Professional Authors

အကြောင်းအမျိုးမျိုးကြောင့် – နရီထက်

ပိုင်ရှင်ဆီ ပြန်သွားတဲ့ အဖေ
အဲဒီ နေ့တစ်နေ့
ဒုတိယကမ္ဘာစစ်လောက်
ကြေငြာစာတမ်း ကြီးကျယ်သွားခဲ့တယ်
မုန့်စားဖို့ သားငယ်အတွက်
ဝယ်ကျွေးပြီးမှ
အိမ်ပြန်လမ်းစရိတ် မရှိတဲ့အခါ
အခြားသူတွေဆီ တောင်းရမ်းခဲ့တဲ့ အမေ
မာသားထရီဆာ ငါ့အမေလောက် 
ချစ်ဖို့ မကောင်းဘူး
ကမ္ဘာကြီး ပူနွေးလာပြီး လို့ စပြောတဲ့နေ့
အဖေက ပန်းသီးတစ်လုံးကို
မောင်နှမ ခြောက်ယောက်အတွက်
စိတ်ခြမ်းကျွေးခဲ့တာ
ကမ္ဘာကြီး ပြားသလား ဖျားသလား
ငါ ခဏမေ့နေခဲ့ဘူးတယ်
ကြွယ်တွေ ကြွေကျတိုင်း
ငါတို့ မောင်နှမတွေနှင့် မဆိုင်သလိုပဲ
ဒါပေမဲ့ ပျောက်ခဲ့ဘူးတဲ့ ကိုလတ်
ဒီကနေ့ထိ ပေါ်မလာတော့
မိသားစု စကားဝိုင်းမှာ
သူရဲကောင်း သမိုင်းတစ်ခုလောက် ဖြစ်သွားခဲ့တယ်
ဝင်ငွေ နည်း တဲ့ မိုးရာသီကို မုန်းတယ်
အိမ်က ပစ္စည်းတွေ ပေါင်နှံရတာ များလို့
အလုပ်လက်မဲ့ ဦးရေ လျှော့ချရေးက
ငါတို့နှင့် မဆိုင်ခဲ့သလိုပဲ
ရေကြည်ရာ မြက်နု
ရွှေ့လျားကြတော့ ငါတို့ မောင်နှမတွေ
တစ်ကွဲတစ်ပြားစီက
စစ်အေးသတင်းတွေလောက် 
အရောင်းမသွက်ခဲ့ဘူး
စိတ်ကျန်းမာရေးနှင့် အစ်မလတ်
ရောဂါချို့တဲ့ သွားတဲ့အခါ
ငါတို့ အိမ်ကလေးက
အနုမြူပေါက်ကွဲမလား
အိုဇုံလွှာ ပါးလွှားပေါက်ပြဲသွားမလား
စိုးရိမ်စိတ်တွေနှင့် ငါ ခံစားနေရတယ်
ပတ်ဝန်းကျင်က 
ကမ္ဘာကြီး ပြားသလား၊ ဖျားနေသလား
အမြဲ ပြောနေကြတယ်
ငါနှင့် ငါမောင်နှမအတွက်
တိုက်ဆိုင်မှု မရှိသလို့ဘဲ…။        ။

နရီထက်
( ၂၁ ၊ ဇွန်လ ၊ ၂၀၁၂ )

In: ကဗျာ Posted By: Date: Jun 21, 2012
Comment #1

အေးဗျာ.. စိတ်ထဲတစ်ခုခုထိရှသွားပြီ။ ခင်ဗျား တစ်နည်းနည်းနဲ့ ဆေးပြန်ကုပေးတော့ဗျာ။

ခင်တဲ့
မိုးသစ် (ခ) မိုးလူ

commentinfo By: Moe Thit at Jun 21, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment