Professional Authors

တစ်နေ့နေ့ပေါ့….

ဟိုးရှေးရှေးတုန်းကလို့ပြောလို့မရတဲ့ တနေ့ ကောင်းကင်တွေက ပုံမှန်အတိုင်းပြာပြီး မြေကြီးမှာ သစ်ပင်တွေပေါက်လို့ လူတွေ အိမ်ထောင်ပြုကြတဲ့ခေတ်မှာပေါ့။ ခရမ်းရောင် အရမ်းကြိုက်တဲ့ ကောင်မလေးတစ်ယောက် အင်းလျားကန်မှာ ဘူးသီးကြော် စားရင်းနဲ့ ညစာစားပြီးတိုင်း စိတ်ကူး၁နာရီ ယဉ်တတ်တဲ့ ကောင်လေးတစ်ယောက်နဲ့ စတင်ထိတွေ့ခဲ့ပါတယ်။

သူတို့နှစ်ယောက် အိမ်ပြန်ရောက်တော့ ကောင်မလေးက သူရဲ့ခရမ်းပြာရောင်ဒိုင်ယာရီမှာ အဲဒီအကြောင်းလေးကို အမှတ်တရရေးပြီး၊ ကောင်လေးကတော့ သူ့ကွန်ပြူတာထဲက ဒိုင်ယာရီထဲမှာ တစ်ချက်တို့ထားလိုက်မိတယ်။ အဲဒီမှာတင် ရာဇဝင်ထဲက ပညာရှိတွေပြောတဲ့ မမွှေးသင့်တဲ့မီး ဆိုတာကို စပြီး တုတ်နဲ့အားပါတရ ထိုးမိကြပါလေတော့တယ်။

3.June

ဒီနေ့ … သင်ဇာအောင်တို့နဲ့ အင်းယားကန်မှာ ဘူးသီးကြော်သွားစားတယ်… ပျော်စရာကြီး …. စာမေးပွဲလဲပြီးသွားပြီလေ … ဒါပေမဲ့ ပိုပျော်ရတာ သူ့ကြောင့်….. သူ ကို သင်ဇာအောင်က မိတ်ဆက်ပေးတာ။ သင်ဇာအောင်သူငယ်ချင်းတဲ့ … သာမန်ရိုးရိုးကောင်လေးပါပဲ … ဘာရယ်ကြောင့်လဲမသိဘူး … ငါမျက်စိထဲမှာ သူက အရမ်းထူးခြားနေတယ် … ငါထင်တာတော့ သူစကားပြောတဲ့ပုံကြောင့်လို့ထင်တာပဲ …. မသိတော့ဘူး …. အင်း …. ငါ သူကို့ နာမည်တခုပေးရမယ် …. ဟုတ်တယ် … သူနာမည်က ဘီးလုံး … အဟီး….. ရယ်ရတယ် … မျက်စိရှေ့ရှိတဲ့ဟာကိုပေးလိုက်တာ …. အင်း … အဲ့နာမည်ပဲကောင်းပါတယ် … ထားပါ… အိမ်ပြန်ရောက်တော့ မာမီက မျက်စောင်းခဲနေတယ် … မနက်ကထွက်သွားတာ ည ၇နာရီမှ အိမ်ပြန်ရောက်လို့တဲ့ … တော်ပြီ စာဆက်ကျက်တော့မယ်

3.June

ဒီနေ့အင်းလျားမှာသင်ဇာအောင်တို့နဲ့တွေ့တယ်။သူကတော့ထုံးစံအတိုင်းပွစိစိပဲ။

ကောင်မလေးတစ်ယောက်နဲ့မိတ်ဆက်ပေးတယ်။ရွှေအိမ်စည်တဲ့၊

နာမည်ကတော့ကုလားမင်းသားနဲ့ညားမဲ့နာမည်မျိုး။ ရုပ်ကတော့မဆိုးသလိုပဲ။ ငါစကားပြောရင်အဲဒီကောင်မလေးကလှုပ်စိလှုပ်စိဖြစ်သွားတယ်၊အာပုဎ်စော်နံလို့လားမသိဘူး။

ငါဒီမနက်သွားလည်းတိုက်လာပါတယ်။ရှက်လိုက်တာ။

အေးပါ။ဘာပဲဖြစ်ဖြစ်၊အခုတော့အိပ်အုံးမှ။မေမေကဆူနေပြီ။မနက်ဖြန်ဟိုကောင် တွေနဲ့ဘီယာသောက်ဖို့ချိန်းထားတယ်။


6.July

ဒီနေ့ … ငါမှာထားတဲ့ eye shadow ရောက်လာပြီ ….. အရောင်လေးတွေက လှလွန်းလို့ ချက်ချင်းကို မျက်လုံးပေါ်ကောက်ဆိုးလိုက်မိတယ် …. မာမီကတော့ ပြောတယ် … ၀ါးလုံးခေါင်းထဲလသာနေတယ်တဲ့ … အဟဲ … ဘာပဲဖြစ်ဖြစ် ငါလုပ်ချင်တာလုပ်ရတဲ့ အတွက် ငါပျော်တယ် … အိမ်နေရင်းဝတ်ကြီးနဲ့ makeup အဖွေးသားနဲ့ ဆိုတော့ မအပ်စပ်ဖြစ်နေလို့ အကျီင်္ပါလဲလိုက်တယ် … အင်း … ဘီးလုံးရောအခုချိန်ဘာများလုပ်နေပါလိမ့် … ငါလိုအလှပြင်ပြီး မှန်ကြည့်နေမှတော့မဟုတ်လောက်ပါဘူးနော်

အင်း ……နောက်တပတ်ဆို သင်တန်းစတက်ရတော့မယ် … ဟွန်း …. မာမီတို့က လုပ်ချလိုက်ပြန်ပြီ … လူကြီးတွေကလို့ကို မပြောရဘူး … သိပ်လောတာပဲ … တကယ်ပဲ စိတ်လေတယ် …

8.July

ဒီနေ့ပွဲကဂွမ်းပါတယ်ကွာ။ကောင်းကောင်းကိုမသောက်လိုက်ရဘူး။အိမ်ကဖုန်းဆက်လို့ပြန်သွားရတယ်။ ဘဝကခါးတယ်ကွာ။ သင်တန်းကလည်းနောက်တစ်ပါတ်ဆိုတက်ရတော့မယ်။ ဒီကြားထဲကောင်းကောင်းကဲရပါ့မလားမသိဘူး။
မနက်ဖြန်ပန်းချီဆွဲမယ်ကဗျာစပ်မယ်။ အခုတော့အိပ်ပြီ။

14.July

အဲ့တော့ မွေးသမိခင် ကျေးဇူးရှင်မေမေရဲ့ ဥာဏ်အမျှော်အမြင်ကြီးမှုကြောင့် ဒီသင်တန်းကို တက်လိုက်ရတာ ငါကံကောင်းလိုက်လေ … ဟဲဟဲ ဘီးလုံးနဲ့ငါနဲ့ကလဲ ကံပါတယ်ပြောရမလားပဲ … ငါ့ဘေးမှာ ကွက်တိ …. အဟိ …. သင်တန်းမှာ သူကငါ့ဘေးခုံမှာထိုင်တာ … ကံကောင်းလိုက်ပုံများ ကံကောင်းမသွားလေရာ ရွှေငွေမိုးသွန်းကာရွာလို့သာ စကားပုံအသစ်ထွင်လိုက်ချင်တယ် … ဘီးလုံးရဲ့ ဖုန်းနံပါတ်ကို သင်တန်းဆရာကျေးဇူးနဲ့ ရခဲ့ပြီ။ ဒီနေ့တော့ ဆက်သေးပါဘူး …ဈေးကျတယ် … သင်တန်းမပြီးမချင်းတွေ့နေရမှာပဲ ..အေးဆေးပေါ့ ..တာ့တာ

14.July

ဒီနေ့သင်တန်းစတယ်။ ဟိုကောင်မလေး ရွှေအိမ်စည်ကို သင်တန်းမှာတွေ့တယ်။ငါကသူ့ကိုငါ့ထက်ကြီးတယ်ထင်တာ။ဆရာမက နေရာချတဲ့အတိုင်းထိုင်ရတော့ ငါတို့နှစ်ယောက်ဘေးချင်းကပ်ရက်ဖြစ်သွားတယ်။သူ့ဆီကရတဲ့အနံ့လေးကမွှေးသလိုလို၊ ချိုအီအီလေး။ သူကအရမ်းစကားများသလိုပဲ။ သူလုပ်လို့ဆရာမဆူတာခံလိုက်ရတယ်။ သင်တန်းမှာအချင်းချင်းမိတ်ဆက်ရတော့ဖုန်းနံပါတ်တွေလိပ်စာတွေပေးလိုက်ရသေးတယ်။ အပြန်ကြတော့ရွှေအိမ်စည်အိမ်ကသူ့ကိုကားနဲ့လာကြိုသွားတယ်။ငါကတော့အိမ်နီးလို့ လမ်းလျှောက်ပြန်သွားတယ်။ဒီနေ့တော့ပထမဆုံးနေ့မို့လို့စာမလုပ်တော့ပါဘူးလေ …

21.July

ဒီနေ့ … တော်တော်လေးကို ဘူတယ် …. မာမီကလဲ ရစ်နေတယ် … သမီးလေးတယောက်ထဲရှိပါတယ် .. စိတ်ချမ်းသာအောင်ထားမယ်ကို မရှိဘူး …အားအားရှိ ဆူမယ် ဆဲမယ်ဆိုကြီးပဲ … ပြီးတော့ ဟို အလှပြင်ဆိုင်က အစ်မကြီး လုပ်လိုက်တာနဲ့ ငါ့လက်သည်းတွေတိုသွားပြီ…. သွားတိုင်ရင် အလုပ်ကပြုတ်ဦးမယ် …. ငါထင်တာ အဲ့လို တနေ့လုံး စိတ်တိုနေရတာရဲ့ အဓိက အကြောင်းအရာက ဒင်းကြောင့်ပဲ ဖြစ်ရမယ် … ဘယ်သူရှိရမှာလဲ … ဟိုကောင် ဘီးလုံးကြီးပေါ့ ….. ငါ့ဘေးကနေ နေရာ ရွေ့သွားတယ် … ငါကဘာတွေများဖြစ်နေလို့လဲ … စိတ်လဲမကောင်းဘူးပေါ့ ..သူကအဲ့လိုကြီးလုပ်တော့ …. နေမထိထိုင်မသာတွေဖြစ်လိုက်တာနော် …. ဘယ်ကနေဘယ်လိုလဲတော့ မသိဘူး … ငါသူ့ကို ဖုန်းခေါ်လိုက်မိတယ် …

21.July

ဒီနေ့သင်တန်းကိုစောစောရောက်သွားတယ်။ သူငယ်ချင်းနှစ်ယောက်ရလိုက်တယ်။ ဒီကောင်တွေက တော့ သိပ်မဆိုးပါဘူး၊ အကန့်တော့ပြည့်ပုံရတယ်။ အဲဒါနဲ့သင်တန်းစတော့ ဆရာကို ငါကနေရာပြောင်းဖို့ပြောလိုက်တယ်။ဆရာကရှောရှောရှုရှုပါပဲ။ ရွှေအိမ်စည်ကတော့ဘုသွားတဲ့ပုံနဲ့။ငါ့ကိုနောက်နေတာလားမသိဘူး။ ဒီနေ့တော့စကားများတဲ့သူကငါဖြစ်သွားတယ်။ အိမ်ရောက်တာနဲ့ရေတန်းချိုးပြီးထမင်းစားပြီးတာနဲ့အခန်းထဲမှာပဲနေဖြစ်ခဲ့တယ်။ ငါ့ဆီဖုန်းလာတယ်လို့အမေကခေါ်တော့သွားကိုင်တော့သူဖြစ်နေတယ်။

ခရမ်းရောင်ကြိုက်တဲ့ ကောင်မလေး

ခံစားချက် ဟုတ်တယ် … ဘီးလုံးအပေါ် ငါ ခံစားချက်တွေရှိတယ် … ပန်းကန်ပြားနဲ့တော့ မဟုတ်ဘူးပေါ့ … သူက ငါ့ကို အသည်းယားအောင်သိပ်လုပ်တယ် … ကြည့်ရင် မလှုပ်တလှုပ် အေးတိအေးစက်ကြီးနဲ့ … ချောစုခင်လို “ရေခဲတုံးကြီးရေ … အေးတိအေးစက်ရက်တယ် ” လို့သာ ငြီးချင်တယ် … ဘာလို့လဲမသိဘူး … ငါကို စကားလဲသိပ်မပြောဘူး … ကြာလာတော့ … ကြိုးစားပန်းစား လည်ချောင်းနာတဲ့ အထိ စကားပြောတဲ့ငါတောင် အားလျှော့လာတယ် … သူများတွေကတော့ ငါ့ကို မိန်းမနောက်ပိုးလို့များမြင်မလားမသိဘူး ….ငါကလဲငါပါ …. ဘီးလုံးကို အရမ်းအရေးပေးသလိုဖြစ်သလားပဲ … အင်း … ဖြစ်နေသလားမဟုတ်ဘူး … ဖြစ်ကို ဖြစ်နေတာ …. ငါသူ့အပေါ်လွန်ကဲစွာ ပတ်သတ်မိနေတာ ငါ သိပါတယ် … ဒါပေမဲ့ .. သူကိုမြင်ရင် စကားတခွန်းလောက်ဖြစ်ဖြစ် ပြောလိုက်ရမှ နေသာထိုင်သာရှိသွားတယ် …. အဲ့ဒါကို လဲ မထိန်းချုပ်နိုင်ဘူး …. ဟုတ်တော့ဟုတ်နေပြီ …. သူကရော ငါ့အပေါ်မှာဘယ်လိုမြင်လဲဘာလဲ သိပ်သိချင်တာပဲ …. တနေ့နေ့ မှာတော့ ငါသူ့ကို အဲ့အကြောင်းတွေမေးဖြစ်လိမ့်မယ်ထင်တယ် … တနေ့နေ့ပေါ့ ……….

စိတ်ကူးယဉ်တတ်တဲ့ကောင်လေး

အင်းမ်… ဂရိဒဏာရီတွေအရ၊ ဟာကျူလီက ဇူးစ်ရဲ့သားတဲ့။ သိသလောက်တော့ အဲဒီဇူးစ်ဆိုတဲ့ ဘဲကြီးက အတော်ကိုရှုပ်တာ။မိန်းမတွေအများကြီးနဲ့။ ဟုတ်ကဲ့၊ကျနော်က အရပ်ခြောက်ပေတိတိ ရှိပါတယ်။ အိမ်ကလူတွေကကျနော့်ကို စိတ်ကူးအရမ်းယဉ်တယ် လို့ပြောပါတယ်။ တကယ်က ကျနော်က အရာဝတ္ထုတွေ ကိုအတွေးနဲ့စားသုံးမိရုံပါပဲ။ရွှေအိမ်စည်၊ သူ့မှာချစ်စရာမျက်ဝန်းပြူးပြူးလေးတွေရှိရဲ့။သူ့ကိုသေချာကြည့်ရင် စုဖရားလတ်နဲ့ တူသလိုလို။ ကျနော်လည်းသေချာမသိပါဘူး။ အမျိုးသားပြတိုက်မှာမြင်ဘူးတာ။ အဲဒါဘာအဓိပ္ပယ်လည်းသိလား။ရှေးဟောင်းပစ္စည်းတွေကပိုတန်ဘိုးရှိတယ်တဲ့။ အာ…………………….၊ဒါပေမဲ့ ဘီလ်ဂိတ်ထွင်လိုက်တဲ့ ဝင်းဒိုး ကို ကျနော်တို့အခုသုံးနေရတာပဲဟာ။ ခေတ်မှီဖို့လိုတယ်။ ကျနော်ဟာ သုံးဖက်မြင်သူမို့၊ အိမ်မက်တွေဟာ ရွှေအိမ်စည်တစ်ယောက်ထဲအတွက် မမက်တာတော့ သေချာတယ်။ကျနော်ငယ်ငယ်ကချိုလိမ်ပဲစို့ရတယ်။အဲဒါကြီးလာတော့အလိမ်ခံရမှာ တော်တော်ကြေက်သွားပါတယ်။အထူးသဖြင့်စကားများများပြောတဲ့လူကပိုလိမ်တတ်တယ် ဆိုတဲ့အစွဲကချွတ်လို့မရတော့တာခက်တာပဲ။အေးပေါ့၊ တစ်နေ့နေ့ပေါ့….


 

ကဗျာချို

MSH

Comment #1

….ဖတ်လို့ကောင်းတယ်…..တကယ်

commentinfo By: အသဲကွဲမိုး at Mar 30, 2011
Comment #2

ဖတ်၇တာ…ကောင်းပါတယ်.
အားပေးသွားပါတယ်

commentinfo By: genius.jinx28 at Mar 30, 2011
Comment #3

thanks alot for ur comments , credit to kabyar cho to this short eassay ~!
^___^

Comment #4

comment များအတွက် ကျေးကျေးပါရှင့် ….. MSH >>>>> THX 😀 😀 😀 we made it

commentinfo By: ကဗျာချို at Mar 31, 2011
Comment #5

အဖြေကဘာလဲဟင် သူက စကားများလို့ မခင်တော့တာပေါ့ ဟုတ်လား 🙂

commentinfo By: raingirl at Apr 1, 2011
Comment #6

🙂
🙂
🙂

commentinfo By: ei lay at Oct 10, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment