Professional Authors

ဟွန်းသံများ

ကျွန်မသည် ကျွန်မနှင့်တိုက်ရိုက်မသက်ဆိုင်သောတချို့သောကိစ္စများတွင် စွာလောင်စွာလောင်လုပ်တတ်သူဟု လူတိုင်းကထင်ခြင်းကို မကြာခဏလိုလိုခံရတတ်ပါသည်။ပါတ်ဝန်းကျင်၏ အမြင်မတော်စရာများကို ဒီအတိုင်းမနေဘဲပြောတတ်ဆိုတတ်သောကြောင့်လည်း  စာလေးမတောက်တခေါက်ဖတ်ပြီး နေရာတကာမှာပါချင်သူအဖြစ်မြင်ခြင်းကိုလည်းခံရတတ်ပါသည်…။သို့သော် ကျွန်မကတော့ကျွန်မအမြင်မတော်၊အကြားမတော်ဘူးဟုထင်သောတချို့သောကိစ္စများကို  ပြောမြဲပြောဆဲဖြစ်ပါသည်..။အခုတလော ကျွန်မရင်ထဲမှာခိုးလိုးခုလုဖြစ်စေသော အကြောင်းအရာကတော့  ဟွန်းသံ တွေပါပဲ….။ဟွန်းဆိုသောအရာသည်   ယာဉ်အန္တရာယ်မဖြစ်စေဖို့အတွက် အထောက်အကူကိရိယာအဖြစ်သုံးဖို့ရည်ရွယ်ခဲ့ကြပေမယ့်အခုလောလောဆယ်မှာတော့ ဟွန်းသံတွေကစိတ်ကိုတော်တော်လေးအနှောက်အယှက်ပေးနေခဲ့ပါသည်…။ဘာမဟုတ်တာလေးကိုလည်းဟွန်းတတီတီတီးနေတတ်သော ရွှေမြန်မာများကိုလည်း စိတ်ကုန်မိပါသည်…။ငါက ကားပေါ်ကပဲဆိုပြီး လမ်းပေါ်ကလူတွေကို ဟွန်းတတီတီပေးပြီး  လမ်းဖယ်ခိုင်းတတ်သူတွေလည်းများလွန်းလှသည်။ခဏလေးစောင့်လိုက်လျှင်ရှင်းသွားမည့်လမ်းကို အပြိုင်အဆိုင်ဟွန်းတီးရင်း အရှိန်မလျှော့ဘဲမောင်းနှင်နေကြသော ကား၊ဆိုင်ကယ်တော်တော်များများကိုလည်းမြင်ဖူးကြပါလိမ့်မည်..။ဈေးချိုကို သွားသောလမ်းတွင်ဟွန်းသံကျယ်ကျယ်လောင်လောင်များကိုကြားရသည်မှာထုံးစံလိုပင်ဖြစ်နေကြပါပြီ..။ဘာဖြစ်လို့များဒီဟွန်းတွေကိုဒီလောက်တီးနေကြသလဲဆိုတာကိုနားမလည်နိုင်ပါဘူး…။လိုအပ်လို့တီးတာမျိုးကိုဘာမှမပြောလိုပေမယ့် မလိုအပ်ဘဲ တတီတီလုပ်နေတာမျိုးကတော့တော်တော့်ကိုနားကလောစရာကောင်းလှပါသည်..။အရမ်းရှုပ်ထွေးနေတဲ့လမ်းမပေါ်မှာ လူတယောက်ကလမ်းဖြတ်ကူးဖို့ ကား၊ဆိုင်ကယ်အားလုံးရှင်းအောင်စောင့်စားရရင်တော့ မိုးသာချုပ်ပြီးနေ၀င်သွားမယ်သူကတော့လမ်းတဖက်ကိုရောက်မှာမဟုတ်ပါဘူး..။ဒီတော့လည်း သူ့မှာ ဒီရှုပ်ထွေးလှတဲ့လမ်းကိုကူးရတာပါပဲ…။အဲဒီ့အချိန်မှာကား၊ဆိုင်ကယ်ပေါ်ကလူတွေက လမ်းဖြတ်ကူးတဲ့သူကို ဟွန်းသံတတီတီနဲ့ အချက်ပေးကြပါတယ်…။သေချင်လို့လား ဆိုတဲ့အချိုးမျိုးနဲ့ပေါ့…။ဘယ်သူကတော့  ဒီလမ်းရှုပ်ရှုပ်ကို စတိုင်တခွဲသားနဲ့ဖြတ်နေမှာတဲ့လဲ……သူဖြတ်ကူးနေတဲ့အချိန်မှာအရှိန်လေးနည်းနည်းလျှော့ပေးပြီးဘာလို့မစောင့်ပေးနိုင်တာတဲ့လဲ…..။တချို့တချို့သော လမ်းဖြတ်ကူးသူတွေကလည်းလမ်းစည်းကမ်းကိုမလိုက်နာဘူးဆိုတာမှန်ပါတယ်..။ဒါပေမယ့် ကား၊ဆိုင်ကယ် မောင်းနှင်သူတွေကလည်း ဟွန်းတတီတီနဲ့  တခြားသူတွေကိုစိတ်အနှောက်အယှက်ပေးနေမယ့်အစား လမ်းဖြတ်ကူးသူကို နည်းနည်းလောက်ဖြစ်ဖြစ်ကိုယ်ချင်းစာပြီးစောင့်စားအရှိန်လျှော့ပေးရင်မကောင်းပေဘူးလား..။တချို့နိုင်ငံတွေမှာ လမ်းဖြတ်ကူးသူတွေကို ဦးစားပေးပြီး အရှိန်လျှော့ပေးတာမျိုးကိုတွေ့ဖူးပါတယ်…။ပြီးတော့သူတို့နိုင်ငံတွေမှာ ဒီမှာလိုဟွန်းတတီတီတီးနေတာမျိုးကလည်းရှားလှပါတယ်..။ဒီတော့  ကျွန်မတို့ကလည်းသူတို့လိုပဲ ဘာလို့စိတ်ကလေးကိုရှည်မပေးနိုင်ရမှာလဲ…။ကျွန်မကလည်း  မန္တလေးမှာကျောင်းတက်နေသူဖြစ်တာနဲ့အညီဆိုင်ကယ်နဲ့အသွားအလာလုပ်ရသူပါ..။ဒါပေမယ့် ကျွန်မဆုံးဖြတ်ချက်တခုချထားတယ် တကယ်လိုအပ်တာမျိုးမဟုတ်ဘဲနဲ့ ဟွန်းတတီတီတီးတာမျိုးကိုဘယ်တော့မှမလုပ်ဘူးလို့ပါ…။ဟွန်းသံတွေကလည်း ညစ်ညမ်းစေပါတယ်လို့ တချို့သောစာစောင်တွေကပြောပါတယ်..။ဒီတော့ဟွန်းသံတွေနဲ့ ပါတ်ဝန်းကျင်ကိုမညစ်ညမ်းစေဖို့အတွက်  ကြိုးစားဖို့ကောင်းပါတယ်…။ဟွန်းသံဆိုတာမျိုးကလည်းပဲ နားထောင်ချင်စဖွယ်ပြုလုပ်ထားတာမျိုးမဟုတ်လေတော့ဒီအသံတွေကစိတ်ကိုအနည်းနဲ့အများတော့အနှောက်အယှက်ပေးနေပါတယ်..။ဒီတော့ကျွန်မတို့က နိုင်ငံကြီးသားပီသစွာနဲ့ဟွန်းသံတွေကိုထိန်းချုပ်ကြရအောင်ပါ……။

In: စကားပြေ Posted By: Date: Jul 18, 2011
Comment #1

ဟုတ်တယ်..စုနိုင်ရေ..အဲဒီလိုအတွေးမျိုး ကျွန်တော်လည်းတွေးဖူးတယ်
ကောင်းတယ်…ရသမြောက်ပါတယ်..အားပေးပါတယ်နော်..

commentinfo By: minratha at Jul 29, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment