Professional Authors

တွေးမိသမျှ – ၃

*Uni Form* ဆိုတာ ကျမတို့ အဖွဲ့အစည်း၊ နေရာ အများစုမှာ အသုံးပြုထားကြပါတယ်။ အချို့ နေရာတွေက အသုံးပြုတယ်၊ အချို့ နေရာတွေက အသုံးချ တယ်၊ အချို့နေရာတွေက လိုက်နာ အသုံးပြု ဖို့အတွက် အသုံးချ ကြတယ်။ ကျမတို့ သိတဲ့အတိုင်းပါပဲ *UNIT* ဆိုတာ *တစ်* ပါ။ ဒီနေရာမှ *တစ်* လို့ သုံးနှူန်းထားခြင်းဟာ သင်္ချာသဘောအရ သုံးနှူန်းထားခြင်း မဟုတ်ပါဘူး။ *တစ်* တစ်မျိုးတည်း၊ တစ်ခုတည်း၊ တစ်စိတ်တည်း၊ တသတ်မှတ်တည်း ရယ်ဆိုတဲ့ *တစ်သား* တည်းဆိုတာကို သုံးနှူန်းထားခြင်းဖြစ်ပါတယ်။ *Form* ဆိုတာကတော့ ရှင်းလင်းလွန်းပါတယ်။ *ပုံစံ* ကို ညွှန်းဆိုထားတာပါ။ ပုံစံ ဆိုတာမှာ ကျမတို့ ဆိုင်ရာ သတ်မှတ်ချက် ပါရှိပြီးသားပါ။ ကျမတို့ ပုံစံ ကို သုံးခြင်းရည်ရွယ်ချက်ကတော့ ပုံစံကျနဖို့၊ စည်းစနစ်ကျနဖို့၊ နည်းစနစ်မှန်ကန်ဖို့အတွက် အသုံးပြုခြင်းဖြစ်ပါတယ်။

*ဟုတ်ပြီ ဒါဆို ကျမတို့ဟာ ဘာလို့ *Uni Form* ကို အသုံးပြုကြတာလဲ?*

ဒါကတော့ ရှင်းပါတယ် အကြောင်းတရားက တစ်ခုတည်းပါ။ ကျမတို့ ဂုဏ်ရည်တူ နှစ်ခုကို ပေါင်းစည်းပြီး တစ်ထပ်တည်း၊ တစ်သားတည်းကျအောင် စည်းစနစ်နဲ့ ဖွဲ့စည်းထားခြင်းပါပဲ လို့ ကျမကတော့ ဆိုလိုချင်ပါတယ်။

ဒီ သဘောတရားအတိုင်းပါပဲ ကျမတို့ လူသားအနွယ်ဝင်တွေဟာ တစ်ယောက်နဲ့တစ်ယောက်မှာ အယူအဆ၊ အတွေးအခေါ်၊ စဉ်ခြင်တုံတရား၊ ခံယူချက်၊ အလေ့အထ တွေဟာ တစ်သားတည်း ကျတယ်ဆိုတာ မရှိနိုင်ပါဘူး။ ဒါဟာ ဘယ်အသားအရောင်မှာပဲဖြစ်ဖြစ်၊ ဘယ်ဒေသမှာပဲဖြစ်ဖြစ် ရှိနေတဲ့ သဘောတရားတစ်ခုပါ။ ကျမတို့ ပြောင်းလဲပြစ်ဖို့ဆိုတာ အင်မတန်မှ ခဲယဉ်းပါတယ်။ ကျမ ပြောင်းလဲပြစ်ဖို့ မရနိုင်ဘူး ပြောခဲ့တာ မဟုတ်ပါဘူး ခဲယဉ်းတယ်လို့ပဲ ပြောခဲ့တာပါ။ ဒီအတွက် နည်း တစ်နည်းတော့ ရှိပါတယ်။ ဒါကတော့ *မိမိကိုယ်ကို ပြောင်းလဲပြစ်ခြင်း* (Change Oneself) ပါပဲ။ ဒါကလည်း လူသားအနွယ်ဝင် အများစုအတွက်တော့ ခက်ခဲခြင်း နဲ့ လက်ခံကျင့်သုံးဖို့ ခက်ခဲမှူ တစ်ရပ်ပါပဲ။ ဒါကြောင့် ကျမတို့ဟာ လူအမျိုး စိတ်အထွေထွေ ရှိနေတာတွေကို တစ်သားတည်း၊ တစ်ထပ်တည်း ကျနိုင်ဖို့အတွက်ကို *Uni Form (တစ်သတ်မှတ်တည်း ပုံစံ)* နဲ့ ထိန်းချုပ်ထားလိုက်ခြင်းလို့ ကျမကတော့ ယုံကြည်မိပါတယ်။

ဟုတ်ကဲ့ .. ဒီလိုပဲ ကျမတို့တွေကလည်း *Uni Form* ကို တူညီစွာ ဝတ်ဆင်ထားတဲ့ အဖွဲ့အစည်းတစ်ခုပါ။ ကျမတို့ဟာ ကျမတို့ အဖွဲ့အစည်းကို ဗဟိုပြု ပါတယ်။ ကျမတို့ အဖွဲ့အစည်းကလည်း ကျမတို့ကို ကိုယ်စားပြုပါတယ်။ ဒါဟာ ဘယ်လိုမှ သွေဖယ်လို့မရတဲ့ သဘောတရား တစ်ခုပါ။ ကျမတို့က စော်မှူတစ်ရပ်ကို ပြုမူလိုက်ခြင်းဟာလည်း ကျမတို့က ကိုယ့်အဖွဲ့အစည်းကိုကိုယ် ပြုမူလိုက်တာနဲ့ တူတူပါပဲ။ ဒီလိုပဲ ကျမတို့ စော်ကားမှူတစ်ရပ် ခံလိုက်ရခြင်းဟာလည်း ကျမတို့ အဖွဲ့အစည်းကို စော်ကားလိုက်တာနဲ့ အတူတူပဲ ဖြစ်ပါတယ်။ ကျမတို့ အချင်းချင်း တစ်ဦးကိုတစ်ဦး ယုံကြည်မှု၊ လေးစားမှု၊ စည်းလုံးမှု၊ ညီညွတ်မှု၊ ရိုင်းပင်းဖေးမမှု၊ စာနာမှု တွေ ရှိသင့်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ကျမတို့က *Uni Form* ကို တူညီစွာ ဝတ်ဆင်ထားတဲ့ သူတွေဖြစ်နေလို့ပါ။

နောက် အကြောင်းအရာတစ်ရပ်က ကျမတို့ အဖွဲ့အစည်းတွေဟာ မိဘ နဲ့ သား၊သမီးများနဲ့ တူညီကြပါတယ်။ မိဘ နဲ့ သား၊သမီး ဆက်ဆံရေးကြားမှာ ပဋိပက္ခတွေ ရှိကောင်းရှိနိုင်ကြပါတယ်။ ဘယ်လိုမျိုး အကြောင်းတရားတွေ ရှိနေပေမယ့်လည်း မိဘနဲ့ သား၊သမီးကြား ဆက်ဆံရေးဟာ ကြင်နာ၊ နွေးထွေးမှူ အပြည့်ပါရှိကြပါတယ်။ ဘယ် မိဘ ကမှ ကိုယ့် သား၊သမီး အနိုင်ကျင့်ခံနေရတာကို မကြည့်နေနိုင် ကြပါဘူး။ ဘယ် သား၊သမီးကမှလည်း ကိုယ့်ရဲ့ မိဘ ကို စော်ကားမှူပြုမူနေတာကို ငြိမ်ခံမနေနိုင်ကြပါဘူး။ မိဘ ဆိုတာက ကိုယ့် သား၊သမီးတွေကို ကိုယ်တိုင်သာ *အပြစ်ပေး ဆုံးမ* တတ်လေ့ရှိကြပါတယ်။ မိဘရဲ့ အကာအကွယ် အပြည့်အဝ မရတဲ့ သား၊သမီး တွေဟာ အပြင်လူတွေရဲ့ ရံဖန်ရံခါ နိုင်လိုမင်းထက် ပြုကျင့်ခြင်းကို ခံစားရပါတယ်။ ဒီလိုဆို မိဘ တွေ အနေနဲ့ကော ခံနိုင်ပေါ့မလားရှင်။ ကျမ ယုံကြည်ထားတာတော့ သူတို့တွေဟာ မခံနိုင်ကြပါဘူး။ ကိုယ့်ရဲ့ သား၊ သမီးတွေကို နိုင်လိုမင်းထက်ပြုကျင့်သူတွေကို သူတို့တွေဟာ တရားသောနည်းလမ်းနဲ့ ပြန်လည်ချေပမှာပါပဲ။ ဘာကြောင့်လဲဆိုရင် သူတို့ဟာ မိဘကောင်းတွေ ဖြစ်လို့ပါပဲ။ ဒီအတွက် သား၊သမီးဘက်ကလည်း သူတို့ရဲ့ မိဘ တွေအပေါ်မှာ နွေးထွေးပြူငှာတဲ့ တုံ့ပြန်မှူတစ်ခုဆိုတာ အလိုလို ဖြစ်လာပြီးသားပါပဲ။  နောက်အကြာင်းအရာ တစ်ခုကတော့မိဘနဲ့ သား၊သမီးကြား ဆက်ဆံရေးမှာ တစ်ဦးကိုတစ်ဦး လေးစားမှူဆိုတာ ရှိကြပါတယ်။ သား၊သမီး တွေကလည်း ကိုယ့်ရဲ့ မိဘ လုပ်ဆောင်မှူတိုင်းအပေါ် လေးစားတဲ့စိတ် ဆိုတာ အမြဲ ကိန်းဝပ်နေပါတယ်။ ဒီလိုပါပဲ မိဘတွေကလည်း ကိုယ့်ရဲ့ သား၊သမီး လုပ်ဆောင်ချက်အပေါ် လေးစားမှူပေးကြပါတယ်။ မိဘ ရဲ့ စေတနာကို သား၊သမီးတွေက နားလည်ခံစားနိုင်သလို သား၊သမီး ရဲ့ ခံစားချက်တွေကိုလည်း မိဘတွေက ခံစားနားလည်ပေးနိုင်ကြပါတယ်။ သဘောတရားကတော့ ရှင်းလင်းလွန်းပါတယ် မိဘနဲ့ သား၊သမီး ဆိုတာ အသွားနဲ့အပြန်ဆိုတာ ရှိစမြဲမို့ပါပဲ။

 

(စာဖတ်သူများသို့ တောင်းပန်ချက်။          အမှားအယွင်း တစ်စုံတစ်ရာ ပါရှိပါက ပို့စ်ရေးသားသူ ကျမတွင်သာ တာဝန်အပြည့်ရှိပါသည်။ အရေးအသားညံ့ပါကလည်း ကျေးဇူးပြု၍ ယဉ်ကျေးစွာ ဝေဖန်ပြောဆို ရေးသားနိုင်ပါတယ်။)

အမြဲတမ်း ကြိုးစားသွားပါမည်။
ပန်းအိ
(၂၃-၈-၂ဝ၁၁)

In: ဆောင်းပါး Posted By: Date: Sep 23, 2011
Comment #1

good writing

commentinfo By: ei lay at Feb 3, 2012
Comment #2

ကျေးဇူး အိလေး။ 🙂

commentinfo By: pannei at Feb 4, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment