ဗန်းမော်…ဆိုတာ…..
ဗန်းမော်…ဆိုတာ…..
ဗန်းမော်…ဆိုတာ…..
ဗန်းမော်ဆိုတာ မြန်မာနိုင်ငံမြောက်ပိုင်းက မြို့လေးတစ်မြို့ရဲ့ အမည်ပါ…။ ကျွန်တော်တို့ ငယ်ငယ်တုန်းက ပထ၀ီမှာ သင်ခဲ့ရတဲ့ စာလေးတစ်ပိုဒ် ရှိပါတယ်…။ “ဧရာဝတီမြစ်၏ သဘောင်္လမ်းဆုံးမြို့မှာ ဗန်းမော်မြို့ ဖြစ်ပါသည်” တဲ့။ အဲ့ဒီမြို့ကလေးပါ…။ ဗန်းမော်ဆိုတာ….စိန်လုံတောင်တွေနဲ့ ၀န်းရံထားတဲ့မြို့..။ ဗန်းမော်ဆိုတာ…. တာပိန်နဲ့ ဧရာဝတီ ပေါင်းဆုံတဲ့ နေရာကမြို့…။ ဗန်းမော်ဆိုတာ…. သဘောင်္လမ်းဆုံးတဲ့မြို့…။ ဗန်းမော်ဆိုတာ…. ရှိပြီးသား လေယာဉ်ကွင်းကြီးကို နှစ်ပေါင်းနှစ်ဆယ် မွမ်းမံပြီး 2010 မှာ ဂျက်လေယာဉ်ကြီး ဆင်းသက်နိုင်တဲ့မြို့…။ ဗန်းမော်ဆိုတာ…. နောက် နှစ် နှစ်ဆယ် စီမံကိန်းနဲ့ ဘယ်ချိန် ရထားလမ်း ပေါက်မယ် မသိတဲ့မြို့။
ဗန်းမော်ဆိုတာ ကျွန်းသစ်တောနဲ့ အအေးပိုင်း မိုးများတဲ့သစ်တောတွေ အုပ်ဆိုင်းထားတဲ့မြို့။ ဗန်းမော်ဆိုတာ ဥသြတွေတွန်တဲ့ နွေရာသီမှာ ဧရာဝတီထဲ သောင်ပြင်တွေ တံလျှပ်ထတဲ့မြို့။ ဗန်းမော်ဆိုတာ မိုးရေတက်ရေ တစ်ဖွေးဖွေးနဲ့ တောင်ပြာတွေမှာ မိုးတွေစွေရင် ချောင်းတွေက ရေလျှံတဲ့မြို့။ ဗန်းမော်ဆိုတာ ချယ်ရီတွေဝေဖို့ နှင်းတွေ ငိုပေးတဲ့မြို့။ ဗန်းမော်ဆိုတာ တရုတ်နယ်စပ် ယူနန်နဲ့ 65 km ပဲ ဝေးလို့ တရုတ်လူမျိုးနဲ့ ဒေသခံ တိုင်းရင်းသားတွေ အနေများတဲ့မြို့။ ဗန်းမော်ဆိုတာ မြို့တော် မြစ်ကြီးနားနဲ့ 186 km အဝေးမှာရှိတဲ့ မနောမြေရဲ့ ဒုတိယမြို့။ ဗန်းမော်ဆိုတာ ခေတ်ရဲ့ ရေစီးကြောင်းမှာ ရုပ်ဝတ္ထုတိုးတက်ခြင်းကို ရင်ဝယ်ပိုက်ပြီး သမိုင်းကို အတိုက်အစားခံခဲ့ရတဲ့မြို့။
-x-x-x-x-x-x-x-x-x-x-
ဗန်းမော်ဆိုတာ ရှမ်းနီ ဘာသာစကားအရ “မန်မော်” လို့ ခေါ်တဲ့မြို့။ ဗန်းမော်ဆိုတာ “အိုးလုပ်တဲ့ ရွာကလေး” လို့ အဓိပ္ပါယ်ရတဲ့မြို့။
ဗန်းမော်ဆိုတာ သမိုင်းတစ်နေရာမှာ “စမ္ပါနဂိုရ်” လို့ အမည်တွင်ခဲ့တဲ့မြို့…။ ဗန်းမော်ဆိုတာ ဗုဒ္ဓရာဇ၀င်တွေထဲက အင်္ဂတိုင်းပြည် ဘုရင်ကြီး စစ်ရှုံးလို့ ထွက်ပြေးရင်း တည်ခဲ့တဲ့မြို့…။ ဗန်းမော်ဆိုတာ စမ္ပေယျမင်းက ဧရာဝတီ- တာပိန် မြစ်တစ်ဝှမ်းမှာ သမိုင်းစခဲ့တဲ့မြို့။ ဗန်းမော်ဆိုတာ ဗြဟ္မရကုမ္မာမင်းရဲ့သမီး မုဉ္စန္ဒာနဲ့ မုဆိုးမသား အိုက်ခေါတော်တို့ သမိုင်းဆက်ခဲ့တဲ့မြို့။ အဲ့ဒီ ဗန်းမော်ရဲ့ စမ္ပါမှာ ဂုတ္တရာဇာ ဟာ နောင်တော် ဆီက နန်းလုခဲ့တယ်…။ အဲ့ဒီ ဗန်းမော်ရဲ့ စမ္ပါအတွက် ပုပ္ဖ၀တီဟာ နောက်ဆုံးမင်းဆက် ၀ိလာသကို မွေးဖွားပေးခဲ့တယ်။ အဲ့ဒီ ဗန်းမော်ရဲ့ စမ္ပါထဲ တိမ်မြုပ်နေတဲ့ သမိုင်းတစ်စဟာ ခပ်မဆိတ် ရှိနေခဲ့တယ်…။
-x-x-x-x-x-x-x-x-x-x-
ဗန်းမော်မှာ အသောကမင်းကြီးရဲ့ ပုထိုးတော်တွေနဲ့ ခေတ်ပြိုင် စေတီ လေးဆူလည်း ရှိတယ်။ ဗန်းမော်မှာ သမိုင်းကို ခြေရာချန်ခဲ့တဲ့ ၀ိလာသရဲ့ ကျေးရွာတွေလည်း ရှိတယ်…။ ဗန်းမော်မှာ မင်းမိန့်နဲ့ ကျက်စားခဲ့တဲ့ နဂါးတွေရဲ့ ခြေရာတွေလည်းရှိတယ်…။ ဗန်းမော်မှာ တောင်ယာလုပ် တောခုတ်တဲ့ ရွာသူရွာသားတွေလည်း ရှိတယ်…။ ဗန်းမော်မြေမှာ ခိုအောင်းနေတဲ့ ကျောက်စိမ်းတွင်းတွေလည်း ရှိတယ်….။ ဗန်းမော်ရေမှာ တစ်သွင်သွင်စီးဆင်းနေတဲ့ ၀င်းဝင်းလက်လက်ရွှေတွေရှိတယ်…။ ဗန်းမော်မှာ နယ်ခံနယ်သားတွေနဲ့ ရေမြေပြောင်း အခြေချလာတဲ့ သူစိမ်းတွေ ညီညီမျှမျှ ရှိတယ်…။
ဗန်းမော်မှာ မုန့်ညင်း၊ ခေါက်ဆွဲ နဲ့ ခေါပုတ်တွေ သိပ်ပေါတယ်…။ ဗန်းမော်မှာ တောင်တွေကိုကျော်ဖြတ်ပြီး အလည်ရောက်လာတဲ့ တရုတ်ပစ္စည်းတွေ သိပ်ပေါတယ်..။ ဗန်းမော်မှာ ပေါက်ပြားလေးတစ်ချက်နဲ့ လောပန်းဘ၀ပြောင်းချင်တဲ့ ကျောက်တူးသမားတွေ သိပ်ပေါတယ်…။ ဗန်းမော်မှာ တစ်ချို့အသက်မွေးပညာရပ်တွေ အခြေချလို့မရလို့ ပြောင်းရွေ့သွားတဲ့ နယ်သူနယ်သားတွေ သိပ်ပေါတယ်…။
-x-x-x-x-x-x-x-x-x-x-
ဗန်းမော်မှာ လွန်ခဲ့တဲ့ နှစ်ပေါင်း နှစ်ဆယ့်ငါးနှစ်ခန့်က “John Moe Eain” လို့ အမည်ပေးထားမယ့် မိန်းကလေးတစ်ဦးကို မွေးဖွားပေးခဲ့တယ်…..။
Comment #3
hello sis..
nice to meet you as i m also from Kachin State,Mogaung.
:)..
i miss my hometown too.
                        By: kyi kyi at Jun 21, 2010
                    Comment #4
Hello! I am Kachin State. Nice to meet you .Thanks
                        By: moetharnyonyo at Jun 22, 2010
                    Comment #5
Hi..ကိုယ်လဲ ဗန်းမော်မှာ နေခဲ့ပါတယ် ဒကာတော်..မင်းရဲ့ စာကိုဖတ်လိုက်ရတော့.ကိုယ်ပြန်ပြီး ဗန်းမော်နယ်လေးကို လွမ်းမိပါတယ်.. ကျေးဇူးအများကြီးတင်ပါတယ်
                        By: zanyboy at Jun 25, 2010
                    




 
Comment #1
ဟိုင်း သူငယ်ချင်း
မင်းကိုငါခင်လို့ရမလား?ငါ့နာမည်ကတော့မင်းသူပါ