Professional Authors

၁၅၀၀ – ၉၇၂ (တြိ ဂံ တ စ် ခု ရဲ့  ဒ ဏ္ဍာ ရီ )

လမင်းဝိဥာဉ် နုတ်ယူခံထားရတဲ့ည
ကောင်းကင်ကြီးတစ်ခုလုံး
သိသိသာသာ မဲမှောင်ကျနေတယ်
ကြယ်လေးတွေကတော့
အတင်းအဖျင်းတွေကို တီးတိုးပြောဆိုရင်း
စိတ်ပါလက်ပါ ငုံ့ ကြည့်နေကြတယ်
အသည်းကွဲနေတဲ့ သိုးမည်းအကြောင်းတွေ ၊၊          ၊၊

နောက်ဆုံး လို့ သတ်မှတ်လိုက်ဖို့ အတွက်
မျက်ရည်တွေနဲ့ လက်ဆွဲနှုတ်ဆက်ပါ့မယ်
မျှော်လင့်ချက်တွေ ရွှဲနေအောင် သုတ်ထားလဲ
ဒီ မြှားဟာ ငါ ဘယ်တော့မှ ထုတ်မပစ်မဲ့ မြှားပါ
ဟေးးးးးးးးးး မိုးတိမ်တောင်တို့ 
ဆက်မမက်တော့မဲ့ အိပ်မက်တွေကိုဆေးဖို့ 
ကံဆိုးကောင်သွားရာ မိုးတွေရွာပေးပါ ၊၊     ၊၊

နောက်ဆုံးအကြိမ်အဖြစ်
အော်ဟစ်လိုက်မဲ့ စကားတစ်ခွန်းအတွက်
တောင်တန်းတွေ ပဲ့မတင်ကြပါနဲ့ 
တော်တော်ကြာ . . . ထိန်းမရတဲ့ ခြေလှမ်းတွေနဲ့ 
သူ့ ဆီ ပြေးသွားမိမှာစိုးလို့ ပါ ၊၊           ၊၊

တစ်ချိန်ချိန်
ငါ မကြာခဏရောက်ဖူးတဲ့
မီးခိုးလုံးလေးတွေ ဝေ့၀ှဲနေတဲ့
ရွာငယ် ဇနပုဒ်လေးဆီ ပြန်သွားမယ်
ရွာအ၀င်လမ်းက
အရိုးပြိုင်းပြိုင်း ကျနေရှာမဲ့
ခရေပင်အိုကြီးအောက်
တစ်ပွင့် နှစ်ပွင့် ရေရင်း
ခရေပန်းလေးတွေ ကောက်ဦးမယ်
ငါ ရဲ့ ကြွေကျသွားရှာတဲ့
မျှော်လင့်ချက်ကလေးတွေ
ကောက်ယူသီကုံးခဲ့သလိုမျိုးပဲ
ဒီခရေကုံးလေးကိုတော့
နင့်ကို စိတ်ထဲမှာ မှတ်ပြီး
မြတ်ဘုရားထံပါး ကပ်လှူပူဇော်မယ်
ပန်းလိုပဲ သတင်းမွှေးနိုင်ပါစေကွယ် ၊၊                  ၊၊

လေးဖက်လေးလံ က နံရံတွေ
အထပ်ထပ် ကွာကျလာသလိုမျိုးပဲ
ငါက ဟင်းလင်းပြင်ကြီးထဲမှာ
အလံမလဲမှီ အခိုက်အတန့် လေးတွေအတွက်
ရှိစုမဲ့ ခွန်အားလေးတွေနဲ့ တော်လှန်နေခဲ့တယ်

မိန်းကလေးရေ
မငိုပါနဲ့ 
ဒါ ငါနောက်ဆုံး ပြောတဲ့ စကားပေါ့
ပြီးတော့ . . . သူ့ ကို ပြောပေးပါ
ငါ့ရဲ့ ရင်ဘတ်နဲ့ ထုဆစ်ခဲ့တဲ့ နတ်သမီးလေးဟာ
သူ့ အတွက် လက်ဆောင်ပါလို့ 

သူဟာ ငါ့ထက်စာရင်
နင့်ကို ပိုပြီး ဂရုစိုက်ပါလိမ့်မယ်
နင့် ခြေသည်း လက်သည်းလေးတွေ ကျိုးသွားတာ
နင့် ဆံပင်လေးတွေ ကြေသွားတာကအစ
သူ ဂရုစိုက်ပါလိမ့်မယ်
ငါ နဲ့ မသွားဖြစ်ခဲ့တဲ့ ချောင်းသာကမ်းခြေက မီးပုံညတွေ
သူ ဖန်တီးပေးပါလိမ့်မယ်
နင်ပြောခဲ့ဖူးသလိုပေါ့
ဘယ်သူမှ မရှိတဲ့ ကမ္ဘာကို
သူ့ လက်ကို ဆွဲပြီး ပြေးထွက်လိုက်စမ်းပါ
ငါ့အတွက်လား  ?
မပူပါနဲ့ ကွယ်
စိတ်ပါ လက်ပါ ရယ်တတ်အောင် ငါလေ့ကျင့်ခဲ့ပြီးပါပြီ  ၊၊            ၊၊

လွန်ခဲ့တဲ့ တစ်ခြမ်းပဲ့ ဗုဒ္ဓဟူးမှာ
အရက်က ငါ့ကို သောက်သွားတယ်
ဒသန တွေကို အသက်အောင့်ပြီး
မော့သောက်ခဲ့ရသေးတယ်
ပြည်လမ်းမကြီးဘေးမှာ
ဘယ်သူမှ မသိအောင် 
ခြွေလိုက်တဲ့ မျက်ရည်တစ်စက်
အတိတ်တွေ အားလုံးကို ခေါ်သွားခဲ့ပြီ ၊၊                ၊၊

မိန်းကလေးရေ . . .
တစ်နှစ်ကျော် သံယောဇဉ်လောက်နဲ့ 
အသင့်ရဲ့ ငယ်စာရင်း ကို မဖြတ်ပစ်လိုက်ပါနဲ့ 
သူ့ မှာက နင်မရှိရင် မဖြစ်တဲ့ ဘ၀မို့ 
ကြောက်နေရှာမှာပဲ
ငါလဲ အသိ . . . နင်လဲ အသိ
တစ်ခါ တစ်ခေါက် လောက်ဖြစ်ဖြစ်
ငါ့ကို သူစိမ်းဆန်လိုက်ပေါ့လေ . . . . .

ပြောရင်း ဆိုရင်း
မျက်ရည်က ကျလာပြန်ပြီ
မငိုပါနဲ့ မိန်းကလေးရယ်
မျက်ရည်ဆိုတာ
နှလုံးသည်းပွတ်က
စိမ့်ထွက်လာတဲ့ သစ္စာတွေမို့ 
ဖြုန်းတီးမပစ်ပါနဲ့ 
တောင်းပန်ပါတယ် မိန်းကလေး ရယ်
လက်ပြ နှုတ်ဆက်ရမဲ့ လက်မို့ လို့ 
မျက်ရည်တွေ သုတ်မပေးတော့ဘူးကွယ်

မိန်းကလေး . 
တြိဂံတစ်ခုရဲ့  ဒဏ္ဍာရီကို ဆက်ဆက်မေ့ပစ်ပါ
တိကျနေတဲ့ အသင့်ရဲ့ ဆုံးဖြတ်ချက်ကို လေးစားပါ
ငါကတော့
ပဲ့တင်သံတွေ ရှိတဲ့ အရပ်မှာ
တူတူပုန်းတမ်း ကစားရဦးမယ်  

