နင်မရှိတဲ့အခါ
အရာအားလုံး ပုံမှန်လည်ပတ်နေတုန်းပါပဲ…
မနက်ဆို အိပ်ရာထတယ်…ကျောင်းသွားတယ်…ကျောင်းကပြန်လာရင် ခဏနားပြီး စာလုပ်တယ်…
ညဘက်တွေဆို အွန်လိုင်းမှာရှိတယ်…
ငါ့ဘ၀ က အရာအားလုံး ပုံမှန်လည်ပတ်နေတုန်းပါပဲ…
ဘေးကကြည့်ရင် ဘာမှထူးခြားတာတွေ့ မှာမဟုတ်ဘူး…
ဒါပေမယ့် ရင်ခုန်သံတွေပြောင်းသွားတာကိုတော့…ကာယကံရှင်ကလွဲလို့ ဘယ်သူသတိထားမိမှာလဲ…
မတူတာတွေကိုပြောရရင်…
မနက်တိုင်းအိပ်ရာထတဲ့အခါ…အိပ်ပုပ်မလေး ထတော့လို့ ဖုန်းဆက်နှိုးမယ့်သူမရှိဘူး…
ငါ့အတွက် မနက်ခင်းတွေက ခြောက်ကပ်ကပ်နိုင်လွန်းတယ်…
ကျောင်းကိုရောက်တဲ့အခါတိုင်း…ကျောင်းရောက်ပြီလား မေးမယ့် သူမရှိဘူး…
ကျောင်းဝင်းကြီးက ငါ့ကို အေးစက်စွာကြိုဆိုတယ်…
နေ့ ခင်းထမင်းစားချိန်ဆို…ထမင်းကုန်ရဲ့လား ကုန်အောင်စားလို့ ဖုန်းဆက်ပြောမယ့်သူမရှိဘူး
ထမင်းဟင်းတွေက ပါးစပ်ထဲမှာအရသာမဲ့တယ်…
ညနေကျောင်းဆင်းတိုင်း…အိမ်ပြန်ရောက်ပြီလား မေးမယ့်သူမရှိဘူး…
ငါ့အခန်းက ငါ့အတွက်နွေးထွေးမှု မဲ့နေတယ်…
စာကျက်ချိန်ရောက်တိုင်း သတိပေးမယ့်သူ…စာမကျက်ရင် ဆူမယ့်သူ မရှိဘူး…
စာအုပ်ထဲက စာတွေက လှောင်ပြောင်နေသလိုပဲ…
အွန်လိုင်းတက်တိုင်း ဂျီတော့ထဲမှာ မြင်နေကျ နာမည်တစ်ခုမရှိဘူး
ဂျီတော့ဖွင့်ပြီး စကားပြောစရာလူမရှိသလိုပဲ…
မေလ်းစစ်လိုက်ရင် မေလ်းဘောက်စ်ထဲမှာ ငါ မျှော်တဲ့စာမရှိဘူး…
တစ်ခြားမေလ်းတွေက အသဲကို အပ်နဲ့ ထိုးသလိုပဲ…
ညဘက်တွေကို vz0 ကနေ မြင်နေကျ မျက်နှာတစ်ခု မမြင်ရဘူး…
ကွန်ပြူတာက ငါ့ကို အိပ်မက်ဆိုးတွေပေးသလိုပဲ…
အိပ်ခါနီးရင်….ကောင်းကောင်းအိပ်နော်…အိပ်မက်လှလှမက်ပါစေ လို့ ပြောမယ့်သူမရှိဘူး…
အိပ်ခါနီးတိုင်း လူးကာလှိမ့်ကာနဲ့ အချိန်တွေကြာရပြန်ကော…
အရာအားလုံး ပုံမှန်ပါပဲ…ပုံမှန်မဟုတ်တာ…ငါ့ဘ၀ထဲက သူထွက်သွားခဲ့တာ…
ဆံပင်တွေလဲ…လေမှာလွင့်လို့ ရအောင်ရှည်နေပြီ
ခြေမှာလဲ ကတီပါသဲကြိုးနဲ့ နေတတ်ခဲ့ပြီ…
သူမကြိုက်တဲ့ ဆေးဆိုးပန်းရိုက်လဲ မလုပ်ဖြစ်တော့ဘူး…
သနပ်ခါးနဲ့ ကျေနပ်တတ်ပြီ…
ဒါပေမယ့်…လေမှာဝဲနေတဲ့ ဆံပင်ရှည်တွေကို သိမ်းသပ်ပေးမယ့် လက်တွေကမရှိတော့ဘူး…
ကတီပါသဲကြိုးနဲ့ ခြေလှမ်းတွေအတွက်…ယှဉ်တွဲလျှောက်စရာ လူမရှိတော့ဘူး…
ပါးပေါ်က ပါးကွက်ကြားကလဲ…ပိုင်ရှင်ကိုမျှော်လင့်နေတယ်…
ဖြူဖျော့အေးစက်တဲ့ လက်တွေကလဲ…အားပေးဆုပ်ကိုင်ပေးမယ့် သူကို တောင့်တနေတယ်…
ကွဲအက်ကျေမွနေတဲ့ နှလုံးသားကလဲ…. ကလေး လို့ ခေါ်တတ်တဲ့ ကို့ ကိုလွမ်းနေပါတယ်
Comment #4
ကြိုက်လွန်းလို့ ကူးသွားပြီ
By: snow at Jun 17, 2011
Comment #6
really nice.
By: ei lay at Aug 19, 2011
Comment #8
အရာအားလုံးပုံမှန်ပါပဲ ပုံမှန်မဟုတ်တာငါ့ဘ၀ထဲကနင်ထွက်သွားခဲ့တာ
By: han mo at Jul 10, 2013




Comment #1
ကောင်းတယ်ဗျာ .. ကြိုက်တယ် အမ ..