Professional Authors

အားပေးသော ဝှက်ဓားတစ်လတ်


 

(၁)

 

ခြောက်ကပ်ကပ်နေ့ရက်တွေက ဆောင်းရာသီကို တိုက်စားသွားသည်။ ပျံကျလာသည့် သစ်ရွက်များကို ရွက်နုများက ငေးမော၍ တီးတိုးနေကြသည်။ ပထမသစ်ရွက်ပြောသည်။

အောက်မှာ…ခြောက်ကပ်လိုက်တာကွာ…

ငါတိုတွေပဲ….လန်းဆန်းမှုရှိတယ်…

ဒုတိယသစ်ရွက်ကဆိုသည်………

ကြည့်မနေစမ်းပါနဲ့ကွာ…..စိတ်ညစ်စရာကြီးတွေ….

တတိယသစ်ရွက်က ခေါင်းမော့ကာ….

ဒီနွေဟာ… ငါတို့နဲ့ပဲတန်တယ်ဆိုတာ…. ခုတော့…

သိလောက်ပါပြီ

………………..

အောက်ဘက်မှ သစ်ရွက်ခြောက်အိုက စကားတစ်ခွန်းကို ထစ်ထစ်ငေါ့ငေါ့နှင့်လှမ်းဆိုသည်။

တစ်ချိန်ကတော့…တို့လည်း…ဒီလိုပါပဲ…..

ဒါပေမယ့်….ခုကမှ….တို့နွေဆိုတာ…..တနေ့…မင်းတို့သိမှာပါ….

ထိုအချိန်လေတစ်ချက်က ခပ်ပြင်းပြင်း လှုပ်ရှားသွားသည်။ သစ်ရွက်ခြောက်မိသားစုက လေထဲတွင် ပျော်ရွင်စွာ ဆော့ကစား၍ နွေအလှကို တဝကြီးခံစားသွားကြသည်။ တို့လို့တွဲလောင်း… သစ်ရွက်နုလေးများက… မှင်သက်ငေးမောလျက်….

ကျဆုံးမှုကို လက်သင့်ခံဖို့ရန် သင့်ကို ဘဝက အောင်မြင်မှုတစ်ခု လက်ဆောင်ပေးလိမ့်မည်။

ထိုစာတန်းလေးအိမ်တွင် တွေ့ရှိရသည့်နေ့က ကျွန်တော့်ကို မွေးခဲ့သည်။ တကယ်တော့ ကျွန်တော့်အသက်မှာ ၉၁ နှစ်ရှိပြီဖြစ်သည်။ အားအင်မရှိသော လေသံတို့သည် အင်အားရှိသော စကားတစ်ခွန်းကို ရွတ်ဆိုရန် စေခိုင်းလျက်ရှိသည်။ ထို့နောက် ဆောင်ပုဒ်လေးကို ကျွန်တော့်စိတ်တိုင်းကျ အိမ်သာထဲတွင် ကပ်ထားပေးသည်။

တစ်ချိန်က ကျွန်တော့်ဘေးတွင် သူငယ်ချင်းများရှိသည်။ မိတ်ဆွေများလည်းရှိသည်။ သို့သော်တချို့ သူငယ်ချင်းများက မိတ်ဆွေယောင်ဆောင်ထားကြသည်။ တချို့မိတ်ဆွေကတော့ သူငယ်ချင်းဟူသော ခေါင်မိုးအောက်တွင် ခိုလှုံခဲ့ကြသည်။ ဆွဲယူထူမ၍ ပုဒ်မတပ်ကြမည့် သူတို့သည် ကျွန်တော့်ကို ချောက်အတွင်းသို့ ကန်မချဘဲ ဆင်းချင်အောင် ပြုစားတတ်ကြသည်။

မျက်ရည်စတစ်ခုသည်… ဝှေ့ဝဲ၍… နဖူးပြင်ပေါ်တက်သွားကြသည်။ လေပူတစ်ချက်က ဝဲခနဲ… ပြူတင်းပေါက်တံခါးတစ်ချပ်သည် မလိုအပ်ဘဲ ပွင့်ဟသွားသည်။ အပြင်ဘက်တွင် သစ်ရွက်တို့သည် ယိမ်းအက တိုက်လျက်ရှိသည်။

ဝှော……..

မင်း…ကတာ…မှားနေတယ်…ကိုသစ်ရွက်….

ငါမမှားပါဘူး… မင်းမှားတာ… မင်းရဲ့လက်တွေသာ… ငြိမ်အောင်ထားပါ….

ငါသေချာကပြမယ်…. ကိုသစ်ကိုင်း…

ငါလည်းမမှားဘူး… မင်းလည်းမမှားဘူး… မှားနေတာ….ကိုသစ်ပင်ကွ… ကိုသစ်ပင်

ခင်းဗျားကြီးက…အားစိုက်ပြီးရပ်နေစမ်းပါ….

အာ!!…ငါလည်း… ကြိုးစားရပ်နေတာပဲ…. ကိုအမြစ်ကမှ… ကောင်းကောင်း…

မနေတာ….

ထိုအခါ အမြစ်မှာ သူ့နာမည်ကြား၍ အိပ်နေရာမှ ကယောင်ကတမ်းနိုးလာပြီး …….

ဟေ့ကောင်တွေ… မင်းတို့က…. ငါ့ကိုအပြစ်ပြောနေတာလား….

မင်းတို့ကသာ…. လေတိုက်တိုင်း…. ကချင်နေကြတာကိုး….

ဝုန်း

လေကြမ်းတစ်ခု၏ ဖြေရှင်းမှုအောက်တွင် သူတို့အားလုံး လဲပြိုသွားကြသည်။ တချို့က ပန်းပုဆိုင် ရောက်သွားကြသည်။ တချို့က မီးဖိုချောင်သို့ နယ်နှင်ဒဏ်ပေးခံလိုက်ရသည်… တချို့ကတော့ အမှိုက်ပုံသို့ အလည်ထွက်ခွာသွားကြသည်။

သို့သော် ထိုနေ့မှစ၍… ပြန်လည်ဆုံစည်းကြခြင်း…မရှိတော့ပေ….။

ရှဲ……..ရှဲ…..

ဗျောင်း!!!…..

ပွင်ဟသွားသော တံခါးတစ်ချက်က ပြန်လည်ပိတ်သွားသည်။ ကျွန်တော်၏ထိန်းချုပ်နိုင်မှု ခက်ခဲသော မျက်လုံးတချို့ နံရံပေါ်မှ ဓာတ်ပုံတစ်ခုကို… သုတ်ချီသွားသည်။ ကျွန်တော့်ဘေးတွင် သိုးယောင်ဆောင်ထားသော မြေခွေးတစ်အုပ်ကို တွေ့ခဲ့ရသည်။ သို့သော် ကျွန်တော်ကသာ မြေခွေးဖြစ်၍ သူတို့က သိုးဖြစ်နေကြသည်။ ဓာတ်ပုံလေးကို ဖှုံသုတ်ပေးရဦးမည်ဖြစ်ကြောင်းကို သတိရမိသည်… ဓာတ်ပုံအောက်တွင်… ယခင်နှစ်များစွာက… စာတန်းအိုကို…ဖတ်မရတော့သော်လည်း… အလွတ်ရနေမိသည်…။

သေအတူ…ရှင်မကွာ… တို့သူငယ်ချင်းများ…

ချလွမ်!!…

ရပ်တန့်နေသောလေက… တစ်ခါပြန် နှောက်ယှက်လိုက်ကြပြန်သည်။ ဖန်ခွက်၏ အစအနတချို့က အိမ်အပြင်ဘက်သို့ လွင့်စင်သွားကြသည်။ တချို့က ကြမ်းပြင်တွင် အိပ်စက်နေကြသည်။ တချို့က… တချို့က… ။ ကျွန်တော့်ခြေဖဝါးတစ်ဖက်သည် စူးရှသော အရသာကို…ခံစားနေမိသည်….

မင်းပြောတော့….ဘယ်တော့မှ မကွဲနိုင်ဘူးဆို

အာ…. ဒီလောက်လေတိုက်နေမှတော့…

ငါတို့လည်း…. ကွဲမှာပေါ့….

ဖန်ကွဲစလေးများက ရန်ဖြစ်နေကြသည်။ ဝင်ရောက်ဖြန်ဖြေရန်ကြိုးစားသူနှင့် သဘောထားကွဲလွဲသူတို့ ကြားတွင် ဖန်ခွက်လေး၏အစသည်… ပျောက်ဆုံးသွားသည်။

အိမ်အကူကောင်မလေးက ကျကွဲသွားသော ဖန်ကွဲစများကို တံမြတ်စည်းဖြင့် လှည်းထုတ်နေသည်… စိတ်မပါတပါဖြင့် လှည်းမှုကြောင့် တချို့တချို့သော… ဖန်ကွဲစများသည် ကြမ်းပြင်တွင် အိပ်ကောင်းလျက် ရှိကြသည်။ ကောင်မလေး၏မျက်နှာသည် ယခင်က သူငယ်ချင်းယောင် မိတ်ဆွေများနှင့် သွားတူလျက်ရှိသည်။ လကုန်တာ ၆ ရက်ရှိသွားပြီ…. စာမူအပြီးသတ်၍… လခပေးရဦးမည်…။

ဝေါင်း….ဝေါင်း…

ခွီး… ခွီး….

ဝုန်း….

အတွေးစလေးသည်… ဂဏှာမငြိမ်သက်စွာဖြင့် အိမ်နှောက်ဖေးသွပ်ခေါင်မိုးပေါ်မှ ကြောင်နှစ်ကောင်ရန်ပွဲဆီသို့ ဦးတည်သွားသည်။ သွပ်ကလည်း… ဆွေးနေ၍…. အသံကလည်း… အိုစာလျက်ရှိသည်။ ကုတ်ခြစ်ရန်ဖြစ်ရန် မစခင် ရန်မူစကားများကို ကျယ်လောင်စွာငြီးတွားနေကြသည်။

မင်းကြောင့်ကွ….မင်းကြောင့်….. မဟုတ်ရင်…

ငါ… ဒီအိမ်မှာ… အစာဝဝ….စားရတယ်….မင်းပြောင်းလာလို့ကွ…

တော်ပါကွာ…သခင်က…. ခေါ်ရင်တော့ နေရမှာပဲ….

ဒါပေမယ့်…နင်ကသာ.. အစားကြီးလို့…. ခုတော့…ငါပါ…ငတ်ပြီ….

တော်ပြီကွာ… မင်းနဲ့ငါ ရန်ဖြစ်နေတာမှ… နာဦးမယ်….

အိမ်ပြောင်းရအောင်ကွာ…. ဘာမှမစားရမယ့်အတူတူ… သခင်မခေါ်နိုင်တော့ဘူး…

ဘယ်လိုလဲ….

လုပ်ကွ…ချ….

ကြောင်နှစ်ကောင်လက်ဆွဲနှုတ်ဆက်၍ ထွက်ခွာသွားကြသည်။ ခုနက ဆူညံမှုသည် ဆိတ်ညံမှုတစ်ခုကို မျက်လှည့်ပြလိုက်သည်။ ခန်းဆီးလိုက်ကာလေး ပွင့်ဟသွားရာ…. အခန်းတွင်းတွင် ရှင်းလင်းလျက်ရှိသည်။ ခုနက အိမ်ဖော်မလေးနှင့် ထမင်းချက်တို့၏ ခြေရာတို့သည် အိမ်ပေါက်ဝနှင့် ဝေးရာတွင် စတည်းချလျက်ရှိသည်။ ပြန်လည်ကောက်ယူရန် ဆန္ဒမရှိ၍…. ခြေရာများကို ထိုအတိုင်းထားရှိလိုက်သည်။

ကျွန်တော်၏ ကုန်လွန်သွားသော အချိန်တစ်ခုကို နာရီက အမှီမလိုက်နိုင်ခဲ့တော့ပေ…။ ခြောက်ခြားဖွယ်…နာရီလက်တံတို့သည်…..တစ်ချက်ခြင်းမှ… တစ်ချက်ခြင်း….နောက်…. တစ်ခါရပ်လိုက်…

ပြန်လှုပ်လိုက်……ပြန်လှုပ်ရင်းနဲ့……နောက်ဆုံး….ဖြည်းညှင်းစွာ… ဘရိတ်အုပ်သွားကြသည်။ နောက်ဆုံးသော…အားအင်တစ်ခုကို အသုံးချ၍ လက်တံတစ်ချက်ကို လှုပ်ခတ်အပြီးတွင်…. ဓာတ်ခဲတစ်ခုကို…

ဆုံးရှုံးသွားကြသည်….။

တကယ်တော့…. ငါတို့ဟာ…. မင်းနဲ့အတူ… နောက်ဆုံးအချိန်ထိ… အတူရှိခဲ့တာပါ….

ဒါပေမယ်….

စကားစက ခေတ္တငြိမ်သက်သွားကြသည်။ နာရီလေးက တစ်ချက်ရှိုက်ငိုပြီး… စကားဆက်ရန်… အားယူလိုက်သည်။

ဒါပေမယ့်…. ငါတို့ဟာ…. မင်းရဲ့ နောက်ဆုံးအချိန်ထိ….

နာရီလေး၏ငိုသံနှင့် စကားသံတို့က ရောထွေးနေကြသည်။ ရှင်းလင်းမှုမရှိသောစကားသံကို…. နားထောင်ပေးမည့် နာရီလက်တံတို့သည်ပင်… ထူဆန်းစွာ မျက်ရည်ကျနေသည်။

နောက်ဆုံး… နောက်ဆုံးအချိန်ထိ….မင်းအားအင်တွေပဲ….

အသုံးချမိခဲ့တယ်….

စကားဆက်လက်ပြောဆိုရန် ခွန်အားကုန်ခမ်းသွားကြောင်း မပြောဘဲနှင့်သိလိုက်ကြသည်။ နာရီလေးက ဒူးထောက်ချ၍ ငိုယိုလျက်ရှိသည်။ နာရီလေးကို လက်တံတို့က ဆွေးမြေ့စွာကြည့်၍ ကြိတ်ငိုကြသည်။

တကယ်တော့…တကယ်တော့…..

ငါတို့တွေဟာ….မင်းဘေးမှာရှိချိန်မှာ….

မိနစ်လက်တံက စကားပြောရင်း မျက်နှာအုပ်ကာ ထွက်ပြေးသွားသည်။ ငိုတာကို မသိစေချင်တာလား…။မငိုဘဲနှင့် ဟန်ဆောင်သွားမှုလား… မကွဲပြားစွာ…. ငိုယိုသွားသော်လည်း…. သေချာတာကသူ… ထွက်ပြေးသွားသည်….စက္ကန့်တံလေးက…စကားလုံးလေးတစ်လုံးခြင်း ရွတ်ဆိုရင်း စကားဆက်သည်။

မင်းဘေးမှာ ရှိချိန်မှာ… လစ်လျူရှုခဲ့မိတယ်ကွာ…. ခု… ခုတော့… ငါ… ငါတို့…..

စက္ကန့်တံလေးလဲ အသံမထွက်တော့….။ သူ့မျက်နှာတစ်ခု လုံးလည်း မျက်ရည်များနှင့် ချယ်မှုန်းလျက်ရှိသည်။ သူ၏အသံတို့သည် တုန်ရီလျက်ရှိသည်။ မနေသာ၍ မသိချင်ယောင်ဆောင်နေသည့် နာရီလက်တံက စကားစကို ဆက်လက်ရွတ်ဆိုသွားသည်….

ငါတို့…အားလုံး… နောင်တရပါပြီကွာ….

မင်းရဲ့ကျေးဇူးတွေ… မင်းရဲ့ အနစ်နာခံမှုတွေလည်း…. သိခဲ့ပါပြီကွာ…

ထို့နောက်နာရီလက်တံလေးက တစ်ဖက်လှည့်၍ ရယ်မောလျက်ရှိသည်။ သူ၏နှုတ်ခမ်းတို့က မီးခိုးများ မှုတ်ထုတ်လျက်… သူ၏လက်ချောင်းတို့က သင်္ချာပုဒ်စာကို အဖြေရှာလျက်….

စကားသံတို့သည်….. ကျွန်တော့်နားထဲသို့ ဝင်ရောက်လာခဲ့သော်လည်း… ဦးဏှောက်က… အဓိပါယ်ဖော်ရန် မေ့နေခဲ့သည်….။ ကျွန်တော့်ဈာပနတွင်…. ကျွန်တော့်သူငယ်ချင်းများအားလုံး အလည်လာကြသည်။ တချို့က… ငိုပြကြသည်။ တချို့က…. ကူပြကြသည်… တချို့ကတော့….နံပါတ်ပွတ်လျက်ရှိသည်…။ တချို့၏ငိုသံတို့သည် ဘေးလူကို ကြေကွဲစေသည်။ ဝမ်းနည်းစေသည်။ စာပေအသိုင်းအဝိုင်းမှ စာပေငိုသံများလည်း စပွန်ဆာဖြင့် ကြားရသည်။သူတို့တွက်… နောင်တဆိုသည်ကို… ပုံဖော် ပန်းချီဆွဲရန် ကျွန်တော်သည် ကုန်ကြမ်းတစ်ခုဖြစ်လျက်ရှိသည်….

ထို့နောက် ဈာပနပွဲပြီးဆုံးသွားသည်…………….

……………………………………….

………………………….

 

 

 

(၂)

နိဂုံးတစ်ခု၏ ပြန်လည်စတင်သော နိဒါန်း

နောက်တစ်ပါတ်အကြာတွင် နာရီလက်တံတို့နှင့် ရပ်ကွက်တစ်ခုသည် ပြန်လည်လှုပ်ရှားလျက်ရှိသည်…ယခင်ကထက်…ရယ်ရယ်မောမောပင်….

ကျွန်တော့အိမ်ရှေ့က သစ်အိုပင်နှင့် အိမ်ရှိစာတန်းတို့ကို အဝတ်အစားအသစ်များ လဲပေးထားသည်။

အိမ်တွင် အရင်က တန်ဖိုးရှိခဲ့လိမ်မည်ဖြစ်သော ဓာတ်ပုံတစ်ခု အဝေးဆုံးသို့ ပို့ဆောင်ပေးလိုက်သည်။

ဓာတ်ပုံ၏ အောက်က ငိုက်မြည်းလျက်ရှိသော ဟောင်းတောင်းတောင်း စာတန်းလေးကိုတော့… ဈာပနပွဲတစ်ခုလုပ်ပေးလိုက်သည်။

ထိုနေရာတို့တွင် စာတန်းတစ်ခုက ပြန်လည်နေရာယူစိုးမိုးထားသည်။ ထိုနေ့က ကျွန်တော့် အသက် ၉၁ နှစ်ပြည့်သော မွေးနေ့စင်စစ်ဖြစ်ခဲ့သည်။

ကျဆုံးမှုများစွာက အောင်မြင်မှုကို ဦးတည်စေသည်။

……………………….

ကျွန်တော်သည် အားပေးသော ဝှက်ဓားများစွာကို အထိုးခံခဲ့ရဖူးပေသည်………………

မွေးနေ့စင်စစ်သည် အရသာခါးကို ချိုစေသည်။

ဆား

ည ၁၁း၁၃

၂၈.၂.၂၀၁၁

In: ဝတ္ထု Posted By: Date: May 4, 2011
Comment #1

ဆားဆိုတဲ့ အတိုင်း ပါ ပဲ ဗျာ…………..ဖတ် ကြည့် တော့မှ တော် တော် လေး နက် တဲ့ ၀တ္ထု လေး ပဲ… ကျွန်တော် ကြိုက် လို့share ပါ ရ စေ……………ဗျာ

commentinfo By: Demon 13 at May 4, 2011
Comment #2

ဖတ်တော့ဖတ်သွားမိပြီ… သိုးလား… မြေခွေးလားတော့ ကျွန်တော်လည်းမသိဘူး
ဒါပေမယ့် ဖတ်ပြီးသွားမိပြီဗျာ

Comment #3

ကောင်းလိုက်တာဗျာ။ BRAVO!!!!!!!

commentinfo By: Dead at May 6, 2011
Comment #4

ကောင်းတယ်…ရှယ်လိုက်ပြီနော.်

commentinfo By: Butter Fly Ye at May 16, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment