Professional Authors

PoemsCorner Authors

ဗီးနပ်စ်၏ သမီးပျိုအားရည်စူး၍……

ငါ ဟာ အသံမဲ့နေတယ်

ဘာသာဗေဒ တစ်ခုအရပြောရင်

ဒါဟာ ဆွံ့ အ ခြင်းပဲ

ငါ့ကိုယ်ငါ ပြန်မေးလိုက်မိတိုင်း

အောက်နှုတ်ခမ်းကို တစ်ခုခုက ဖိအားပေးထားသလို

အလုံပိတ် အခန်းငယ်ထဲက

သိုးမဲ တစ်ကောင်ရဲ့ အထီးကျန်မှုနဲ့

ငါ့ မျက်ဝန်းတွေကို စိုစွတ်နေခဲ့တယ်

သေချာတာ တစ်ခုက

နာရီလက်တံတွေ နောက်ပြန်မလည်နိုင်တော့ဘူး။

 

တစ်စုံတစ်ခုကို မျှော်လင့်ရင်း ထပ်ချပ်မကွာလိုက်ခဲ့တာ

တပ်မက်ခြင်းနောက် တကောက်ကောက်ပဲ

ငါအခု ဆို လမ်းပျောက်နေခဲ့ပြီ

မုဆိုးတစ်ယောက်မှာလည်း  တောမှောက်ခဲ့ဖူးတဲ့ရာဇဝင်ဆိုတာရှိတယ်

ခြင်္သေ့တစ်ကောင်လို ရဲရင့်ပြတ်သားချင်ပေမယ့်

သိုးငယ် တစ်ကောင်လို အသည်းငယ်ပြလိုက်တယ်

ဝံပုလွေ အကိုက်ခံရဖူးသော အမာရွတ် ရှိတာကိုသိပါ

တကယ်တော့ အတိတ်ဆိုတာ

ပစ္စုပ္ပန် ရဲ့ နောက်ကြည့်မှန်တစ်ချပ်ပါပဲ။

 

ပြက္ခဒိန်ပေါ်က ရက်စွဲများအတိုင်း လိုက်၍

မျက်နှာသစ်ရန် မေ့လျော့ ပျက်ကွက်ခဲ့ဖူးသည်

ထို့ကြောင့် ပြက္ခဒိန်က ငါ့အား မှင်နီတား၍ထုပ်ပယ်ခဲ့ပြီ

ရက်စွဲ မဲ့သူတစ်ယောက်အဖြစ်နဲ့

နင်ရှိခဲ့ဖူးသော သက္ကရာဇ် များတွင်သာ ဆက်၍ကျင်လည်မည်။

 

(21.3.2010) နှင့် (23.3.2010) ကြားမှာ

ငါ့ကိုယ်ငါ ကျောက် ချထားတယ်

အပျော်ဆုံးနေ့ဟာ မနေ့က ဖြစ်ပြီး

ဝမ်းအနည်းဆုံးနေ့ဟာ မနက်ဖြန် ဖြစ်တယ်

တောပြုန်းသွားခဲ့ခြင်းမဟုတ်ပါဘူး

စိမ်းလန်းပြီး အရိပ်ရနိုင်မယ့် သစ်တောတစ်ခုကို မဖန်ဆင်းနိုင်ခဲ့ခြင်းသာ

မျှော်လင့်ချက်တွေ ထပ် မသစ်ဖို့အတွက်

၂၀၁၀ မှာပဲ ငါနေဖြစ်တယ်။

 

နှင်းဆီကဲ့သို ဆူးရှိသည်

ခူး၏

စူး၏

အာဒံလို ပန်းသီးတစ်လုံးရဲ့နိယာမကို မရှင်းပြနိုင်ခဲ့တဲ့အတွက်

ဧဝလို မဟုတ်ခဲ့တာ နင်မှန်တယ်

တစ်ခါတစ်ခါ နှုတ်ပိတ် တိတ်ဆိတ်နေခြင်းဟာလည်း

သိပ်ချစ်တယ်ဆိုတဲ့အကြောင်းကို

တဖက်လှည့် နဲ့ ဖော်ပြခြင်းပါပဲ

ဘယ်လိုပဲဖြစ်ဖြစ် နောက်ဆုံးမှာ

ပန်းမဖူးတဲ့ ဥယျာဉ်ကို ငါပိုင်တယ်။

 

နင့်အကြောင်းတွေ ပဲ့တင်နေတဲ့ငါ့ကောင်းကင်

တိမ်တွေ ကွယ်သွားရင်ကောင်းမယ်

တချိန်က ရိုးတွင်းချဉ်ဆီအထိ

စိမ့်ဝင်စူးရှ အောင် သည်းခဲ့ဖူးတဲ့ နင့်မျက်ရည်စက်တွေကြောင့်

ငါ့ ပခုံးတစ်ဖက်မှာ အခုချိန်အထိ စိုစွတ်နေတယ်

ဘယ်တော့မှ ထပ်မနွေးနိုင်တော့တဲ့ သီအိုရီကိုပိုက်လျက်

အီကွေတာပေါ် ယပ်ခတ်ရင်းလမ်းလျောက်ထွက်မိသည်

အတိတ်သည် နက်သည်ထက် နက်ရန်သာဖြစ်ပြီး

အဆုံးသတ်သည် ငါ့အခန်းမျက်နှာကျက်ပေါ်က

ဓားထောက် ဖောက်ထုတ်ခဲ့သော သွေးစက်များ

အေးခဲ့မည့် အချိန်တွင်ဖြစ်သည်။

 

လောင်းရိပ်ပိနေတဲ့ အပင်ငယ်လို

မှီရာ အလင်းနဲ့ ခြစ်ကုတ် ရှင်သန်နေရပြီ

ဖြစ်နိုင်မယ်ဆိုရင် (ဇော်သက်ဦး) ဆိုတဲ့ အမည်နာမတစ်ခုအား

လောက ကြီးထဲကနေ အပြီးနှုတ်ထွက်သွားချင်ပါရဲ့

ဘဝ ဆိုတာ ညတိုင်း အဖော်ပြုနေကျ ကော်ဖီတွေလို ခါးသက်သက်သာ ဖြစ်မယ်ဆိုရင်

ကော်ဖီတွေကို လည်း ဆက်မသောက်တော့ဘူး

အထီးကျန် ညတွေကိုလည်း သပိတ် မမှောက်တော့ဘူး

ကိုယ့်သွေး ကိုယ်ပြန်ဖောက်ပြီး

ငါ့ဘယ်လောက်ရူးသွပ်နေပြီဖြစ်ကြောင်း

နင့်ကို သက်သေပြမယ်။

 

ငါ့အတွက် နေ့သည် ည ဖြစ်သည်

ည သည် ဒုတိယ ည ဖြစ်သည်

ပကတိ မှောင်သည်

အလုံပိတ် အခန်းအတွင်းက အလင်းအား စစ်ခင်းသော

လှေနံဓါးထစ်၏ ပုံသေနည်း အရဖြစ်သည်

တစ်ရက်ပြီးတစ်ရက်  တစ်ရွက်ပြီးတစ်ရွက်

နင့်ကိုမှတ်၍ ဒိုင်ယာယီအား အသက်သွင်းလိုက်မိသည်

ငါ့ကျောက်စာတွင် မျက်ရည်များဖြင့် လှပသွားသည်။

 

ငါဆုတောင်း ပေးလိုက်ပါတယ် ဗီးနပ်စ်ရေ

နင့်အတွက် ဓာတ်ကြီးလေးပါးစလုံး အချိုးကျပါစေ

ငါကတော့ နောက်တစ်ခေါက် လမ်းမှားဝင်ရောက်လာမယ့်

နင့်ရဲ့တံခါးခေါက်သံကို နားစွင့်ရင်း

ပစ္စုပ္ပန်ရဲ့ ဆန့်ကျင်ဘက်ကို ခရီးဆက်

“အတိတ်” ဆိုတဲ့ အရပ်မှာ ရှင်သန်နေပါရစေတော့။။    ။။

 

ဇော်သက်ဦး

7:35 PM

(4.6.2013)။

In: ကဗျာ Posted By: Date: Jun 5, 2013
Comment #1

အားလားလား
ဘာ ပြော ရမှန်း တောင် သိ တော့ ဘူး
ရေးသားချက်တွေ စကားလုံးတွေ အတွေးအခေါ်တွေ အားလုံး အားလုံး လန်ထွက် ပြန် တတ် နေ တာ ပဲ။
ူလိုက် လို့မ မှီ တော့ ဘူး။

ရေ ရေ လည် လည် လေးစား ၍ အ ကြီး ကြီ ကြိုက် ပါသည်။

commentinfo By: ei lay at Jun 6, 2013
Comment #2

ကျေးဇူးများ မရေမတွက်နိုင်အောင် တင်မိပါတယ် အိလေး။ 😛

commentinfo By: zawthetoo at Jun 6, 2013
Comment #3

….. အားကျမိပါ၏။ ခံစားချက်တွေကြောင့်ထင်ပါတယ်။ ဒါမျိုးကခံစားချက်ကြောင့်ဖြစ်တည်လာတာ…. good. I Like your poem.

commentinfo By: moezat at Jun 6, 2013
Comment #4

ခံစားချက်ပါပဲဗျာာ။ ဒီကဗျာဟာ ကျွန်တော့်ရဲ့ ၂၀၁၀ က ဒိုင်ယာယီ စာမျက်နှာတစ်ချိုကို ပြောင်းလဲထားတာပါ။ အားပေးမှုအတွက် အားရဂုဏ်ယူလျက်။

commentinfo By: zawthetoo at Jun 6, 2013

Leave Comments

Name*

Email*
Website
Email me whenever there is new comment