Professional Authors

“ချစ်ခြင်းတို့ဖြင့် စိမ်းလန်းစေ”

“ချစ်ခြင်းတို့ဖြင့် စိမ်းလန်းစေ”

စံပယ်တွေ မွှေးမြတဲ့အကြောင်း တွေးရင်းနဲ့
စက်တင်ဘာ နံနက်ခင်းတွေဆီ ရောက်,ရောက်လာခဲ့တယ်
စံပယ်တွေကလည်း မွှေးမြဲမွှေးဆဲ
…စက်တင်ဘာမိုးတွေကလည်း သည်းမြဲသည်းနေဆဲပဲ
ဒီချိန်ဆို….
တောင်းနေကြဆုတွေတောင်
ချစ်ခြင်းတို့ဖြင့် ပိုမိုစိမ်းလန်းလာလေရဲ့…။

23 1/2 degree တိမ်းစောင်းနေသော ကမ္ဘာကြီး!!!
အရင်နေ့တွေအတိုင်း နှုတ်ဆက်ပါတယ်
“မင်္ဂလာပါ…
ချစ်ခြင်းတရားတို့ဖြင့် နရီမှန်မှန် လည်ပတ်နိုင်ပါစေ”
အရိုးရှင်းဆုံး ဆုတောင်းဟာ
အဟောင်းဆုံး ကမ္ဘာသစ်တေးတစ်ပုဒ်အဖြစ်
တည်ရှိနေခဲ့မယ်ဆိုရင်
ချစ်ခြင်းတရားတို့ကြောင့် စိမ်းလန်းနေတာ ဖြစ်လိမ့်မယ်…။

ဖြစ်ရိုးဖြစ်စဉ် နေ့စွဲလေးပါပဲ
ပုံမှန်ထက် အနည်းငယ်လေးနက်မှုနဲ့ ဆုမွန်ကောင်းတောင်းပါတယ်
ကျွန်တော် ချစ်သော ကမ္ဘာမြေ
ချစ်ခြင်းတို့ဖြင့် စိမ်းလန်းစေ
ပွင့်သောပန်းတိုင်း မွှေးပျံ့စေကွယ်…။

ဒီလိုနဲ့ပဲ
သက္ကရာဇ်ရထားကြီး
ဘူတာသစ်တစ်ခုကို ဆိုက်ချိန် ရောက်ခဲ့တယ်..။

(စကားချပ်…။
ဝေလိုက် ကြွေလိုက်နဲ့ စံပယ်တွေကို ငေးမောရင်း ရင့်ကျက်လာကြမယ်…။ အတွေးတွေ ပြောင်းလာကြမယ်..။ လုပ်ဆောင်ပုံတွေ ပြောင်းလာကြမယ်…။ ဦးတည်ရာတွေ ပြောင်းလာကြမယ်..။ စွဲစွဲမြဲမြဲ ဆုပ်ကိုင်ထားတဲ့ ယုံကြည်ချက်တွေ ရှိနေဦးမှာ ဖြစ်သလို လိုက်လျောညီထွေ ကူးပြောင်းခြင်းတွေလည်း ရှိနေကြဦးမယ်….။ ဒါပေမယ့် စိတ်နှလုံးသားထဲက ကမ္ဘာလောကကြီးအပေါ် ချစ်ခင်မြတ်နိုး တန်ဖိုးထားတဲ့ စိတ်ထားလေးတွေကတော့ ထာဝရ တည်မြဲနေကြဖို့ အားလုံး မျှော်လင့်နေကြမယ် ထင်ပါရဲ့..။ ထွေထွေထူးထူးတော့ မဟုတ်ပါဖူး…။ ဒီကဗျာဟာ ခင်မင်ရတဲ့ အစ်မတစ်ဦးရဲ့ မွေးနေ့အတွက် ရည်ရွယ်ပြီး ရေးဖြစ်ခဲ့တာပါ…။ အချိန်တစ်ခုမှာ အမှတ်တရ တစ်ခု ပေါ့…။ အချိန်တွေကတော့ ကြာလာရင် ရင့်ရော်လာလိမ့်မယ်..။ ကျွန်တော်တို့ရဲ့ ကမ္ဘာကြီးကတော့ ထာဝရ စိမ်းလန်းနေဖို့ မျှော်လင့်ပါတယ်…)

ချစ်ခင်စွာ
johnmoeeain

In: ကဗျာ Posted By: Date: Sep 16, 2010
Comment #1

“ချစ်ခြင်းတရားတို့ဖြင့် နရီမှန်မှန် လည်ပတ်နိုင်ပါစေ”
တောင်းဆုလေး ကောင်းလိုက်တာ ။
ကမ္ဘာကြီ့း ထာဝရ စိမ်းလန်းနေဖို့ ဆုတောင်းတာသဘောကျမိတယ်။
ဟုတ်တယ် . မျိုးဆက်သစ်တွေအတွက် သူစိမ်းလန်းနေရမယ် ။
fri လိုပဲ မျှော်လင့်ပါတယ် ။ သူစိမ်းလန်းနေအောင် တတ်နိုင်သလောက် ကြိုးပမ်းကြရင်းပေါ့ ။

commentinfo By: yatu at Sep 17, 2010
Comment #2

ကျေးဇူးပါရှင် 😛

commentinfo By: John Moe Eain at Sep 17, 2010
Comment #3

ကျေးဇူးထပ်တင် ပါတယ် …ကမ္လာကြီး စိမ်းလန်းဖို့ ကြိုးစားမယ်လေ။

commentinfo By: NayNyo at Nov 25, 2010

Leave Comments

Name*

Email*
Website
Email me whenever there is new comment