Professional Authors

မာယာ

မာယာ
သံစဉ်တိုင်းနဲ့ ကခုန်သူ
ရင်ခွင်တိုင်းနှိုက် ပျော်မြူးသူ
 
မာယာ
နှင်းဆီလို ဆူးမရှိ
ခရေလို ပင်မမြင့်လို့
မဖြူစင်ရတဲ့ စံပယ်

မာယာ
ငှက်ချင်းအတူတူ
နေရောင်အောက်မှာ မပျံသန်းရတဲ့
ညဥ့်ငှက်ငယ်

မာယာ
သည်ကျွဲတွေကြောင့် ကြေမွရပြီး
သည်ကျွဲတွေရဲ့ အစားခံနေရတဲ့
မြေစာပင်

မာယာ
ဦးနှောက်နဲ့လည်း မရွေးချယ်
နှလုံးသားနဲ့လည်း မရွေးချယ်
သူ့ဘဝက
သွေးသားဈေးသည်

မာယာ
မီးရောင်ပြာပြာအောက်က
ပေါင်သားဖြူဖြူ
နှုတ်ခမ်းရဲရဲနဲ့
ကြောင်ပျိုမလေး

မာယာ
ရုန်းထွက်ပါတော့
မင်းရဲ့လက်တွေကိုဆုပ်ကိုင်
ဆွဲတင်မယ့်လူမရှိလည်း
မြေကြီးကိုထောက်ကန်
လူ့အားမာန်နဲ့ပေါ့…..

In: ကဗျာ Posted By: Date: Aug 6, 2013

Leave Comments

Name*

Email*
Website
Email me whenever there is new comment