Professional Authors

ပေါက္ခရ၀ဿမိုး

ချစ်သူ
ပက်ကြားအက်ငါ့ရင်ခွင်ကို
စွတ်စိုရုံပက်ဖျန်းဖို့
မိုးအုံ့စေခဲ့တာမှ မဟုတ်တာ
မြေဆီမြေနှစ်နဲ့ ငါ့နှလုံးသားမှာ
အချစ်မျိုးစေ့လေး ရှင်သန်နိုင်ဖို့
အင်တိုက်အားတိုက်
ရွာသွန်းစေချင်တာပါ
ယုံကြည်မှု
ငွေ့ရည်လေးတွေလည်း
အသိဥာဏ်ဆိုတဲ့ ပင်လယ်ပေါ်မှာ
အငွေ့တွေပျံတက်လို့ တိမ်တိုက်ဖွဲ့နေတာ
ငါလှမ်းမြင်နေရတယ်
အရမ်းပျော်တာပဲကွာ
ရင်ခုန်သံလေးတွေက အုံးအင် အုံးအင် လို့
အော်မြည်နေကြပြီ
အရှေ့တောင်ဖက်က မေတ္တာလေတစ်ချက်ဝှေ့ပြီး
မင်းရွာမယ့်အချိန်ကိုပဲ စောင့်ဆိုင်းနေမိခဲ့တယ်
ဒီအချိန်မှာမထင်မှတ်ဘဲ
ပြဿနာဆိုတာ အဖော်နဲ့လာတာ
မျက်ဝါးထင်ထင် လျှပ်တစ်ပျက် မြင်လိုက်တယ်
လျှပ်လက်ချင်ယောင် ဆောင်နေပေမယ့်
ဦးတည်လာတာ မိုးကြိုးပါလား
ထစ်ချုန်းသံရောနှောလို့
ခပ်ပြင်းပြင်းရွာချပေမယ့်
ငါ့ရင်ခွင်ကိုတော့ မဟုတ်ခဲ့ပါဘူး
အသိခေါက်ခက် အ၀င်နက်တဲ့
ငါ့ရင်ဘတ်လေးကတော့
ကိုယ်အင်္ဂါတစ်ခု ဆုံးရှုံးသွားရသလို
လက်တွေ့ဘ၀ကို အသားမကျနိုင်ခဲ့ဘူး
ငါမြင်နေရပါတယ်
မိုးတွေရွာသွန်း နေလိုက်တာနော်
ငါတစ်ယောက်ပဲမရွှဲတာ ဘာ့ကြောင့်လဲမိုးရယ်
ပက်ကြားအက်ငါ့ရင်ခွင်ကို မင်းမနှိပ်စက်ပါနဲ့
အချစ်မျိုးစေ့လေးတွေလည်း
တွန့်လိမ်ခြောက်ကပ် သေရက်နီးနေကြပြီ
အခါလွန်ခဲ့ပြီလား မိုးရယ်
ငွေ့ရည်ဖွဲ့ခဲ့တာ ငါ့အတွက်ပါ
မင်းရွာချခါမှ ငါမဟုတ်တော့တယ်
ကွက်ကြားပါလား မိုး
အညှိုးအတေးတွေများပါခဲ့ရင်
မင်းသယ်မသွားပါနဲ့
ဖျောက်ဖျက်ပစ်လိုက်ပါ
ငါ အကြံသမားမဟုတ်ပါဘူး
အမှန်တရားကိုပဲ လက်မခံနိုင်သေးတာ
ဥာဏ်မများခဲ့ရပါဘူး
ချစ်သူ
မင်းကရောဒါကို ယုတ္တိမဆန်ဘူးလို့
ငြင်းချင်ပါသေးသလား
ယုတ္တိဆိုတာ အဟုတ်ရှိတာပါကွာ
လုပ်ကြည့်မှဖြစ်လာတာပါ
အကြောင်းနဲ့အကျိုး
ငါ့အတွက်
အစရှာမရသေးပေမယ့်
မင်းရွာသွန်းခဲ့တာတော့
ပေါက္ခရ၀ဿမိုးပါ
ချစ်သူ
In: ကဗျာ Posted By: Date: Nov 21, 2010
Comment #1

အရမ်းကောင်းတယ်ဗျ..အားပေးတယ် ။ကျနော့်ကဗျာတွေထက်ကောင်းတယ် 😛

commentinfo By: မုဆိုး at Nov 21, 2010

Leave Comments

Name*

Email*
Website
Email me whenever there is new comment