Professional Authors

စိတ်

စိတ်…………..စိတ်ဆိုတာကလည်း အတက်အကျမြန်တယ်၊ ပျော်စရာရှိရင် လွယ်လွယ်ကူကူ ပျော်တတ်ကြသလို ၀မ်းနည်းစရာရှိရင်လည်း ပက်ပက်စက်စက် ၀မ်းနည်းတတ်ကြတယ်။ ၀မ်းနည်းမှုကို ပိုပြီး အသားပေး ခံစားတတ်ကြတယ်လို့ ထင်တယ်။

လူ့စိတ်ဟာ မျောက်စိတ်နဲ့ တူတယ်လို့ တရားတွေ နားထောင်ရင် ကြားနာရဖူးကြမှာပါ။ ဒါပေမယ့် ထူးဆန်းတာတစ်ခုက ပျော်နေတဲ့အချိန်မှာ လူအများစုဟာ ကိုယ့်ကိုကိုယ် ဆန်းစစ်မိချင်မှ မိမယ်။ စိတ်ညစ်တဲ့အခါမှာတော့ လူတိုင်းလိုလို စမ်းစစ်မိကြတာချည်းပဲ။ ငါကိုက ကံဆိုးလွန်းပါတယ်ကွာ၊ ငါ ကံကိုက အဲ့လောက်ထိဆိုးရွားနေတာ အစသဖြင့်ပေါ့လေ။
သောကကင်းတဲ့သူအဖို့  တစ်ညတာဟာ အကုန်လွယ်ပေမယ့် သောကရှိတဲ့သူအဖို့ တစ်စက္ကန့်တိုင်းစီဟာ အရမ်းကို ရှည်ကြာလွန်းပါတယ်။ ပျော်ရွှင်မှု ၁နာရီနဲ့ ခံစားမှု ၁မိနစ်ကို နှိုင်းယှဉ်လို့မရပါဘူး။ ၁မိနစ်ဆိုတဲ့ အချိန်ငယ်လေးမှာ လူဆိုတဲ့ အရာဝတ္ထုတစ်ခုကို အပြောင်းအလဲအမျိုးမျိုးနဲ့ သေခြင်းတရားထိ ဆွဲခေါ်နိုင်တာ ဒီစိတ်ကပဲ လုပ်ဆောင်နိုင်တာပါ။

ကဗျာ စာပေ စတဲ့ အနုပညာနဲ့ ပတ်သက်တဲ့ အလုပ်တွေကတော့ စိတ်နဲ့  လုပ်မှ အဆင်ပြေမယ့် အလုပ်တွေပါ။ တခြား အလုပ်တွေလို ငါ့တာဝန်ကြေပြီးရော ဆိုပြီး ရောချလိုက်လို့ မရပါဘူး။ ဒါကြောင့် စိတ်ဟာ အရမ်းကို အနုစိတ်လွန်းတယ်ဆိုတာ ထင်ရှားပါတယ်။

ကျွန်တော်တို့ မြတ်စွာဘုရား ပါရမီဖြည့်ခဲ့ရတာ လေးသင်္ချေနဲ့ ကမ္ဘာတစ်သိန်း ပါရမီ ဖြည့်ခဲ့ရတာပါ။ ပွင့်ခဲ့ဖူးတဲ့ ဘုရားတွေထဲမှာ ပါရမီဖြည့်သက် အနည်းဆုံးပါဘဲ။ ဘာလို့လဲ မေးစရာရှိတယ်။ စိတ်နဲ့ကျင့်ကြံတဲ့ တရား ဖြစ်လို့ပါ။ ဒါကြောင့် စိတ်ဆိုတာ တခြားအရာဝတ္ထုထက် ပိုပြီး ခရီးရောက်တယ်ဆိုတာ ကျွန်တော်တို့ သိမြင်နိုင်ပါတယ်။

စိတ်ကြောင့်ပဲ လူတွေ ကုသိုလ်တွေ ဖြစ်တယ်၊ စိတ်ကြောင့်ပဲ လူတွေ အကုသိုလ်တွေဖြစ်တယ်။ စိတ်ကိုနိုင်တဲ့သူဟာ လောကီကို အောင်နိုင်တဲ့သူအဖြစ်လို့တောင် သတ်မှတ်လို့ရပါတယ်။

ကျွန်တော်တို့ဆီမှာ ကောင်းစိတ်နဲ့ ဆိုးစိတ် နှစ်မျိုးရှိပါတယ်။ ဆိုးစိတ်က ပိုပြီး စွဲဆောင်နိုင်စွမ်းရှိပါတယ်။ အဲဒီမှာ လူဆိုးလူမိုက်ဆိုတာ ကွာတာပါဘဲ။ စိတ်ကို ထိန်းချုပ်နိုင်တဲ့သူဟာ လူကောင်းဖြစ်သွားတာပါ။ သံတိုင်းတစ်ဖက်ဆီမှာ ရပ်နေတဲ့ လူနှစ်ယောက်လိုပေါ့ အမှန်တော့ စိတ်ဓါတ်ချင်းက တူတူပါဘဲ။ စိတ်ထဲမှာ ပေါက်ကွဲပြီး ထိန်းချုပ်နိုင်တဲ့ သူက သံတိုင်ရဲ့ အပြင်မှာ ရပ်နေပေမယ့်၊ အမှန်တော့ သူက သံတိုင်ထဲက လူနဲ့ တူတူပါဘဲ။ လက်က မကျူးလွန်လိုက်တာပဲ ရှိတာပါ။ သူ့မှာ သတိဆိုတာနဲ့ ထိန်းလိုက်တာကြောင့်သာလျှင် သံတိုင်ရဲ့ အခြားတစ်ဖက်ကို မရောက်သွားတာပါ။

ဒါကြောင့် လူဆိုးဆိုတာ ချိုမပါဘူးလို့ တစ်ချို့က ပြောကြပါတယ်။ အဲဒီမှာ ကျွန်တော် ရှင်းချင်တာလေးတစ်ခုရှိတယ်ဗျ။ လူအများစုက တစ်ခုခုကို သတိပေးတဲ့အခါမှာ လူဆိုးဆိုတာ ချိုမပါဘူး သတိထားသွား ဆိုပြီး သတိပေးတတ်လေ့ရှိတယ်။ လူဆိုးတွေ လူကောင်းတွေထဲမှာ ရောပါနေတယ် သတိထားလို့ ပြောတာ မဟုတ်ဘူးခင်ဗျ . . . ချိုဆိုတာ အသွေးအသားကနေ ဖြစ်တည်လာတဲ့ အရာတစ်ခုပါ အသွေးအသားရှိတဲ့သူတိုင်း ချိုထွက်နိုင်ပါတယ်။ လူကောင်းလည်း ချိုထွက်နိုင်ပါတယ်။ လူကောင်းဆိုပြီး ယုံကြည်လို့ မရပါဘူး။ မိမိစိတ်နဲ့သာ ဆင်ခြင် ခွဲခြားသိမြင်နိုင်တာပါ။ အမြင်မမှား၊ အတွေးမမှားဖို့တော့ လိုလိမ့်မယ်လို့ ကျွန်တော်ထင်တယ်။ စိတ်ကျန်းမာရေးအတွက် စာပေကောင်းတွေလည်း လေ့လာသင့်တယ်လို့ ကျွန်တော်ထင်တယ်။ ဆရာကောင်းသန့်ရေးတဲ့ စာစုလေးတစ်ခုကို ကျွန်တော်သတိရတယ် မိန်းကလေးတွေနဲ့ ပိုသက်ဆိုင်မယ်လို့ ထင်တယ် “မနာလို ၀န်တိုခြင်းသည် ချီးကျူးအားပေးလိုက်ခြင်းတစ်မျိုးတဲ့” ဟုတ်တာပေါ့ဗျာ။ သိစိတ်က မနာလို မုန်းထားပင်မယ့် မသိစိတ်မှာ အားကျနေတတ်တာ လူ့သဘာဝပါ။ စိတ်ဟာ လူတစ်ယောက်ကို အကျိုးစီးပွားတွေ ချပေးသလို၊ မကောင်းတဲ့ လမ်းကို တွန်းပို့နိုင်တဲ့ အဓိက တရားခံပါဘဲ။

ဒါကြောင့် ကျွန်တော်တို့စိတ်တွေကို အချိန်နဲ့အမျှ ပြုပြင်သင့်တယ်၊ အရာအားလုံးအတွက် ပြင်ဆင်ထားသင့်တယ်လို့ ကျွန်တော်ထင်တယ်။ စိတ်ခွန်အားကြီးသူဟာ အမှားနည်းပြီး လွယ်လွယ်နဲ့ မယိုင်နဲ့တတ်ဘူး။ ဒါကြောင့် စိတ်ခွန်အားတိုးဖို့အတွက် စိတ်လေးတွေ သန့်ဖို့လည်း လိုအပ်တယ် ဒါကြောင့် ကျွန်တော်တို့ ယနေ့ခေတ်ရဲ့ လူငယ်များ ကြိုးစားကြည့်ရအောင်လားဗျာ။

(17-12-2010)
လိပ်ပြာ

Comment #1

ကျေးဇူးတင်ပါတယ် ဇာတိရာ လာရောက် အားပေးတဲ့အတွက်

Comment #2

ပြင်ဆင်သင့်တယ် ၊ ပြုပြင်သင့်တယ် အကို လိပ်ပြာလေး ၇ယ်…..ကျွန်တော်က တော့ ကျွန်တော် စိတ်ကို ကျွန်တော် ကြောက်တယ် …..

commentinfo By: genius.jinx28 at Dec 20, 2010
Comment #3

ဘာလို့ကြောက်တာလဲ ရဲလေးရ ထူးထူးဆန်းဆန်းပဲ … ညီလေးရေ အရူးဆိုတာ ကိုယ့်ကိုကိုယ် ရူးနေတယ်လို့ မထင်ဘူးဗျ.. ညီလေးက ကိုယ့်ဟာကိုယ် ပြန်သုံးသပ်တတ်တယ် ဆိုတော့ မရူးသေးပါဘူးဗျာ…လတ်လတ်ဆတ်ဆတ်ကြီး ရှိပါသေးတယ်။ နောက်တာ စိတ်မဆိုးနဲ့။
လာရောက်အားပေး ဖတ်ရှု့လို့ ၀မ်းသာပါတယ် ခင်ဗျာ။။။

Leave Comments

Name*

Email*
Website
Email me whenever there is new comment