Professional Authors

ခင်ဗျားအခုတပ်ထားတဲ့ မျက်မှန်ဟာ ဘာတံဆိပ်လဲ (အောင်ရင်ငြိမ်း)

လူကြီးလူကောင်းဝတ်စုံနဲ့
လူတကာဖျားသွားနိုင်တဲ့အရှိန်အဝါ
ပုံစံကတော့ အမှန်အကန်ပဲ။
ဓာတ်ငွေ့မီးခြစ်ကို ဟန်ပါပါခြစ်လို့
အထက်စီးဆန်တဲ့ မျက်လုံးတွေနဲ့ မှေးကြည့်လို့
ခင်ဗျားဘယ်လိုလူစားလဲ။
ရုပ်ရှင်မင်းသားလို ရေပန်းစားပုံတွေ
ကိုယ်ရည်ကိုယ်သွေးတွေ၊ ဂုဏ်ပြုဆုလက်မှတ်တွေ
လူမှုရေးနည်းဗျူဟာတွေ
မုဆိုးရှေ့ြွေကကျလာတဲ့ ဆယ်ကျော်သက်ပန်းပွင့်လေးတွေ
အမှန်တရားဟာ လျှာဖျားက တရစပ်ထွက်ကျလာပြန်တယ်
ခင်ဗျား ဘယ်လိုလူစားလဲ
စစ်ပွဲသတင်းတွေ အရသာခံ၊ အမေရိကန်ဗန်းစကားအသစ်
ကြားညှပ်ပြော
ခင်ဗျားကြိုက်တဲ့ချယ်ဆီးအသင်းဟာ ခင်ဗျားလိုစရိုက်ရှိသား
ပြင်သစ်ရုပ်ရှင်အကြောင်း၊ အာဖရိကဗုံသံအကြောင်း
ဂျပန်လူမျိုးတွေ သမိုင်းတည်ဆောက်ပုံအကြောင်း
အဆက်မပြတ်၊ မစားရဝခမန်း၊ တရားရေလွှတ်တတွတ်တွတ်
ဂျစ်ပစီတွေရဲ့ ဘဝဇာတ်ကြောင်းကို ကျွန်တော်ပြောပြတော့
ကျောက်ရုပ်တစ်ရုပ်လို သွေးအေးလို့
ခင်ဗျားဘယ်လိုလူစားလဲ။
အင်တာနက်ထဲဝင်၊ ဂြိုလ်တုသတင်းတွေဖမ်း
ဂလိုဘယ်လိုက်ဇေးရှင်း၊ ပို့စ်မော်ဒန်လူ့အဖွဲ့အစည်းနဲ့
သောင်းပြောင်းထွေလာ ဧကမာ
ချစ်ခြင်းမေတာခန်းခြောက်လို့
ဝံပုလွေတွေ မျိုးပွားလာတဲ့ဇာတ်လမ်းမှာ နှာစေးချောင်းဆိုး
ခင်ဗျားဘယ်လိုလူစားလဲ။
အနာဂတ်ဆီသွားဖို့ မြေပုံအညွှန်းကို လက်စပျောက်
မီးစင်ကြည့်ကနေတဲ့ပြဇာတ်မှာ အရူးသရုပ်ဖမ်း
လူတွေဘာဖြစ်နေသလဲ ခင်ဗျားမျက်လုံးတွေ ကန်းထားကြ
ခင်ဗျားဘယ်လိုလူစားလဲ
မင်းသားနေရာမှာ ခြေစုံမရပ်နိုင်ရင် တခြားဇာတ်ကောင်းတွေ
အလဲထိုးသွားလိမ့်မယ်
ခင်ဗျားအတွေးအခေါ်က ငါအမှန်ဝါဒပဲ
ခင်ဗျားအပြုအမူက အဝါရောင်ဂျာနယ်လစ်သိပ်ဆန်တာပဲ
ကျနော်ဒီလိုမြင်မိတယ်။
ခင်ဗျားဟာ
စတိုင်လ်ပင်န်ဝတ်ထားတဲ့မြေခွေး၊ လျှာအရိုးမရှိတဲ့လူရွှင်တော်
ကျမ်းစာအုပ်ထဲ နစ်မြုပ်နေတဲ့ပညာတတ်
မင်းသားခေါင်းဆောင်းထားတဲ့ ဘီလူး
ဆက်ပြောရင် စကားလုံးတွေ ဖောင်းပွကုန်တော့မယ်
ခင်ဗျားဘယ်လိုလူစားလဲ။
ကျနော်သိချင်တာ တစ်ခုတည်းရယ်
ခင်ဗျား အခုတပ်ထားတဲ့မျက်မှန်ဟာ ဘာတံဆိပ်လဲ။ ။

အောင်ရင်ငြိမ်း

Comment #1

ကိုအောင်ရင်ငြိမ်း …
ကောင်းတယ်ဗျာ..ကိုအောင်ရင်ငြိမ်းရဲ့ကဗျာအများစုကို ကြိုက်တယ်။ မတွေ့တာကြာပြီ။ ကိုအောင်ရင်ငြိမ်းနဲ့ စကားတွေပြော ချင်တယ်။ ပိတောက်မြေမဂ္ဂဇင်းနားသွားပြီး ကတည်းက ပြန်မတွေ့ဖြစ်ကြာတော့ဘူး။ ကျွန်တော်ကို ဆက်သွယ် ပါ။ [email protected]
လေးစားလျှက်
ခွန်ခင်မောင်ဝင်း/ခွန်ကြယ်ဖြူ

commentinfo By: khun.k at May 24, 2010
Comment #2

ကျနော်တစ်ခုခုကိုမြင်မိတယ်။ကဗျာရဲ့ ရသကိုခံစားမိတယ်ဆိုပေမဲ့ မြီားတစ်ချောင်းပစ်လိုက်တာလို့ ကျနော်ထင်တယ်

commentinfo By: kathitni1980 at May 30, 2010
Comment #3

mike ei,
😛

commentinfo By: ei lay at Jun 20, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment