Professional Authors

အစွန်းနှစ်ဖက်

 

တယောက်နဲ့တယောက် နားလည်ကြဖို့

တယောက်စိတ်ကို တယောက်က ပိုင်ရမတဲ့

တသက်လုံး လူကဲခတ်တော်တယ်လို့

ကိုယ့်ကိုယ်ကို ထင်ခဲ့သမျှ

တယောက်ရဲ့စိတ်ကို တယောက်က နောက်ကျမှ သိခွင့်ရ…..။

 

ငါကလည်း နင်ပေးတဲ့ အကြောင်းပြချက်တိုင်းကို ယုံလွယ်ဖို့ အ လွန်းခဲ့တယ်

ဦးနှောက်က ပြောတဲ့ မချစ်ဘူးဆိုတဲ့ စကားကို

နှလုံးသားက ရှိုက်သံတ၀က်နဲ့ နားထောင်တယ်

နင်ကလည်း ငါ့မာနကို ယုံတာကိုး…။

 

ရင်ဘတ်ချင်းမနီးခဲ့သမျှ

တို့ဘ၀တွေ ဝေးနေကြအုံးမှာပါပဲ….

ဆောင်းရာသီမီးလင်းဖိုဘေးက အတွေးတစမှာ

ငါ့ကိုယ်ငါ မီးရှို့စီရင်ဖို့ ဆုံးဖြတ်လိုက်တယ်

တကယ်တော့

လောင်ကျွမ်းခဲ့တာ ကြာပါပြီ…တစမကျန်ပေါ့

နင့်ကို သက်သေပြဖို့ ငါလိုက်ရှာတဲ့ ပြာမှုံလေးတွေတောင်

လေစီးနဲ့အတူ မျှောလွင့်သွားတာ သက္ကရာဇ်တခုစာ ကျော်ဖြတ်ခဲ့ပြီ….။

 

နင်မသိအောင် ချခဲ့တဲ့ သက်ပြင်းတွေအကြောင်း

နင့်ကို ပြောပြချင်ပါသေးတယ် ငယ်ချစ်ဦးရေ…

နင် နာဖို့တောင် စိတ်ရှိပါတော့မလား

အကြိမ်ကြိမ်အထပ်ထပ်လဲပြိုခဲ့တဲ့ တံတားအိုက

အခု ဖြတ်သန်းခွင့် မပြုတော့ဘူး…..။

 

ငါ နင့်ဆီရောက်ဖို့ခရီးက အလှမ်းဝေးလွန်းတယ်

လက်ဖမိုးဘက်ကကြည့်တော့ မှန်သလိုလိုနဲ့

လက်ဖ၀ါးဘက်ကလည်း လွန့်လွန့်ထူးထူး လက်ခုပ်တီးပြန်တယ်

ငါတို့ဘယ်ဘက်ချင်း ညှိဖို့ကြိုးစားခဲ့တဲ့ တနင်္ဂနွေတွေတောင်

ဓမ္မခေါင်းလောင်းသံတွေ ဆိတ်သုန်းလို့ပေါ့…..။

 

နင်ကလည်း

နင်ပေးခဲ့တပိုင်းကို တခုလို့ထင်တယ်

ငါကလည်း

ငါရခဲ့တဲ့တခုကို တပိုင်းလို့ထင်တယ်

ငြင်းကြခုန်ကြရင်းနဲ့

ပိုင်ဆိုင်ခဲ့တဲ့ တခုကိုတောင်

တို့နှစ်ယောက်လုံး ဆုံးရှုံးခဲ့ပြီလေ…..။

 

ငါ့မာနကို စီးကရက်ခွံထဲ ထည့်သိမ်းလိုက်တယ်

နေနဲ့အနီးဆုံးကို ပျံဖို့လေ

လောင်ကျွမ်းခံရမှာ နင်မှန်း ငါမှ ကြိုမသိခဲ့တာ

ဒီလိုမှန်းသိ

ငါကိုယ်တိုင် နေလုံးကို မြိုချခဲ့ပါရဲ့…..။

 

ခါးသီးချင် ခါးသီးခဲ့လိမ့်မယ်

နင်တဖက်စွန်းမှာ ပြုတ်ကျမသွားစေခဲ့ဖို့

အသေခံတပ်သားတချို့ကို လွှတ်လိုက်ပြီ (သုံ့ပန်းချင်းလဲဖို့)

ဟုတ်တယ်

အဲ့ဒါငရဲတွင်းဝကို ငါကိုယ်တိုင်ဝင်မယ်…..။

 

In: ကဗျာ Posted By: Date: Jun 12, 2013
Comment #1

တိုက်ဆိုင်လွန်းစွာဖြင့် ..ကျွန်တော် ကြိုက်ပြီးရင်းကြိုက်

commentinfo By: အသဲကွဲ မိုး at Jun 14, 2013
Comment #2

အရမ်းကောင်းတဲ့ကဗျာလေးဗျာ…………

commentinfo By: Zaw Nai at Jun 14, 2013
Comment #3

OH !!! …. GOD

commentinfo By: နွေ at Jun 14, 2013
Comment #4

nice,very good tal.

commentinfo By: poem.poem28 at Jun 15, 2013
Comment #5

ကဗျာလေးအရမ်းလှတယ်ရှင့်

commentinfo By: ပန်း at Jun 15, 2013
Comment #6

ကျေးဇူးတင်ပါတယ်…..ကဗျာရေးရတာ အားရှိသွားတာပေါ့

commentinfo By: Narcissist at Jun 15, 2013

Leave Comments

Name*

Email*
Website
Email me whenever there is new comment