Professional Authors

PoemsCorner Authors

ကောင်းကင်ရဲ့ခရီး (၂)

ကျွန်မရဲ့ကောင်းကင်မှာ ကြယ်တွေ မလင်းတော့ဘူး မောင်

မောင် ကျွန်မလက်ကို လွှတ်ချလိုက်တဲ့ အချိန်ကစလို့ နေ့ရယ် ညရယ်လို့ မခွဲခြားတတ်တော့တာ

အခုဆို စွတ်စိုနေတဲ့ နံရံတွေတောင် ခြေရာထပ်လှပေါ့

နွေနေ့လည်တွေဟာ ပျင်းခြောက်ခြောက်နဲ့

လက်လက်ထအောင် မှောင်နေတဲ့ ကောင်းကင်ရဲ့ ထောင့်တခုမှာ

ကျွန်မ တယောက်တည်း ငိုက်မြည်းနေတတ်ပြီ

 

မောင် ဖန်ဆင်းပေးမဲ့ နိဗာန်ဘုံလေး ဘယ်နားရောက်နေသလဲကွယ်

သော့ခတ်သိမ်းထားတဲ့ ချစ်ခြင်းတရားဟာ

အမေးအမြန်းအစုံအစမ်းမရှိ ဖိနပ်စင်အောက်ကနေ ထွက်ပြေးဖို့ကြိုးစားတယ်

 

စနေထောင့်မှာ မိုးတွေ ညိုနေတယ် မောင်

မောင် နေကောင်းရဲ့လား

မိုးလေးမစို့တစိုမိရင် နှာစေးတတ်တဲ့မောင်

မိုးကာဝတ်ဖို့ အမြဲတမ်းမေ့တတ်တဲ့မောင်

အနွေးထည်လေး ထူထူဝတ်ဖို့ မှာပါရစေလား

မောင့်အခန်းပြတင်းကိုလည်း ပိတ်အုံးနော်

ကဗျာစာအုပ်တွေ ရေစိုကုန်မယ်

 

မောင့်ဆီလာတဲ့လမ်းကို မမှတ်မိအောင် ညှို့ယူလိုက်တဲ့ မာန်နတ်ကို ကျွန်မ ကျိန်ဆဲမိတဲ့အထိပဲ

အခုတော့

မောင် နဲ့ ကျွန်မ ဘယ်တော့မှ ဆုံတွေ့ခွင့် မရှိတော့ဘူးနော်

မောင်ရဲ့ အေးစက်စက် စကားသံထက်စာရင်

ဘာမှ မပြောပဲ နာနာကျဉ်းကျဉ်း မုန်းပစ်လိုက်တာက တော်ပါသေးတယ်

ဥပက္ခာထက်စာရင် မုန်းစရာရှိလို့ သတိရသေးတာကို ကျွန်မ လိုချင်တယ်

အရူးမလေး လို့ မောင် ခေါ်ပါဦးနော်

 

ကျွန်မရဲ့ တဘ၀စာကို မောင့်ရဲ့ တနပ်စာချစ်ခြင်းနဲ့ လင်းချင်းခွင့်ပြုပါ မောင်

ကျွန်မ တိုးတိုးလေးညည်းနေကျစကားလေး မောင်ကြားအောင် ပြောခွင့်ပြုပါ

(မောင့်ကို ချစ်တယ်)infinity

မောင်က ကျွန်မကို နားလည်ပါသတဲ့လား

ဘ၀တွေကို နားလည် ကိုယ်ချင်းစာပေးနိုင်ပါသတဲ့လား

ဒါဖြင့် မောင် ကိုယ်ချင်းစာစိတ်နဲ့ တွေးကြည့်ပါ

ကျွန်မ မောင့်ကို ဘယ်လောက်လွမ်းနေမလဲ လို့

 

ကျွန်မ ပင်ပန်းနွမ်းနယ်နေချိန်တွေ မောင်သတိတရ ဖုန်းဆက်ပေးတာ သတိရသေးတယ်

အရင်လိုအချိန်တွေ ပြန်လိုချင်တယ် မောင်

နင့်ကို ငါချစ်တယ် … နင်ရော…..တဲ့

အဲဒီနေ့က ကျွန်မ ကမ္ဘာကြီး 24 နာရီတိတိ ရပ်တန့်သွားတယ် မောင်

ကျွန်မရဲ့ ၃၆၅ ရက် ၅ နာရီ ၄၈ မိနစ် ၄၆ စက္ကန့် ဟာ မောင့်အကြင်နာလက်နဲ့ လည်ပတ်ခဲ့ဖူးတယ်

 

အချစ်ကို တန်ဖိုးမထားရင် အချစ်က ပြန်ဒဏ်ခတ်တတ်တယ်တဲ့

မောင် ကျွန်မကို တကယ်မချစ်ဘူးလို့ ထင်တိုင်း ကျွန်မ ပြောနေကျ စကား

အခုတော့ မောင်…..

ဝေးကွာခြင်းဆိုတဲ့ အပြစ်ဒဏ်

ကျွန်မဘာလုပ်ရမလဲ မောင်

မောင် ကျွန်မကို လာခေါ်ပါ

ကျွန်မ အရမ်းကို မွန်းကြပ်နေပြီ (မွန်းကြပ်လှပါပြီ)

 

မောင် ၈နာရီဆို အိမ်ပြန်မယ် မို့လား

ကောင်းကင်မှာ ဥက္ကာပျံတွေ ကြွေကျနေတယ် မောင်

မိုက်မည်းမှုတွေ အစင်းစင်းကျနေတဲ့ ဟောဒီသက်တန့်အောက်ကနေ မောင် ပြေးထွက်သွားပါ

လမ်းတလျှောက် မောင် ဖတ်သွားတဲ့ မှိတ်တုတ် မှိတ်တုတ် ဆိုင်းဘုတ်တွေမှာ

ကျွန်မရဲ့ အချစ်ကြေငြာစာတမ်းတွေ ရေးထိုးထားတယ်

မောင် မြင်နိုင်ရဲ့လားဟင်….

 

ကျွန်မတို့နှစ်ယောက် ဆောက်ခဲ့ကြတဲ့ လိမ္မော်အိမ်လေးတွေ အခုထိ ခါးသက်နေတုန်းပဲ မောင်

သုညဆန်လွန်းတဲ့ ကျွန်မဘ၀ကို တရံသောအခါက ချစ်ခြင်းတရားတခု ထောင့်မတ်ကျခဲ့ဖူးတယ်

မောင် မှတ်မိသေးလား

အဲဒီတုန်းက ကျွန်မ နှလုံးသားထဲမှာ သစ္စာပန်းတွေ ငွားငွားစွင့်စွင့် ပွင့်ခဲ့တာ

အခုဆို သူတို့ နွမ်းဖတ်နေပေါ့မောင် ကျွန်မ ဘယ်သူ့ကိုမှ ခူးဆွတ်ခွင့်မပြုခဲ့ဘူးလေ

 

အဆိပ်လူးမြှား ပစ်လွှတ်လိုက်တဲ့ ပြောင်းဝကိုမှ ချောင်းကြည့်မိတဲ့

ကျားနာတကောင်ရဲ့ အထုပတ္တိဟာ အခုထိ ခမ်းနားနေတုန်းပဲ မောင်

မောင့်နှလုံးသွေးတစက်နဲ့ ကျွန်မဘ၀ကို လဲလှယ်ခွင့်ပြုပါ

ရေမျှောကမ်းတင်ဗေဒါလေးကတော့ သူ့ရဲ့ ညနေကြယ်လေးဆီကို တရွေ့ရွေ့ ခရီးဆက်ချင်တုန်းပဲ

 

ကျွန်မ ဆက်ရေးချင်စိတ် မရှိတော့ဘူး မောင်….

 

 

 

 

 

 

 

 

 

 

 

 

 

In: စကားပြေ Posted By: Date: Oct 6, 2013

Leave Comments

Name*

Email*
Website
Email me whenever there is new comment