Professional Authors

ဒါမျိုးက ဖြစ်တတ်သလားဗျ…

မနက်အိပ်ယာထလို့ ဘေးဘီစမ်းမိတဲ့အခါများ ငိုချင်တယ်။ တခါတလေရီချင်တယ်။ ဘာဖြစ်လို့တုန်းဗျလို့မေးရင်လည်း မဖြေချင်ပါဘူးဗျာ။ အင်း..တခါတလေတော့လည်း ခါတိုင်းလိုပါပဲ ။ ပုံမှန်လေးပဲ။ တခါတလေတော့လည်း ခါတိုင်းလိုမဟုတ်ဘူး ။ ပိုလန်းချင်တယ်။ တခါတလေကျပြန်တော့ ညစ်လိုက်တာမှ သေချင်စော်နံရော။ ကျုပ်ပြောပါတယ်ဗျာ ။ ပြောခဲ့ပါရဲ့  ။ ဘယ်ကောင်တွေတော့ ဘာဖြစ်ကုန်ပြီဟ တို့ ၊ ဘယ်ကောင်တွေတော့ မိုက်သဟ တို့၊ ရယ်စရာလိုလို သတင်းလိုလို အတင်းလိုလိုနဲ့
စပ်ဖြဲဖြဲ ရောချဖူးတာပေါ့။ စိတ်ထဲကနေကျိတ်ရယ်တာလည်း ရှိတာပေါ့။ ဗြောင်တို့ပေါ်တင်တို့ ဆော်တာလည်းရှိတာပဲ။ အဲ့ဒီအခါကျ ဟဲဟဲဟဲဟဲနဲ့ဒီကောင်တွေရယ်စရာကောင်းသားလို့ထင်တယ်။
ဘသားချောတွေ ကို အဲ့ဒီအချိန်ဆို အသေအလဲနှိပ်ကွပ်ခဲ့တာ။ ဘာပြောကောင်းမလဲဗျ..။
အရသာကိုရှိလို့ ။ ဘဝင်တွေကိုကျလို့ ။ စိတ်ထဲကနေတောင် ကိုယ့်မေးကိုယ် တရုတ်ကားတွေထဲကလို ပွတ်လိုက်သတ်လိုက် ပေါ့ ။ ကျေတွေကိုနပ်လို့ဗျ ။ အဟဲဟဲ ။
အင်း…ပြောလို့သာပြောတာပါဗျာ။ ကောင်းကင်မှာဖြစ်ဖြစ်၊ မြေပြင်မှာဖြစ်ဖြစ်၊ ရေထဲမှာဖြစ်ဖြစ် ဒါလေးတွေက လိုအပ်သကိုးဗျ။ ကျုပ်ကတော့အဲ့သလိုထင်တယ်။ မိတ်ဆွေသူငယ်ချင်းတယောက်ပြောဖူးသလိုပဲ ဘာဖြစ်ဖြစ်နားလည်တတ်ဖို့လိုသဟတဲ့။ ကောင်းတာပေါ့ကွာ အဲ့လိုဆိုရင်တော့လို့ ကျုပ်တောင်ပြောခဲ့တယ်။ မင်းပြောတာလည်း မှန်တယ်ထင်တယ်ကွ လို့ မရေမရာပြောခဲ့ဖူးတယ်။
အော်..လူဆိုတာလေ အလှည့်ဆိုတာရှိသဗျ.။ ကျုပ်လည်း အစက သိပ်အလေးမထားဘူး ။ နောက်မှ …နောက်မှ…..ဝဍ်ဆိုတာက အကြွေးလိုမဟုတ်ဘူးဗျ။ မဆပ်ချင်လည်း ဆပ်၊ ဆပ်ချင်လည်း ဆပ်၊ အလှည့်ကျရင်တော့ မငိုနဲ့ဆိုတာလိုမျိုးပဲ။ ဒါပေမဲ့လည်းလေ….လူဆိုတာမျိုးက တူဖြစ်ရင်သာကောင်းကောင်းနှက်ချင်ကြတာ။ ပေဖြစ်တဲ့အလှည့်ဆိုရင်တော့ မဲ့တဲ့မဲ့တဲ့နဲ့ အသနားခံချင်ကြတာ။
ကျုပ်လည်း …..အင်းပေါ့လေ…..ဟူး..။ ကျုပ်လည်းလေ လောကီသားပေမို့ဆိုတာလိုပေါ့။
အော်..နောက်ပြီး တချို့ ခံစားချက်တွေက အချိန်ကျမှ နားလည်တတ်တာမျိုးဗျ.။ ခင်များတို့ ကလေးဘဝတုန်းက အကြောင်းအရာလေးတွေ နဲနဲစဉ်းစားကြည့်ပေါ့ဗျာ။ ဒါမျိုးကလူတိုင်းကြုံဖူးမယ် ထင်ပါတယ်။ ဒီလိုဗျာ…ဥပမာ…ခင်များကို ခင်များထက်ကြီးတဲ့ ဦးလေးအရွယ် ၊ အကိုအရွယ် လူတယောက်က ခင်များကိုအကူအညီတောင်းပြီး ရည်းစားစာပေးခိုင်းတာမျိုးတို့၊ ခင်များထက်နဲနဲကြီးတဲ့ လူပျိုပေါက်အရွယ်ကောင်လေးက ကောင်မလေးတယောက်ကို ချစ်တယ်ပြောတာမျိုးတို့ ၊ (အော်…အဲ့ဒီအချိန်တုန်းက ခင်များက သုံးတန်းလေးတန်း ကလေးတယောက်ထားပါတော့ဗျာ)။ အချစ်နဲ့ပတ်သတ်ပြီး ဇာတ်ကားထဲဖြစ်ဖြစ် တနေရာမှာဖြစ်ဖြစ် ခင်များကြုံရတယ်ဆိုပါဆို့ ။ သေချာတယ် ခင်များအနေနဲ့…အဆန်းအပြား တခုလိုမျိုးခံစားနေရမှာသေချာတယ်။ ဒါမှမဟုတ်လည်း ကြောင်တောင်တောင်အပြုအမူတွေလို့ ခင်များထင်နေမိမှာ အသေအချာပဲ။ ဟော…အရွယ်လည်းရောက်လာရော…ဒါမျိုးကိုခင်များခံစားရတာနောက်ကျတယ်ဆိုတာမျိုးတောင် ထင်နေမိဦးမှာ။ ဟုတ်တယ်ဗျ..။ မယုံမရှိနဲ့ ။
နေအုံး…နေအုံး…။ ခင်များလည်း ကျုပ်ကို အရင်တုန်းက ကျုပ်ပြောသလိုကျုပ်ကိုပြောချင်နေတယ်ထင်တယ်။
ခုပဲပြောနေတယ်လေ။ တခါတလေကျ ခင်များနဲ့ကျုပ်နဲ့က သဘောမမျှတာတွေ ရှိလာမှာပဲ ။ ခင်များမှာက ခု….
အေးဆေးပဲလေ။ ကျုပ်က မအေးဆေးလို့ပြောတာမဟုတ်ပါဘူးဗျာ။ အေးပေါ့…ဒါပေမဲ့…ခင်များနဲ့ကျုပ်နဲ့က တန်းမတူဘူးနော်။ ခင်များကိုနာစေသာစေလိုပြီးပြောတာမဟုတ်ပါဘူးဗျာ။ ကျုပ်ပြောတဲ့သဘောက ဒီလိုဗျာ။
ခင်များ အနေနဲ့ အထူးအဆန်း အရသာမျိုးစုံပါတဲ့ ဟင်းလျာတခုဆိုပါတော့….။ အဲ့ဒါမျိုးကို ခင်များမစားဖူးပဲနဲ့ ကျုပ်ကဒီလိုဗျာလို့ ပြောရင် ဘယ်လိုလုပ်ပြည့်စုံမလဲဗျ။ ကျုပ်ကလည်း ကျုပ်လျှာထဲမှာစွဲတဲ့ အရသာမျိုးကိုပဲ ပြောရင်ပြောမိမှာပေါ့။ ကျုပ်က ချိုတာလေးကိုပဲ ငြိပြီး သိပ်ချိုတာပဲဗျ လို့ပြောရင် ပြည့်စုံမှာမဟုတ်ဘူး ။ နောက်ပြီး ခင်များကို ဒီဟင်းလေးက အစကချိုတယ်ဗျ နောက်ကျမှ ချဉ်တင်တင်လေးဖြစ်သွားတာဗျ လို့ ကျုပ်ကပြည့်ပြည့်စုံစုံပြောရင်ရော ခင်များအနေနဲ့ တကယ်ပဲ ဒီဟင်းအရသာကို သိသွားမှာလားဗျ။ ကျုပ်ထင်တာတော့ ခင်များ ကကျုပ်ပြောတဲ့အရသာကို ခင်များမြည်းစမ်းဖူးတဲ့ ဟင်းလျာနဲ့ပဲ သွားပြီး မြင်ကြည့်နေမှာ သေချာတယ်။ မဟုတ်လားဗျာ ။ မှားတယ်ဆိုလည်း ထားဗျာ။ ကျုပ်ကတော့ အဲ့အတိုင်းပဲယူဆတယ်ဗျ ။ ဟုတ်တယ် ။ ခင်များမသိသေးဘူးနော် ။
အင်း…ခုဆိုပြောလာတာတော်တော်များနေပြီဗျာ။ ကျုပ်လည်းပျင်းလာပြီ။ ကျုပ်ကစကားကိုရှည်ရှည်ဝေးဝေး မပြောချင်ဘူး ။ ပျင်းတယ်။ သူများပြောတာ နားထောင်ရမှာလည်း ခပ်ရှည်ရှည်ဆို ပျင်းတယ်။ တော်ပြီပေါ့ လိုရင်းကို ခြုံငုံမိရင်။ အင်း…..ခင်များလည်း နဲနဲလောက်တော့ လိပ်ပတ်လည်လိမ့်ထင်ပါတယ်။ နဲနဲလည်း နားလည်လာလောက်ပြီထင်ပါတယ်။ အေးပေါ့…ခင်များအနေနဲ့ နားလည်ရခက်နေတယ်ဆိုရင်လည်း ..ကျုပ်သဘောပေါက်ပါတယ်။ ကျုပ်တုန်းကလည်း ဒီအတိုင်းပဲကိုးဗျ။ ခင်များအနေနဲ့ သီချင်းတပုဒ်ကိုတော့ သတိရပေါ့ဗျာ။ ဟိုသီချင်းလေဗျာ…..”မိန်းမယူခါနီးရင် စဉ်းစားဖို့လိုတယ်၊ အရေးကြီးတာတွေ တပုံကြီးနောက်မှသိလိမ့်မယ်” ဆိုတာလေ ။ ကျုပ်ကတော့ ဟုတ်တယ် အားပေးတယ် ။
စဉ်းစားသင့်တယ်။ ဘာလို့လဲဆိုတော့ ခင်များအနေနဲ့ နောက်တယောက်ယောက်ကို ဒီလိုမျိုးပြန်ပြောနိုင်အောင်ပေါ့ဗျာ။ ဘယ်ဟာမဆိုတော့ အကောင်းချည်းပဲမရှိသလို အဆိုးချည်းလည်းပဲ မရှိပါဘူးဗျ.။ ကြောက်မနေပါနဲ့ ။ ဒါမျိုးကဖြစ်တတ်ပါတယ်ဗျာ။
ကျုပ်ကတော့ ခင်များနဲ့ ဆွေးနွေးစရာလေးတွေ ….. အဲ့ဒီအချိန်ကျ ရှိလာမှာပါဗျာ။

In: စကားပြေ Posted By: Date: Aug 15, 2011
Comment #1

he,,,he,,,he,,,
really really really nice.
i like so much.

commentinfo By: ei lay at Aug 15, 2011
Comment #2

ရဲဘော် မတွေ့ တာကြာပြီဗျ

commentinfo By: ချစ်မိုးဦး at Nov 27, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment