Professional Authors

ပြုတ်ထွက်သွားသော အနာဂတ်

ခပ်ယဲ့ယဲ့ပြုံးပြမိပြီးနောက်မှာ သူနှင့်အဝေးဆုံးကို ကိုယ် ရောက်သွားပါလိမ့်မည်
သူ့လက်ဖ၀ါးမှ အနွေးဓါတ်ငွေ့ငွေ့ကို အမှတ်အသားတစ်ခုအဖြစ် ဆောင်ယူသွားခွင့် ရှိချင်မိ၏
ခုအခါမှတော့ ဆာလောင်မွတ်သိပ်နေသူတစ်ယောက်လိုသာ လိုလားတောင့်တနေရုံသက်သက် ဖြစ်နေပါပြီ
ကိုယ့်စိတ်ဟာ သူ့ထံကပ်ငြိကျန်နေခဲ့မှာ သေချာနေသည်
သူ သောက်နေကျ စီးကရက်နံ့ခပ်ပြင်းပြင်းကို နှလုံးအိမ်မှာ ပိတ်ပြီး လွမ်းရမယ့်နေ့များကို စိုးစဉ်းမျှ ကိုယ်မကြောက်ပါ
သူ့ မျက်ဝန်းညိုတွေထဲက ညှို့မှိုင်းမှိုင်းအရိပ်တို့ကိုသာ ထိတ်လန့်စိုးရိမ်နေမိ၏
မငိုပါနှင့်
ကျေးဇူးပြုပြီး သူ မငိုပါစေနှင့်
သူ ၀ယ်လာခဲ့သော ပန်းသီးရဲရဲကို စိုက်ကြည့်မိသောအခါ ကိုယ့်အရိပ်ဟာ အတိတ်ကို ဆန်တက်လေ၏
သူနှင့်အတူ တည်ဆောက်ဖူးသော ခပ်ရူးရူး အိပ်မက်တစ်ခု တွေ့သည်
မိုးစက်များ၏ လှောင်ပြုံးသဲ့သဲ့ကို မုန်းမိသည်
သူနှင့်အတူ စုံမက်ဖူးသည့် ခရမ်းရင့်ရောင် အလွမ်းမြစ်ကျိုးအင်းကို တွေ့သည် 
သူရှိနေသော ဆည်းဆာညနေရီများက ကိုယ့်ပါးပြင်ကို အေးအေးစက်စက် နှုတ်ဆက်သည်
သူ့ပခုံးပေါ်မှာ ဖွဖွမှီလိုက်မိသည့် အခိုက်အတန့်တိုင်း ကြည်စင်သွားတတ်လေသော ကိုယ့်အနာဂတ်ကို တွေ့သည်
တစ်ချိန်က လက်လက်လူးလွန့်နေသော အနာဂတ်ဟာ ခုတော့ မှိန်ဖျော့ရီဝေနေလေပြီ 
အခန်းအပြင်ဘက်မှာ သိပ်အေးလွန်းသည်
သိပ်ကို အေးခဲလွန်လွန်းနေသည်
ကိုယ့်တောင်ပံကို အသာဖြန့်ပြီး အင်အားမဲ့စွာ တစ်ချက်မျှခတ်မိသည်
စိုစွတ်နေသော သူ့မျက်ရိပ်ကို ၀မ်းနည်းပက်လက်ကြည့်မိသောအခါ ကိုယ့်အသည်းတစ်စုံ ပြုတ်ပြတ်ထွက်မတတ် နာကျင်လွန်းရသည် ဆူပွက်လှုပ်ခါနေသော သူ့ရင်ထဲမှာ ကိုယ့်အချစ်တွေ အပြည့်ချန်ပစ်ခဲ့ပါ့မယ်
ကိုယ်ကြိုက်တတ်သော သီချင်းတွေ
ကိုယ် ရူးသွပ်မြတ်နိုးခဲ့သော စာတွေ၊ ကဗျာတွေကို သူ့အိတ်ကပ်ထဲသာ ထည့်လိုက်သည်
ဒါဆို လုံလောက်ပါပြီ
အချိန်က နည်းသထက်နည်းလာနေသည်
အချိန်မရှိတော့သလောက် ဖြစ်လာပြီ
သူ ခပ်တင်းတင်းဆုပ်ကိုင်ထားသော ကိုယ့်ညာဖက်လက်ကို ဖြည်ချလိုက်၏
တိုးဆိတ်သော ခေါ်ငင်သံများနောက်ကို ကိုယ် ထပ်ကြပ်မကွာ လိုက်ပါသွားရတော့မည် ဖြစ်ပါသည်
အဖြူကြန့်ကြန့်ထနေသော ဆေးရုံမျက်နှာကြက်ဖြူဖြူကို နောက်ဆုံးတစ်ချက်မျှ မော့ကြည့်နှုတ်ဆက်သည်
သူ့ နဖူးပြင်ကျယ်ကို ကိုယ့်နှုတ်ခမ်းတို့နှင့် ညင်သာစွာ ထိတွေ့လိုက်သည်
သူ မသိ
သူ့ ဆံနွယ်ခွေခွေကို အသာအယာ သပ်တင်ပေးလိုက်သည်
သူ မသိ
သူ့မျက်ရည်များကို ခပ်ကြမ်းကြမ်း သုတ်ပေးလိုက်သည်
သူ မသိ
ကိုယ် နွမ်းလျစွာ လက်ပြနှုတ်ဆက်နေသည်
သူ မသိ
ကိုယ့်အတောင်တွေကို အင်အားအပြည့်နှင့် ခတ်ကာ သူ့အနား ရစ်ဝဲပျံသန်းလိုက်၏
သူ မသိ
ထို့နောက် အဝေးသို့ တစ်ဟုန်ထိုး ပျံတက်ပစ်လိုက်သည်
သူ မသိ
သူ မသိပါ
သူ မသိလိုက်တော့ပါ
In: စကားပြေ Posted By: Date: May 21, 2013
Comment #1

ဘလော့မှာတုန်းက ဒါကို ကဗျာတစ်ပုဒ်အနေနဲ့ ဖတ်သွားတာဗျ… ရူးသွပ်မြတ်နိုးခဲ့သောကဗျတွေစာတွေဆိုတဲ့ အပိုဒ်ထိ ကျနော့အတွက် ကဗျာဆန်မိသလိုပဲ…ကဗျာဆန်ဆန်လှတာပါ…ကြိုက်တယ်…

commentinfo By: 13th at May 22, 2013
Comment #2

ဖတ်သွားပါတယ် 🙂

commentinfo By: myat thu at May 22, 2013
Comment #3

ကျေးဇူးထပ်တင်ရကြောင်း
ကဗျာရှည်တစ်ပုဒ်ပါပဲ ကဗျာလိုဖတ်တော့ကဗျာပေါ့
ဘယ်လိုဖြစ်ဖြစ်အားရှိမိပါတယ်

commentinfo By: မေပျို at May 22, 2013
Comment #4

စကားပြေ ဆိုပေမယ့် ကဗျာ အတိုင်းပါပဲ..ကဗျာလိုပဲဖတ်ရှုအားပေးသွားပါတယ်

commentinfo By: ap at May 22, 2013
Comment #5

ဟုတ်ပါပြီ
ဖတ်ရှုသူရဲ့ သဘောထားကို လေးစားပါတယ်

commentinfo By: မေပျို at May 22, 2013

Leave Comments

Name*

Email*
Website
Email me whenever there is new comment