အချစ်ဆိုတာ  . . .
ကိုယ်မုန့် စားနေတဲ့ အချိန်
သူကိုမုန့် တွေဝေပေးလိုက်တယ်
ဒါပေမဲ့ အဲဒီအတွက်
သူ့ ဆီက ဘာမုန့် မှ ပြန်မမျှော်လင့်ထားဘူး
ဒါ အချစ်ပေါ့ . . .
ငါလဲ ဒီလိုပါပဲလေ
ဟေးးးးးးးးးးး နင်မုန်းတဲ့ ကွမ်းစားပါးစပ်နဲ့ ကျိန်မယ်
ငါ နင့်အတွက် ထပ်မငိုတော့ပါဘူးဆိုတဲ့ အကြောင်း
ဒါဆိုရင် နင်ပျော်နိုင်မှာပါ

ဆူးခက်ဆူးရိုင်းတွေရဲ့ အိပ်မက်မှာ
အချစ်ကို အရူးအမူးကိုးကွယ်သူအတွက်
ဆုံဆည်းခွင့်ဆိုတဲ့ ပြဌာန်းချက် မပါဘူး
တဲ့
မှန်ကြည့်တုန်းက ကြားခဲ့တယ်
ငါ ရှုံးပါတယ်
ငါ အရှုံးပေးပါတယ်
ငါ ရှုံးနေတုန်းပါပဲ . . .

လွန်ခဲ့တဲ့ အတိတ်က အိပ်မက်
မပြီးသေးတဲ့ ပန်းချီကားလဲ
ဒီအတိုင်းပဲ ထားလိုက်ပါတော့
ဒါ့ထက်တော့
ဒို့ တွေ ထွေရာလေးပါးပဲ ပြောကြရအောင်
နင် နေကောင်းရဲ့ လား . .
နေကောင်းအောင် နေနော် . . . .

(နိဂုံး)

ဟိုးရှေးရှေးတုန်းက
စွန်လေးတစ်ကောင် ကြိုးပြတ်သွားခဲ့ဖူးတယ်
ဒါပေမဲ့
သူ ဟာ သူ့ သခင်ကို
ဘယ်တော့မှ ပြန်မရှာခိုင်းခဲ့ဘူး  . . . .

လမင်းဇော်
[email protected]

In: ကဗျာ Posted By: Date: Jun 1, 2012
Comment #1

အင်း…ဘာပြောရမလဲတောင် မသိတော့ဘူး 🙁

commentinfo By: pannei at Jun 1, 2012
Comment #2

အရမ်းကောင်းတယ်အစ်ကိုရဲ့ ခံစားချက်တွေကတော်တော်ပျင်းထန်တယ်နော်
အားပေးနေပါတယ်အစ်ကို
အဆုံးသတ်လေးကတော်တော်လှပါတယ်
ဟိုးရှေးရှေးတုန်းက
စွန်လေးတစ်ကောင် ကြိုးပြတ်သွားခဲ့ဖူးတယ်
ဒါပေမဲ့
သူ ဟာ သူ့ သခင်ကို
ဘယ်တော့မှ ပြန်မရှာခိုင်းခဲ့ဘူး . . . .

commentinfo By: loafer at Jun 1, 2012
Comment #3

^^^^^^^^^^^^^^^^^^^^^^^^^^———————–^^^^^^^^^^^^^^^^^^^^^^^^^^^^^^
“””””””””””””””””””””””””””””””””””””””””””””,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,
//////////////////////////????????????????????????????///////////////////

commentinfo By: ei lay at Jun 1, 2012
Comment #4

တြိဂံတစ်ခုရဲ့ . . ထောင့်တစ်ထောင့်

commentinfo By: နတ်သမီး at Jun 2, 2012
Comment #5

နစ်မျော …..သွားတယ် ………ဗျာ…………………
ဘာပြောခဲ့ရမှန်းကို မသိတော့ဘူး
အ သွားတယ်

commentinfo By: အသဲကွဲမိုး at Jun 7, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment