Professional Authors

လမ်းညွှန်မြေပုံ -၂

အဆင်ပြေမှုတွေကို တမျိုးကြီးထင်ရလောက်အောင်
အဆင်မပြေမှုအစုံအညီကို အသားသေခဲ့ပြီ
ငါ့အရိုးအကြောတိုင်းမှာ
အနုပညာဟာ ပြည်အောင်း ခဲ့ပြီ
လက်ညှိုးပေါင်းများစွာကိုလည်း
အင်္ဂုလိမာလအကြည့်နဲ. ငါကြည့်တတ်ခဲ့ပြီ။
                                     (လမ်းညွှန်မြေပုံ -၁ ကဗျာမှ)

ဗျောက်အိုးဖေါက်သလို ရှို.ထားတဲ့မာန
တိတ်တဆိတ်ပြန်ချထားလိုက်ပါတယ်
အခုတော့
နူးညံ့မှုသည်သာငါ့ဘ၀ရဲ့ အောင်မြင်ရာ
ငါ့လမ်းကို ငါညင်သာစေခဲ့ပြီ။

ဝင့်ဝါသောပန်းများ အခူးခံရချိန်
နှိမ့်ချလေသောအမြစ်များ သန်မာ အားကောင်းလာကြသည်
ရယူလိုသူများပူလောင်ကြချိန်
ပေးဆပ်သူများ အေးချမ်းကြလေသည်
သဘာဝ၏နိယာမများ အမှားအယွင်းမရှိခဲ့ပါလေ။

ဘယ်အရာဟာဘ၀ရဲ့အမွန်အမြတ်လဲ
ဖယောင်းတိုင်ဆိုတာက
သူရှိမှန်းသိအောင် မီးထွန်းရတာမဟုတ်ဘူး
သူ.အလင်းနဲ. သူတပါးကိုလမ်းပြဖို.သာ
ဗျောက်အိုးတစ်ခုလို အသံမြည်ချိန်မှာ
ပြီးဆုံးခြင်းတန်းရောက်မလာစေချင်တော့ဘူး။

သွေးဖြင့်တည်ဆောက်သော ဘုရင့်နိုင်ငံများစွာရှိဘူးသည်
နှစ်ကာလတို.က အမည်ပင်မကျန်အောင် ဖျက်ဆီးခဲ့လေပြီ
မေတ္တာဖြင့် တည်ဆောက်သောဓမ္မနယ်မြေများ
ယခုတိုင်ကျန်နေခဲ့ပါတကား။

ရယူသူများအား ကြောက်ရွံ.ခြင်းဖြင့်ဒူးထောက်ကြသည်
ပေးဆပ်သူများအား မြတ်နိုးခြင်းဖြင့်
မတောင်းဆိုပါပဲ ဒူးထောက်ကြလေသည်
လောကသည် အဓိပ္ပါယ် တခုခုရှိနေသည်သာ။

ကိုယ့်ကိုကိုယ် မသိမှုမှာ
ဘယ်သူတွေ နာကျင်ခဲ့ပါပြီလဲ
အောင်မြင်မှုဟု ထင်ရသောအရာများမှာ
တစ်ဦးကိုတစ်ဦး နင်းခြေနေလေသောလောက
ငါဘယ်သူ.ကို အသုံးချခဲ့၍
ငါ့ကိုဘယ်သူ အသုံးချမိခဲ့ပါသလဲ
မဖြေရဲသောမေးခွန်းများစွာ၌ မိုးလင်းခဲ့သည်။

ငါ့ကိုလွန်ကျူး ၍ ငါ့၌နာသောအနာထက်
ငါမတုံ.ပြန်ရ၍ နာကျင်သောအနာက ပိုဆိုးဝါးစေခဲ့မှန်း
သဘောပေါက်စပြုလာချိန်
ငါလွန်ကျူးခဲ့မိသူများအား တောင်းပန်စကားဆိုပါ၏
ခွင့်လွှတ်ခြင်းထက်အေးမြလေသောရေ
ငါမတွေ.မိပါတကား။

သူတပါးမျက်ရည်ဖြင့် လိမ်းကျံအပ်သောစားသောက်ပွဲကြီးထက်
ကြည်ဖြူစွာ ကျွေးအပ်သော ဆန်ကြမ်းတစ်ဆုပ်သာ ပို၍ချိုမြိန်ပါသဖြင့်
ကျန်ရှိသောငါ့ဘ၀ကို ဖြူစင်မှုများနှင့်သာဆောက်တည်လိုပါသည်
သံသရာဟူသည် လူအများနှင့် ဖွဲ.စည်းအပ်သည်မဟုတ်၍
ငါ့တကိုယ်စာသံသရာအား ငါသာအမွန်တို.ဖြင့်လှည့်ပတ်လည်စေမည်။

ငါသည် သူတစ်ပါးထက်ထူးမြတ်သူမဟုတ်
ငါသည်သူတကာကဲ့သို.
လောဘများ၊ဒေါသများဖြင့် ပူလောင်နေသူတဦးမျှသာ။

အိပ်မက်နေစဉ်မှာ အိပ်မက်သည်သာ အမှန်
အိပ်မက်မှနိုးသော် အားလုံးပျက်ပြယ်သကဲ့သို.
ယခု အမှန်တရားများစွာကို နိုးထစေသောလောကတစ်ခု
ရှိနေမည်မှာအသေအချာ
အို……. မြတ်သောအရှင်
အကျွန်အားနှိုးတော်မူပါလော့။

ဓားကိုင်ပြီးသွားရသောတိုက်ပွဲများအဆုံး
ပန်းမာန်တို.ကိုင်၍ သွားရသောတိုက်ပွဲများဆီ
ဒေါသဖြင့်တိုက်ရသောတိုက်ပွဲများအလွန်
နှိမ်ချမှုဖြင့်တိုက်ရသော တိုက်ပွဲများဆီ
ငါ့သွားရန်ရှိပါသည်
ဓားကိုဝှက်ထားသောခြွေရံသင်းပင်းများ မလာရ
ညီမျှသောစိတ်ရှိသူမိတ်ဆွေများ လာပါလေ
မြေပုံတစ်ချပ်ရှိပါသည်။     ။

In: ကဗျာ Posted By: Date: Jan 3, 2011
Comment #1

“အိပ်မက်နေစဉ်မှာ အိပ်မက်သည်သာ အမှန်
အိပ်မက်မှနိုးသော် အားလုံးပျက်ပြယ်သကဲ့သို.
ယခု အမှန်တရားများစွာကို နိုးထစေသောလောကတစ်ခု
ရှိနေမည်မှာအသေအချာ”
ကိုမော်နီ…..အရမ်းကြိုက်တယ်…..အမှန်တရားဆိုတာရှိတယ်ဆိုတာယုံကြည်တယ်…….
အားပေးတယ်နော်……..ကဗျာတွေအများကြီးရေးနော်……….
ကိုမော်နီပျော်ရွှင်ပါစေ………။ ။

commentinfo By: ကဗျာချစ်သူ at Jan 3, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment