Professional Authors

သူ ( ၂ )

ဘယ်နှခါ မြောက်မှန်းမသိတဲ့ သက်ပြင်းတွေကို ချရင်း
ပြေးသွားတဲ့ အရောင်တွေကို ကြည့်မိတယ်
အဖြူနဲ့အမည်းသာ ခေါင်းမာချင်လည်း
အညိုအမည်း စွဲနေတဲ့ ဒဏ်ရာတွေကို အားနာသင့်ချိန်ကျပြီ . . . . 
.
လောင်စာ မရှိဘဲ တောက်တဲ့ မီးမို့လို့
၂၁ ရာစုမှာ တရားမ၀င်ဘူး ထင်ပ
တိမ်တွေကို စိုက်ပျိုးခဲ့မှတော့
အလွယ်တကူ ဆိုတဲ့စကား ကိုရင်းနှီးနေသင့်ပေါ့ . . . . 
.
ကျပ်စေ့ တစ်စေ့နဲ့
သူတို့ဆိုလိုတဲ့ ဘ၀ကို ၀ယ်လို့မရရင်
သူတို့ယုံကြည်တဲ့ ခမ်းနားမှုတွေနဲ့လည်း
နှလုံးခုန်သံ စစ်စစ်ကို ၀ယ်လို့မရ ကြောင်း 
လောင်းရဲတယ် . . . . 
.
မွေးထုတ်လိုက်တဲ့ အပင်ပေါ်က ပန်းတစ်ပွင့်ရဲ့ ရနံ့ကို
ငွေစက္ကူတွေပေးမှ သိခွင့်ရှိတာမဟုတ်ပါဘူး ကွယ်
သဘာဝအတိုင်း ကြွေကျလာလည်း
မင်းရဲ့ အနား မွှေးနေနိုင်ပါတယ် . . . . 
.
စကားတွေမှာ ငြင်းသံတွေပါနေလည်း
ခန္ဓာကိုယ်က သက်တောင့်သက်သာ ရှိတဲ့ထိုင်ခုံမှာမှ ထိုင်တယ် 
ဆိုလိုတာကို နားမလည်ရင်တောင်
Suit ၀တ်ထားရင် မင်းမကြည့်ပဲ မနေနိုင်သလိုပဲ . . . . 
.
အရိပ်မိုးပေးချင်တဲ့စိတ်နဲ့
ကျန်းမာပါစေ ကြောင်း ၊ ပျော်ရွှင်ပါစေ ကြောင်း
ဒီဆုတောင်းတွေသာ အမြဲရှိခဲ့လို့
သည်းခြေကြိုက် တောက်ပြောင်မှုတွေကိုတော့
နင် ရှာတွေ့နိုင်ပေမှာမဟုတ်ဘူး . . . . 
.
အတောင်မရှိပဲ ပျံသန်းနိုင်တဲ့ငှက် တဲ့လား . . 
ဒေးဗစ်ကော်ပါဖီးလ် လက်ထဲက ထွက်တဲ့ နှင်းတွေထက်
ကောင်းကင်က ကျတဲ့ နှင်း တွေကိုသာ ကြည့်ချင်သူ မို့
သူ နဲ့ သင်ဟာ 
ဒီလို ခြားနားခဲ့ကြတယ် . . . .
.
လောင်စာမရှိဘဲ တောက်တဲ့ မီး မို့လို့
၂၁ ရာစုမှာ တရားမ၀င်ဘူးထင်ပ
အဲ့ဒီ မျက်လုံးတွေ ၊ အဲ့ဒီ နှုတ်ခမ်းတွေ ၊ အဲ့ဒီ အသံတွေသိမ်းထားတဲ့လူကိုပဲ
စိတ်ထဲရှိသလို ၀ိုင်းဆဲလိုက်ကြတော့ . . . . 
.
ဒါပေမဲ့လည်းကွယ်
နာတာရှည် ရောဂါလို လွမ်းနေတာကလွဲရင် . . . . 
ငါ အဆင်ပြေပါတယ်
.
အိုးမဲ့ အိမ်မဲ့တွေ ကို
သီချင်းဆိုပြသလို
နှစ်ပေါင်းများစွာ အ၀တ်မဲ့ သွားလာခဲ့ပြီးမှ
အခုချိန် လူရိုင်း တောင်ရှည် တိုက်ပုံ နဲ့ ခေါင်းပေါင်း ၀တ်သလို . . . . 
.
အခိုက်အတန့် ဆိုတာ
လှတီးပတ ကောင်မလေး
ဂစ်တာ တီးပြီးသီချင်းဆိုနေသလို
ဘာလို့ခဏတာပဲ ကြာရတာလဲ . . . . 
.
ဒီလူ ဟာလေ
ရင်ဘတ်ရဲ့ ဟိုးအောက်ခြေထိ နှိုက်နှိုက်ချွတ်ချွတ် တူးရင်တောင်
နင့်အသံ တစ်မှုန်တစ်မွှား ကအစ တွေ့ရှိနိုင်လို့
လူတွေကတော့ အရူးလို့ခေါ်ကြရဲ့ . . . . 
.
ဘ၀ ဆိုတာ
ပြင်ဆင်ခြယ်သခြင်း မရှိရင် အစိမ်းရောင်ပဲ
ဘယ်သူ ငြင်းမလဲဟေ့
ဘယ်သူ ငြင်းမလဲ . . . . 
.
ဖျားနာနေတဲ့ အသံနဲ့
နတ်သမီး တေးသွား မအက်စပ်သလို
တစ်ခါ ကျောခိုင်း လိုက်ရင် ၊ တစ်သက်လုံး လှမ်းသွား တတ်တဲ့ လူသား မို့
သင် နဲ့ သူ ဟာ 
ဒီလို ဝေးခဲ့ကြတယ်
.
အညိုအမည်း စွဲနေခြင်း ကို အားနာသင့်ချိန် ရောက်ပြီ . . . . 
အဖြူအမည်းသာ ခေါင်းမာချင်လည်း
ပြေးသွားတဲ့ အရောင်တွေကို ကြည့်မိတယ်
ဘယ်နှခါ မြောက်မှန်းမသိတဲ့ သက်ပြင်းတွေကို ချရင်း ပေါ့
.
ယုံကြည်တဲ့ လှော်တက်တစ်ချောင်းရှိရင် 
လှော်ခတ်သွားတော့
ပြန်ကြားရတဲ့ သတင်းစကားမှာ
ရေမွှေးနံ့တွေ မသင်းစေလို . . . . 
.
တစ်ချိန်တစ်ခါက စံပယ်နံ့လေး
မင်း သတိရတယ်ဆိုရင်ပဲ
နေ့နေ့ညည အတွက်ကို
ဒီလူ 
အပူ ၊ အအေး မျှတပါပြီကွယ် . . . . ။    ။
.
.
.
(   အတိတ် ကို ပြန်ကြည့်တိုင်း 
    ဝေမှူးသွင် ရဲ့ ကဗျာ စာသား
    တိုးတိုးလေး ရွတ်မိတယ်
    တို့ရဲ့ ကိုယ်ပိုင်စက်ရုံတွေက
    ဒဏ်ရာတွေကိုသာ ထုတ်လုပ်ရဲ့  )
In: ကဗျာ Posted By: Date: Jan 1, 2016

Leave Comments

Name*

Email*
Website
Email me whenever there is new comment