း တစ်ပုံတစ်ပင်ပေါ့ဗျာ….။
ဒါပေမယ့် ကောင်မလေးကတော့ တစ်ပတ်တစ်ခါ သီချင်းအသစ်တို့ရှာဖွေ တီးခက်ရင်း ကျွန်တော့်ရဲ့ သံစဉ်တွေကို အဖော်ပြုနေဆဲပါ……။အဲလို တီးခတ်နေရင်း…..တစ်ရက်မှာတော့ ကျွန်တော့ရဲ့ ကြိုးလေး တစ်ချောင်း ပြတ်တောက်သွားခဲ့ပါတယ်……
အဲဒီ့အချိန်မှာပဲ ကောင်မလေးရဲ့မျက်ရည်စက်တွေ ကျွန်တော့်ဆီ လာထိမှန်ရင်း…..မောင်ရယ် သက်မဲ့ ပစ္စည်းလေးတောင်မှ ပြတ်တောက်မှုတွေ အစပြုနေပြီတဲ့…..
ကျွန်တော် အဲဒီ့စကားရဲ့ အနက်ကို ကောင်းစွာနားလည် သဘောပေါက်မိခဲ့တယ်….။

ခုနောက်ပိုင်း ကောင်မလေး ညဘက်တွေဆို အရမ်းအိပ်မောကျနေတတ်တယ်……
ကျွန်တော်ထင်ပါတယ်…….
ချစ်သူကောင်လေးရဲ့ ဥပေက္ခာပြုခြင်းတွေကို တာရှည်စွာမခံနိုင်တဲ့ကောင်မလေး….
ညအိပ်မရခြင်းများစွာအား အိပ်ဆေးတို့ တန်ခိုးနဲ့ ကျော်ဖြတ်နေတတ်တယ်ဆိုတာ……..။
ကောင်မလေး အိပ်ပျော်နေစဉ်မှာ ဖုန်းအမြဲလာတတ်တယ်…..။
မနက်မိုးလင်း ကောင်မလေး အိပ်ယာနိုးတိုင်း အဲဒီ့ဖုန်းကို ပြန်ဆက်တဲ့အခါ….တစ်ဖက်သို့ ဖုန်းခေါ်မရဖြစ်နေခဲ့တယ်…..။

တစ်ရက်တော့ ကောင်မလေး ညဘက်မအိပ်တော့ဘဲ…..ထို ဖုန်းအားစောင့်နေတယ်ဗျ…..
ညက တဖြည်းဖြည်းနက်လာခဲ့တယ်…..ကောင်မလေး အရဲစွန့်ပြီး အဲဖုန်းကို ကြိုးစားခေါ်ပါတယ်….ဖုန်းဝင်ခဲ့တယ်…..
ကျွန်တော် နားစွံနားဖျားကြားမိတာကတော့ မိန်းမကြီးတစ်ယောက်အသံပါပဲ…..
နောက်တော့ ကောင်မလေး ၀ရံတာ ထွက်ပြီး ဖုန်းပြောပါတယ်….
ဘာတွေပြောလဲဆိုတာ ကျွန်တော် တကယ်သိချင်တယ်ဗျာ….။
 ၂၅ မိနစ်လောက်ကြာတော့ ကောင်မလေး ကျွန်တော့နားသို့ ပြန်ရောက်လာပါတယ်….။
သည်းထန်စွာ ငိုကြွေးပါတယ်…..
ကောင်မလေးရဲ့ ရှိုက်သံတွေက အခန်းတစ်ခုလုံး ဆူညံနေရင်း…….နောက်ဆုံးကောင်မလေး ကျွန်တော်နဲ့အတူ သီချင်းတစ်ပုဒ်အား ဆိုညည်းပါတယ်…..
ကျွန်တော်လေ….အဲသီချင်းအတွက် သံစဉ်တို့ ထုတ်လွှတ်ပေးရတာ အရမ်းနင့်နဲ့လွန်းနေတယ်…..
သီချင်းဟောင်းလေးတစ်ပုဒ်ပါပဲ
မုန်းမေ့ဖို့ မလွယ် ဆိုတဲ့ သီချင်းလေးပါ…….။
ထိုသီချင်းလေးအပြီးမှာ ကောင်မလေး ထုံးစံအတိုင်း အိပ်ဆေးသောက်ပြီး အိပ်ရာဝင်ခဲ့တယ်…..။

ကျွန်တော် သတိထားမိနေတာကြာပြီဗျ…..ကောင်မလေးဘယ်မှ မသွားသလို….အစားအသောက်လည်း နည်းလာခဲ့တယ်…..။အချိန်ရှိတိုင်း လှဲလျောင်းနေတတ်သလို….
အိပ်မပျော်တိုင်း အိပ်ဆေးတွေသာ သောက်နေခဲ့တယ်….။
ဒီမနက်ပိုင်းမှာ မိုးတွေတအားရွာနေတယ်ဗျ……(အောက်တိုဘာ မိုးပေါ့ဗျာ)
ကောင်မလေး ပုံကြည့်ရတာ အားနည်းနေတယ်……ပြီးတော့ ကောင်မလေးရဲ့ ခြေလှမ်းတွေဟာ……ယိုင်နေတယ်….။
မိုးစက်တွေကို ကြည့်ဖို့ ကောင်မလေး ၀ရံတာဆီ လမ်းလျှောက်လာခဲ့တယ်….။မိုးစက်တွေကို လက်နဲ့ဆော့ကစားပြီး ကောင်မလေး ပြုံးပါတယ်….။
ကျွန်တော် အဲဒီ့အပြုံးကို မတွေ့ရတာ ကြာခဲ့ပါပြီ……။တကယ်တော့ အဲ့ဒီ့အပြုံးဟာ နောက်ဆုံးဆိုရင် ကျွန်တော် ၀မ်းသာစွာနဲ့ ကြည့်မိခဲ့မှာ မဟုတ်ဘူးဗျာ….။
မိုးရေတွေ စိုလာရင်း ကောင်မလေးရဲ့ ခေါင်းတွေပါ မိုးရေတွေစိုလာခဲ့တယ်….။
နောက်တော့ ကောင်မလေး ရေချိုးခန်းထဲဝင်သွားပါတယ်…..။
ကျွန်တော့ အထင် ကောင်မလေး လန်းလန်းဆန်းဆန်း ပြန်ဖြစ်နေပြီပေါ့ဟာ…..။
အချိန်တွေ တဖြည်းဖြည်း ကုန်လာပါပြီ….ရွာနေတဲ့မိုးလည်း တိတ်သွားခဲ့ပြီ……ခုထိ ကောင်မလေးရေချိုးခန်းထဲက ထွက်မလာသေးဘူးဗျ……။
မနက် ၁၀ နာရီကတည်းက ကောင်မလေး ရေချိုးခန်းထဲဝင်သွားလိုက်တာပဲ……
ခု နေ့လည် ၂ နာရီ ခွဲနေပါပြီ…..ကောင်မလေး ထွက်မလာသေးဘူး……
ကျွန်တော် စိုးရိမ်ကြီးစွာနဲ့ပဲ…..ရေချိုးခန်းတံခါးကို ကြည့်နေမိတယ်…..အဲဒီ့အချိန်မှာ…..
အိမ်ရှေ့က ကောင်မလေးနာမည် ခေါ်သံတွေကြားရပါတယ်…..။
ကျွန်တော် အဲဒီ့အသံကို မှတ်မိတယ်ဗျ….ရင်းလည်း ရင်းနှီးတယ်….
ကောင်လေးရဲ့ ခေါ်သံပါပဲ…….အဆက်မပြတ် တံခါးကို ကို ထုရိုက်ရင်း ခေါ်နေတာပါ….။
ကောင်မလေး ဘာလို့ထွက်မလာတာလဲ….?ကောင်မလေးရဲ့ ဖုန်းကလည်း အကြိမ်ကြိမ်မြည်နေပါတယ်…..ကောင်မလေး ဘာလို့ ဖုန်းထွက်မကိုင်ရတာလဲ….?
နောက်အချိန်တော်တော်ကြာတော့…ကောင်လေးနဲ့ ဘေးအခန်းကလူတွေ သော့ဖက်ပြီး ၀င်လာကြပါတယ်….။
ကျွန်တော် ကောင်လေးကို တွေ့လိုက်ရပါပြီ…….
ခရီးဝေးက လာခဲ့တဲ့ပုံစံပါပဲ…..ကောင်လေးရဲ့ မျက်ဝန်းတွေထဲမှာ မျှော်လင့်ခြင်းတွေတွေ့ရတယ်…။ကောင်လေး ကောင်မလေးကို လိုက်ရှာပါတယ်…..။
ရေချိုးခန်းတံခါးက ဂျက်ချထားလို့ကြောင့် ကောင်လေး အတင်း ရိုက်ဖွင့်ပြီး ၀င်ရင်း……ဒူးထောက်ချကာ ထိုင်ချလိုက်တယ်…..။
ရေတွေစိုရွှဲနေတဲ့ ကောင်မလေးရဲ့ အသက်မဲ့ခန္ဓာကိုယ်လေးကို ကောင်လေးပွေ့ချီလာခဲ့ပါတယ်….။
ကောင်မလေးရဲ့ ခေါင်းမှာ သွေးစတို့ စွန်းနေတယ်…..။
ကောင်လေး အရုပ်ကျိုးပျက် ဖြစ်နေရင်း ကောင်မလေးကို ယူကျုံးမရစွာ ကြည့်နေခဲ့တယ်……။

ကျွန်တော် သိခဲ့ပါပြီ……အအိပ်အစားများစွာမမှန်တဲ့ ကောင်မလေး အိပ်ဆေးတို့ရဲ့အစွမ်းတွေနဲ့ ကျင်လည်နေရင်းနဲ့…….
ကောင်မလေး တဖြည်းဖြည်းအားနည်းလာခဲ့တယ်…..။
နောက်ဆုံးတော့ ရေချိုးခန်းထဲအ၀င် မူးလဲရင်း……အုတ်ကန်ဘောင်နဲ့ ခေါင်းရိုက်မိတဲ့ ကောင်မလေး သွေးထွက်လွန်စွာနဲ့ ကျွန်တော်နဲ့ ဒီအခန်း….ကောင်လေးနဲ့ ဒီလောကကြီးကို စွန့်ခွာသွားခဲ့ပါပြီ…..။

ကောင်လေးရဲ့ ရင်ဖွင့်သံတွေ ကျွန်တော် နားနဲ့ ဆက်ဆက်ကြားခဲ့ရပါတယ်…….ရန်ကုန်မြို့မှာ တစ်ယောက်တည်း အခန်းငှားနေသော ကောင်မလေး…..မိဘတွေ ဆုံးပါး….ဆွေမျိုးမဲ့ရင်း……ကျန်ရစ်ခဲ့သော အမွေအနည်းငယ်နဲ့သာ ရှင်သန်နေရသော ကောင်မလေးကို ကောင်လေးရဲ့ အသိုင်းအ၀ိုင်းက သဘောမတူခြင်းတွေ စတင်ခဲ့ပါတယ်……………… ကောင်လေးရဲ့ မိဘတွေက ကောင်မလေးနဲ့ အဆက်အသွယ်ဖြတ်ရန် အမိန့်တို့ပေးခဲ့ပါတယ်……ကောင်မလေးကို အသိမပေးရက်သော ကောင်လေးက မိဘတွေရဲ့ အလိုအတိုင်း ခဏဟန်ဆောင်နေပေးရင်း….ကောင်မလေးအား ပစ်ထားသလို ဖြစ်ခဲ့တယ်……ဒါပေမယ့် ကောင်လေးရဲ့ ယုံကြည်ချက်…ကောင်မလေးကို အမြဲပြောဖူးနေကျ ကျွန်တော်သိသောစကားကဲ့သို့ ကောင်လေး ဆုံးဖြတ် ကျင့်သုံးခဲ့ပါတယ်……အဲ့ဒီ့စကားလေးကို ကျွန်တော် သူတို့နှစ်ယောက်တွေ့တိုင်း အမြဲကြားဖူးနေကျပါပဲ…….ဘာတွေပဲဖြစ်ဖြစ် ဘာ့ကြောင့်ပဲဖြစ်ဖြစ် မောင် မင်းကို ဘယ်တော့မှ မထားခဲ့ပါဘူးတဲ့…….။ဘာကြောင့်ကောင်လေး အဝေးကို ထွက်သွားခဲ့ရတာလဲ…..?
ကောင်လေးရဲ့ ဖခင် တာဝန်ကျရာနေရာမှာ car accident ဖြစ်ပြီး ဆေးရုံတင်ရပါတယ်……ကောင်လေးတို့ မိသားစု ညတွင်းချင်းလိုက်သွားကြတယ်……။
အဲဒီ့နေရာက  ရန်ုကုန်နဲ့ အလှမ်းဝေးလွန်းပါတယ်….။ကောင်မလေးအိပ်ပျော်နေတဲ့အချိန် ညတိုင်းဖုန်းခေါ်တဲ့သူဟာ ကောင်လေးဖြစ်ခဲ့သလို…….ကောင်မလေး သူ့အား စိတ်နာနေပြီအထင်နဲ့ ကောင်လေး ကြေကွဲခဲ့ရကြောင်း ကျွန်တော်သိခဲ့ရတယ်…..။တိုက်ဆိုင်မှုတွေ မှားယွင်းစွာနဲ့ပဲ ကောင်မလေး ဖုန်းခေါ်ချိန်မှာ ကောင်လေးရဲ့ မိခင်နဲ့သာ တွေ့ခွင့်ရခဲ့တယ်….။ကောင်မလေး သည်းထန်စွာ ငိုကြွေးရတဲ့ညက ဖုန်းထဲမှ အသံသည် ကောင်လေး မိခင် အသံဆိုတာ….ကျွန်တော် နားလည်ခဲ့ပါပြီ…….။
ကောင်လေး ကောင်မလေးရဲ့ အခန်းမှာသာ ဆက်နေထိုင်ခဲ့ပါတယ်…..။အခု ကျွန်တော့ရဲ့ ပိုင်ရှင်က ကောင်လေးဖြစ်သွားပါပြီ……။ ကျွန်တော် ကောင်လေးရဲ့ ခံစားမှုတွေအားဖြေသာစေအောင် ကောင်မလေးရဲ့ ချစ်တတ်ခဲ့ပုံတွေကို ပြောပြချင်မိပါတယ်……။ဒါပေမယ့် ကျွန်တော် နှစ်ဦးနှစ်ဖက်ရဲ့ ချစ်ခြင်းတွေကို အချိန်များစွာ သိခွင့်ရခဲ့တယ်……။ညစဉ်ညတိုင်း ကောင်လေးတီးခတ်နေကျ သီချင်းသံတွေအတွက် ကျွန်တော်ဝမ်းနည်းရပါတယ်……ဂရေဟမ်ရဲ့ ၀ိညာဉ်တစ်ခုရဲ့ ဆန္ဒ ပါပဲ…….ဒီသီချင်းကိုသာ ကောင်မလေးကြားခဲ့ရင်ဆိုတဲ့ အထင်နဲ့ ကျွန်တော် ကောင်းလေးကဲ့သို့ ထပ်တူထပ်မျှစိတ်မကောင်းဖြစ်ခဲ့ရတယ်…..။
တခါတလေ ကျွန်တော့ရဲ့ ကိုယ်ပေါ်သို့ ကောင်လေးရဲ့ မျက်ရည်စက်တွေ ထိမှန်တတ်ပါတယ်….။
ကျွန်တော် ချစ်သူနှစ်ဦးရဲ့ ကြေကွဲခြင်းမျက်ရည်စက်တွေကို ထိတွေ့ခွင့်ရခဲ့တယ်….။

အချိန် ၇ နှစ်ဆိုတဲ့အချိန်ဟာ အရာရာကို ပြောင်းလဲစေခဲ့ပါတယ်……ကောင်လေး ကောင်မလေးရဲ့အခန်းကို ခဏကျော်ခိုင်းရင်း……ကျွန်တော့ကို ခေါ်ဆောင်ကာ တိုင်းတစ်ပါးသို့ ပြောင်းရွေ့ခဲ့ပါတယ်….။
ကောင်လေး အရင်ကလို ဆိုနေကျသီချင်းကို နေ့စဉ်မတီးခတ်တော့ပေမယ့် ကောင်မလေးရဲ့ ဓါတ်ပုံကို ကြည့်ရင်း ပါးစပ်ဖျားမှ ထိုသီချင်းအား ညည်းနေတတ်ပါတယ်…..
ဒါပေမယ့်………ကောင်မလေးရဲ့ အခန်းအား မည်သူ့ကိုမှ မရောင်းခဲ့ဘဲ…..နောင်တစ်ချိန်မှာ သူနေထိုင်ရန်…….ဆုံးဖြတ်ခဲ့ပါတယ်….။

ကောင်လေး ရန်ကုန်ကို ပြန်ရောက်တဲ့အခါ သူ့အိမ်မှ အိမ်ထောင်ချပေးရန် စီစဉ်ပါတယ်….။
ကျွန်တော်လည်း ဘာမှ မဝေဖန်လိုတော့ပဲ ကောင်လေးရဲ့ ဘ၀ကို ပြောင်းလဲစေချင်ခဲ့တယ်…..။
တစ်နေ့တော့ ကောင်လေးရဲ့ ဇနီးလောင်းဟု သတ်မှတ်ထားသော မိန်းကလေးတစ်ယောက် ကျွန်တော့ကို မြင်ပြီး ကောင်လေးအား ဂစ်တာတီးပြရန် ပူဆာပါတော့တယ်…..။
ကျွန်တော် သိပ်သိချင်ပါတယ်…..ကောင်လေး ထိုမိန်းကလေးကို ဘယ်လို သီချင်းမျိုးနဲ့ တင်စားညွှန်းဆိုမလဲဆိုတာကိုပေါ့ဗျာ…..။
ဒါပေမယ့် လက်ကွက်စအခတ်မှာပဲ ကျွန်တော် အံ့အားသင့်စွာ….သံစဉ်တို့ ထုတ်လွှတ်ပေးခဲ့ရတယ်……
ကျွန်တော် အရင်က ကောင်လေးနဲ့အတူ လွင့်မျောနေကြ ၀ိညာဉ်တစ်ခုရဲ့ ဆန္ဒ သီချင်းပါပဲ….။
ထိုသီချင်းကို ကြားကြားချင်း ထိုမိန်းကလေးက စကားတစ်ခွန်းပြောဆိုလျက်….ကျောခိုင်းသွားခဲ့ပါတယ်……
“ရှင့် မှာ အဲလို ခံစားချက်နဲ့ ကျွန်မကို မပြောနဲ့ တခြားဘယ်မိန်းကလေးကိုမှ လက်မထပ်ပါနဲ့ “တဲ့
ကောင်လေးဘက်က ဘာမှ ဆက်မပြောပါ….
ကျွန်တော့ကိုသာ အာရုံစိုက် တီးခတ်ရင်း………
ကောင်မလေးရဲ့ Photo Stand လေးကို ကြည့်နေပါတယ်……
ကောင်လေး ထိုသီချင်းကိုသာ ဆက်လက်တီးခတ်နေဆဲ…………
သီချင်းလေးအပြီးမှာ……ကောင်လေး ကျွန်တော့အား ပိုက်လက် ကောင်မလေးကို ကတိတစ်ခုပေးလိုက်ပါတယ်……
“မောင့်ဘေးမှာ မင်းရဲ့ကိုယ်ပွား ဒီဂစ်တာလေးရှိနေသရွေ့ မောင် ဘယ်သူ့ကိုမှ မောင့်ရင်ခွင်ထဲ ခိုနားခွင့်မပေးပါဘူး” တဲ့…..
ကျွန်တော် အရမ်း မှင်သက်သွားပါတယ်……ကျွန်တော် တစ်စုံတစ်ရာအတွက် ကျေနပ်ရင်း တစ်ခုခုအတွက် ၀မ်းနည်းမိခဲ့တယ်…..။
ဘာပဲဖြစ်ဖြစ်ပါ……..ကျွန်တော် တာဝန်ကျေပွန်စွာနဲ့ ကောင်လေးရဲ့ဘေးမှာ သီချင်းတစ်ပုဒ်အတွက် ဆက်လက်ရှိနေဦးမှာပါ……
ကျွန်တော် ဂုဏ်ယူပါတယ်….အချစ်ကို နူးညံ့စွာ ခံစားခဲ့သူနှစ်ဦးရဲ့ အနီးကပ်ဆုံး သက်မဲ့ဂစ်တာတစ်ခုဘ၀ကို……။
ကျွန်တော် ကျွန်တော့်ရဲ့ ကိုယ်ထည်ကြီး မဟောင်းသရွေ့ ကောင်လေးရဲ့ အလွမ်းများစွာအတွက်
သံစုံမြည်ပေးရင်း……ထာဝရ ဒီဘ၀ကို ကျေနပ်သွားမိမှာပါဗျာ…….။

အလွမ်း….(12.11.2011)
1:50 pm

In: ဝတ္ထု Posted By: Date: Nov 12, 2011
Comment #1

အလွမ်းးးးးးးး
တစ်မျိုးလေးပဲ.ကောင်းတယ်။အားပေးသွားပါတယ်။

commentinfo By: poem.poem28 at Nov 12, 2011
Comment #2

so so nice.
i like so much.
af reading all,really want 2 cry.
i don’t want 2 have that kind of feeling anymore.
i m afraid of so so much.

commentinfo By: ei lay at Nov 14, 2011
Comment #3

အဲဒီလိုအရေးအသားမျိုးလေးတွေ ကြိုက်ပါတယ်။

commentinfo By: Mal Ma Di at Dec 12, 2011
Comment #4

အ၇မ်းကြိုက်ပါတယ်…

commentinfo By: ဖူးမေ at Dec 21, 2011
Comment #5

ှုငိုတာပဲ သနားလို့ 

commentinfo By: NC at Dec 21, 2011
Comment #6

everybody has his own feeling and desire.
nobody prevent.
nobody concern.
everybody can express his own wish.
it’s human right,

commentinfo By: ei lay at Dec 21, 2011
Comment #7

ကျေးဇူးတင်ပါတယ်။။
ဒီဝတ္ထုလေးကို အားပေးတဲ့ သူငယ်ချင်းတွေ အားလုံးကို
ဒီအကြောင်းအရာလေးက အပြင်မှာ တကယ်ရှိခဲ့ဖူးပါတယ်…..။
တကယ့်ဖြစ်ရပ်ထဲက ဂစ်တာတေလးနေရာကနေ စိတ်ကူးနဲ့ရေးသားထားတာပါ….။
အားပေးတဲ့အတွက် အရမ်းကျေးဇူးတင်ပါတယ်…။

commentinfo By: အလွမ်း at Dec 23, 2011
Comment #8

တကယ်လေးစားပါတယ်ဗျာ ကိုအလွမ်း..
အရမ်းဖတ်လိုပကောင်းပါတယ်..

commentinfo By: သက္ကရာဇ် at Dec 25, 2011
Comment #9

ကိုအလွမ်းမဟုတ်ရပါဘူး ကို သက္ကရာဇ်ရယ်
မအလွမ်းပါ…..:)

commentinfo By: အလွမ်း at Apr 7, 2012
Comment #10

ဂုဏ်ယူပါတယ်အလွမ်းရေ ……………ကြိုးစားထားနော်……..

commentinfo By: May Kha at Nov 5, 2012
Comment #11

ဝတ္ထုစာမျက်နှာတစ်ခုလိုပဲ။

commentinfo By: mr.black at Nov 5, 2012
Comment #12

အလွမ်းရေ …ကြိုးစားထား

commentinfo By: thulattyar at Nov 5, 2012
Comment #13

အရမ်းကောင်းပါတယ်…အဲ့လိုကောင်လေးရောအပြင်မှာတကယ်ရှိနိုင်ပါ့မလား..

commentinfo By: sweswemyint at Oct 21, 2013

Leave Comments

Name*

Email*
Website
Email me whenever there is new comment