Professional Authors

သိထားသင့်ပါတယ်။

လူတစ်ယောက်ရဲ့ ခန္ဓာကိုယ်မှာမျက်စိကအနုနယ်ဆုံးပါ။  အရေးကြီးတဲ့အစိတ်အပိုင်းတစ်ခုလဲဖြစ်ပါတယ်။
 အလှအပတွေကို စိတ်နဲ့ခံစားရဖို့အတွက် မျက်စိအမြင်ရှိနေမှလဲဖြစ်မှာပါ။  ရှိနေတဲ့အခါမှာတန်ဖိုးသိပ်မသိကြပေမဲ့ မရှီတဲ့အခါတန်ဖိုးပိုသိကြတယ်လို့ ပြောကြသလိုပါဘဲ။  မျက်စိမြင်တဲ့လူတွေအတွက်တော့ သတိမထားမိကြပေမဲ့ မွေးရာပါမျက်စိမမြင်တဲ့လူတွေ၊ အကြောင်းအမျိုးမျိုးကြောင့် မျက်စိကွယ်သွားတဲ့လူတွေအတွက်တော့
မျက်စိအမြင်ဟာ ဘယ်လောက်ထိတန်ဖိုးရှိတယ်ဆိုတာ သိကြမှာပါ။  မွေးရာပါမျက်စိမမြင်တဲ့လူတွေ အတွက်တော့ အတိတ်ကံအရဖြစ်လို့ဘာမှလုပ်လို့မရပေမဲ့ မျက်စိမြင်ပြီးမှ အကြောင်းတစ်ခုခုကြောင့် မျက်စိကွယ်သွားတဲ့
လူတွေအတွက်ကတော့ ဖြစ်ပြီးမှနောင်တမရ ရလေအောင်ကြိုတင် ကာကွယ်သင့်တာတွေကိုသိထားသင့်တယ်လို့ထင်ပါတယ်။ မျက်စိအတွင်းရောင်ရောဂါအကြောင်းလေး ပြောပြချင်ပါတယ်။  ဒီရောဂါကလူကြီး၊ လူငယ်၊ မိန်းမ၊ ယောက်ျား၊
မရွေးဖြစ်တတ်ပါတယ်။  ဒီရောဂါကမျက်စိနာရောဂါနဲ့ ခပ်ဆင်ဆင်တူပါတယ်။  မျက်စိနာတာကတော့မျက်စိတစ်ဖက်နာပြီးရင် နောက်တစ်ဖက်ကိုကူးတတ်ပါတယ်။  မျက်စိအတွင်းရောင်ရောဂါကတော့  မျက်စိတစ်ဖက်တည်း နီရဲနေတတ်ပြီး ကျန်တစ်ဖက်ကတော့အကောင်းပကတိ အတိုင်းပါဘဲ။  နီရဲနေတတ်ဖက်က မျက်စိဟာတဖြည်းဖြည်းမှေးလာပြီး
အမြင်အာရုံပါ တဖြည်းဖြည်း ချို့ယွင်းလာတာပါ။  နာက်ဆုံးမှာတော့ မျက်စိ သူငယ်အိမ်အပေါက်ပိတ်သွားပြီး မျက်စိလုံးဝမမြင်ရတော့တဲ့ အထိဖြစ်နိုင်ပါတယ်။ ဒါကြောင့် အထူးသတိထားရမဲ့ ရောဂါတစ်ခုဖြစ်ပါတယ်။
အဲဒီရောဂါဖြစ်ရင်သိနိုင်တဲ့အချက်တွေကတော့

၁။  မဖြစ်ခင်တစ်ပတ်(သို့) ၃/၄ ရက်မှာမျက်စိခိုးလိုးခုလုဖြစ်ပြီး မျက်ရည်ပူတွေကြတတ်ပါတယ်။
၂။  အများအားဖြင့် မျက်စိတစ်ဖက်တည်း ဖြစ်တတ်ပါတယ်။
၃။  ဒီလိုဖြစ်ပြီးမကြာခင် မျက်စိနီ၊ မျက်ရည်ပူကျ၊ မျက်စိနေရောင်မကြည့်နိုင်ခြင်း တို့ဖြစ်တတ်ပါတယ်။
၎။  နောက် ၃/၄ ရက်အကြာမှာတော့ မျက်စိတဖြည်းဖြည်း မှုန်ဝါးလာပါတယ်။
၅။  မျက်စိမှုန်လာတာနဲ့အမျှ  ဖြစ်တဲ့ဖက်က မျက်စိအနည်းငယ်အောင့်ခြင်း၊ ကိုက်ခြင်းတို့ဖြစ်တတ်ပါတယ်။                 
    (ရေတိမ်ဖြစ်တာလောက် အောင့်တာ၊ ကိုက်တာဟုတ်တဲ့အတွက် သိပ်ဂရုမစိုက်မိကြပါဘူး။
      ဒါကြောင့်လဲဆရာဝန်ဆီလာဖို့ ပေါ့ဆနေတတ်ကြပါတယ်။)
၆။  တဖြည်းဖြည်း မျက်စိမှုန်လာတာကနေ ၁၀ရက်၊နှစ်ပတ်လောက်အကြာမှာတော့ လက်ချောင်း   (သို့)  
     မီးရောင်လောက်ဘဲမြင်နိုင်တဲ့အဆင့်ကိုရောက်လာပါတယ်။
၇။  မျက်စိအတွင်းရောင်ရောဂါဖြစ်နေတဲ့ လူတစ်ယောက်ရဲ့မျက်စိဟာ ဖြစ်နေတဲ့ဖက်နဲ့ကောင်းတဲ့ဖက်  မျက်လုံး
     အရွယ်အစားခြင်း မတူညီတော့ဘဲ ဖြစ်နေတဲ့ဖက်ကမျက်စိဟာ မှေးနေတတ်ပါတယ်။
     မျက်ရည်ပူတွေလဲကျတတ်ပါတယ်။  မျက်စိရိုးရိုးနာရင်တစ်ဖက်ဖြစ်ရင်နောက်တစ်ဖက်ကို ကူးတတ်ပါတယ်။
     ပြီးတော့ မျက်စိမမှုန်ပါဘူး၊  မျက်စိလဲ မှေးမသွားပါဘူး။
အထက်က ပြောခဲ့တာတွေကိုကြည့်ပြီး မျက်စိအတွင်းရောင်ရောဂါဖြစ်မယ်လို့ ယူဆမိရင်တော့ မျက်စိဆရာဝန်ဆီ အမြန်ဆုံးသွားရောက်ပြသသင့်ပါတယ်။  ဒီရောဂါမျိုးဟာ မည်သူမဆိုဖြစ်နိုင်ပေမဲ့  အဖြစ်အများဆုံးကတော့ အောက်ပါရောဂါရှိတဲ့လူတွေမှာပိုဖြစ်နိုင်ပါတယ်။

၁။  အဆစ်အမြစ်ရောင်ရောဂါရှိသူများ၊
၂။  ကျောရိုးအဆစ်ရောင်ရောဂါရှိသူများ၊
၃။  ပါးစပ်နှင့်လိင် အနာရောဂါရှိသူများ၊
၎။  တီဘီ(ခေါ်) အဆုတ်ရောင်ရောဂါရှိသူများ၊
၅။  ဆစ်ဖလစ်၊အေအိုင်ဒီအက်(စ်)ရောဂါရှိသူများ၊
၆။  ဆာကွိုင်ဒိုးဆစ်(Sarcodosis) ရော၈ွရှိသူများ၊
၇။  ကိုယ်ခန္ဓာတစ်နေရာရာ၌ ရောဂါပိုး(Source)တစ်ခုခုရှိနေသူများ၊
    (ဥပမာ။   ။Tooth Abscess,Lung Abscess,Liver Abscess)
၈။  မျက်စိရေတိမ်၊အတွင်းတိမ်၊ထိခိုက်ဒဏ်ရာခွဲစိတ်ခံထားရသူများ၊
၉။  မျက်စိတစ်ဖက်တွင်ပေါက်ပြဲဒဏ်ရာရဖူးသူများ
    (ယင်းလူများတွင် ထိခိုက်ဒဏ်ရာရမျက်စိတွင်သာ မျက်စိအတွင်းရောင်ရောဂါ ဖြစ်နိုင်သည်ထက် ကောင်းတဲ့
     မျက်စိတွင်ပါ အတွင်းရောင်ရောဂါဖြစ်တတ်သဖြင့် အထူးသတိပြုသင့်ပါသည်။)
မျက်စိအတွင်းရောင်ရော၈ါဖြစ်ပါက မျက်စိကွယ်တတ်ရသည့်အကြောင်းမှာ
၁။  မျက်စိသူငယ်အိမ်ပေါက်ကျဉ်းသွားပြီး သူငယ်အိမ်ပေါက်ပိတ်သွားရခြင်း၊
၂။  ရောင်ရမ်းရာက ထွက်လာတဲ့ချွဲရည်တွေ မျက်စိထဲက Structure တွေမှာကပ်ပြီးထပ်ဆင့်ရေတိမ်ရောဂါဖြစ်လာခြင်း၊
၃။  မျက်စိအတွင်းရောင်ရမ်းမှုဟာ မျက်စိတခုလုံးပျံ့နှံ့သွားပြီး မျက်စိတစ်ခုလုံးပိန်ချုံးရှုံ့တွပြီး ဘယ်လိုမှ
     ကုသလို့မရနိုင်တော့တဲ့အဆင့်ထိဖြစ်သွားတော့တာပါ။

ဒီရောဂါမျိုးဟာ သတိမထားမိဘဲဖြစ်နိုင်ပြီး မျက်စိကွယ်တဲ့အထိဆိုးကျိုးတွေဖြစ်နိုင်တဲ့အတွက် အားလုံးသတိထားပြီးဆင်ခြင်မိနိုင်အောင်ရေးသားဖော်ပြပေးလိုက်ပါတယ်။
(ဒေါက်တာကံညွန့်ရဲ့  ဆောင်းပါးလေးကိုဖတ်ပြီး နားလညိသလိုပြန်ဖော်ပြပေးတာပါ။  အားလုံးကိုသိစေချင်လို့ပါ။)

In: ဆောင်းပါး Posted By: Date: Jan 19, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment