Professional Authors

ကျေးဇူးပြုပြီး……နင်ထွက်သွားပါ……(ဒီဘ၀အဆုံးထိပေါ့ဟာ)…။

နင်ပြောတဲ့ အနာဂတ်ခရီးရှည်ကြီးထဲမှာ….ငါက မင်းသမီးတဲ့လား…..? ဒီစကားက သေချာရင်…အဲဒီ့မင်းသမီးဘ၀က ရှုံးတစ်လှည့် ငိုတစ်ခါ အရာရာမှာ ခေါင်းငုံ့ထားရမှာပေါ့နော်….။
ခပ်ညံ့ညံ့အယူအဆတွေနဲ့ ကြုံလာသမျှ သည်းခံ…..ဒါ နားလည်မှုမှ မဟုတ်ဘဲ နင်ဖန်တီးတဲ့ လုပ်ကြံမှုတွေအတွက် အယူသန် နင် ချမှတ်ထားသော စည်းမျဉ်းစည်းကမ်းပါ….။
တစ်နည်းပြောရရင် ချို့တဲ့နေတဲ့ ကြင်နာခြင်းအလုံးစုံနဲ့သာ နင်ထားရာနေ နင်နှင်ရင်သွား… နင်ဘယ်အချိန်ခေါ်ယူမလဲ စောင့်စားနေဖို့….နယ်ရုပ် တစ်ရုပ်လို နင် သဘောထားခဲ့တာပါ…။
 နင်ပြောဖူးပါတယ်… “အချိန်တန်ရင် ဒီအိမ်ကို ပြန်လာမှာပေါ့”တဲ့ အိမ်ပြန်ချိန်မရောက်ခင်အထိတော့….. နင်ဆိုတဲ့ လူက ဒီရင်ခွင်ကိုမေ့….ကိုယ်ချင်းစာမှု နတ္ထိတွေနဲ့ ခင်တွယ်ရာမှာ ပျော်သလိုနေ…….. ငါဆိုတဲ့ မိန်းမက နင့် အမိန့်စကားကလွဲ ဘယ်မျက်ဝန်းကိုမှ နွယ်ပင်လို့ မထင်ရဘူးပေါ့နော်…။

သိပ်လှတဲ့ ခံယူချက်နဲ့ နင်တွေးဆနေခဲ့တာ (သို့) နင်ပြောသလို ငါ့ရှင်သန်မှုတွေကို စောင့်ရှောက်လာခဲ့တာ……ဘယ်လောက်ကြာခဲ့ပြီလဲ…..?(နင်တွေးပါ…..) နောက်ဘယ်လောက်ထပ်ကြာနိုင်ဦးမှာလဲ…..?(နင် ဆုံးဖြတ်ပါ)

နင့်လုပ်ရပ်တွေ ငါကြားသိရင်း…..အရင့်အရင်က နင့်ယုံချင်စရာစကားလုံးတွေနဲ့ ကြိုးစားနှစ်သိမ့်လာရင်း….ငါနေထိုင်နေရတဲ့ နင့်စိမ်းကားမှုရပ်ဝန်းမှာ ငါ……ဘယ်အတိုင်းအတာထိ တည်ရှိပေးရဦးမလဲ…..?
ငါတို့ အနေတွေဝေးပါတယ်……ဒါပေမယ့် အနေဝေးတိုင်း သွေးအေးကြေးဆို…….အဝေးဝေးက ပေါင်းဆုံမှုတွေနဲ့ နင်ဘာလို့ ဥပမာတွေ ပေးခဲ့လဲ….?
 နင့်ဝန်းကျင်မှာ အသစ်တို့ပေါပါတယ်…..ဒါပေမယ့် သံယောဇဉ်ကသာ အဓိကပါ လို့ နင် ဘာ့ကြောင့် အာမတွေခံ ခဲ့လဲ…..? အနေနီးသောသူထံ နင် ပျော်ဝင်နေပါတယ်…..ဒါပေမယ့် အဝေးအရပ်က ငါ့ထံသို့ တခါတလေ နီးစပ်နိုင်ဖို့ ပုံရိပ်တွေ ဘာ့ကြောင့် နင်တမင် ပို့လွှတ်လဲ…..?
အနေဝေးလို့သွေးအေးတယ်ဆိုရင် ငါအနေနီးအောင် ဒီမှာ ကြိုးစားနေတာပဲ…..မဝေးတော့တဲ့တစ်ချိန်မှာ…..ငါတို့အပြုံးတွေက အကောင်းဆုံးဖြစ်လာမှာပေါ့…..။
အသစ်အဆန်းတို့ရောယှက်တာမခံချင်ရင် နင်ပြောတဲ့ အဓိကကျသော ငါတို့သံယောဇဉ်ဆိုတာကို ငါ ဒီမှာ အတုအပမရှိ ထုဆစ်နေဆဲလေ……ဘာအတွက်ကြောင့် အပြစ်တချို့နဲ့ စကားဆိုလာတာလဲ…..?
 အနေနီးတာကြောင့်မို့ နင် ရင်ခုန်မှုရှိနေရင်….ဒီအဝေးက ငါ…. နင့်ရင်အစုံလှုပ်နိုးနေအောင် အမှတ်တရတို့ပေး……ဒီကဗျာ ဒီရသတွေနဲ့ အမြဲတမ်းနင့်ကို ရည်စူးနေတယ်လေ….. တကယ်နင်သာ ကြည်နူးတတ်မယ်ဆိုရင် ဘယ်ရင်ခွင် ဘယ်သူကမှ နင့်ကို သာယာလာအောင် မစွမ်းဆောင်နိုင်ပါဘူးဟာ….။
နင်တောင်းခံဖို့မလိုတဲ့ သစ္စာဆိုတာကိုလည်း မြဲမြံနေအောင် ငါ ထိန်းသိမ်းခဲ့တယ်…..။
 လွမ်းနေဖို့ ကတိဆိုတာကတော့ နင့်ကိုသာ အထူးပြုနေတာမို့ ဘယ်အချိန်မှာ ငါနင့်ကို ဘယ်လိုလွမ်းလဲဆိုတာ….နင်သိအောင် ပြောနေဖို့တောင်မလိုခဲ့တာပါ….။
အခုလောလောဆယ်တွေ များနေပြီ ။တခါတလေတွေ များစွာရှိနေပြီ ။
နင့်ရဲ့ အတ္တတွေနဲ့ ထွန်ယက်ထားတဲ့…….ဥပေက္ခာတွေလည်း…..တစ်စ တစ်စ နဲ့ ကြီးမားလာပြီ…။ ငါဘယ်လို ဖြည့်တွေးပေးဖို့လိုလဲ…….?
လုံလောက်နိုင်မယ့် reason တွေ နောက်ထပ်လိုနေပြီ….။
နင် ဇယားချထားသလိုဆိုရင်……
နင့်မိန်းကလေးတွေအားလုံးနဲ့ နင် ပတ်သက်ပြီးတဲ့နောက်မှာ……ငါက နောက်ဆုံးနားခိုရာပေါ့နော်….။
 နင် ပြန်တွေးပါ….. နင် စာနာပါ…. ငါသာ နင့်လိုဆိုရင်……နင် ဘယ်လိုကျေနပ်မှုနဲ့ သဘောတူမလဲ….?

နင့်ကိုငါဘယ်လောက်ချစ်ချစ် နင့်အရင်ကမိန်းကလေးတွေရဲ့ စကားတွေအောက်မှာတော့ ငါမနစ်မွန်းချင်ဘူး…..။
ငါ့မှာမာနတွေ သိပ်မများပေမယ့် နည်းပါးတဲ့ မာနကိုထိလာရင်တော့ အသည်းခိုက်အောင် ငါနာတတ်တယ်…။ နင်က ရွေးချယ်မတွဲခဲ့ပေမယ့် သူတို့က နင့်ကို မရွေးချယ် ငြင်းပယ်ထားခဲ့တာဆိုရင် ငါ့မှာရော……အဲလို အခွင့်အရေးမရှိတော့ဘူးလား….?

 ငါလည်း လူတွေထဲက လူတစ်ယောက်ပါပဲ…… နင် တချိန်ကချစ်ခဲ့တဲ့ငါဟာ…….နင် သိပ်မြတ်နိုးပါတယ်ဆိုတဲ့ မိန်းကလေးတွေလိုပဲ ခံစားချက်ရှိတယ်…..ပြီးတော့ နာကျည်းချက်ရှိတယ်…..မှတ်သားချက်တွေရှိတယ်…။

နင်ထွက်သွားပါ နင်ဘာပဲဖြစ်ဖြစ် ငါဆက်ချစ်နေလိမ့်မယ်…..။
 ဒါပေမယ့် နင် ငါ့အနားမှာရှိရင် ငါ ရှုံးနိမ့်နေသလို ခံစားရတယ်…။ အဲ့ဒီ့အတွက် နင် ထွက်သွားပါ ။ နင်အပြန်လာကို စောင့်စားနေမယ့်ငါက…….အခု….ကိုယ်ပိုင်အတ္တကိုသာ တူးဖော်တော့မှာမို့…… အရင်ကလိုပဲ ငါနေခဲ့တော့မယ်……။
 ကျေးဇူးပြုပြီး……နင်ထွက်သွားပါ……(ဒီဘ၀အဆုံးထိပေါ့ဟာ)…။

အလွမ်း (26.Sep.2011)
1:00 pm

In: ဝတ္ထု Posted By: Date: Sep 26, 2011
Comment #1

kyay zu pyu p ngar ko sar nar pay par.
kyay zu pyu p nar le pay par.

commentinfo By: ei lay at Oct 28, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment