Professional Authors

“စိတ္တဇ အလွမ်း”

မဖတ်ဖြစ်တော့တဲ့ မနက်ခင်းတွေမှာ
အိမ်မက် နဲ့ ကိုယ်ဟာ အိပ်ယာထနောက်ကျလာတတ်ပြီ
မျှော်လင့်ချက်တွေ ချရေးခံရတဲ့
စက္ကူဖြူကလေးမှာ အပြာရောင်တွေပြည့်နေပါပြီ
ခရမ်းရောင်ရထားလေးခုတ်မောင်းတိုင်း
ခပ်ဖျော့ဖျော့ကျလာတဲ့ နာကြင်မှုကို ပင့်သပ်တင်နေရတုန်းပဲ
ပေကျံသွားမှာစိုးလို့ သတိထားလိုက်ခါမှ
ကိုယ့်အဖြူရောင်မှာ ပန်းရောင်စစ်စစ်တွေစွန်းသွားခဲ့တာ

ကျေးဇူးပြုပြီး
မင်းရယ်သံတွေနဲ့ ကယ်တင်ပါ
သတိရခြင်းတွေနဲ့ ထွေးပွေ့ ပါ
စကားလုံးတွေနဲ့ ချည်နှောင်ပါ
လိုအပ်ရင် မိနစ်ကိုးဆယ်ပျံသန်းပြီး အရောက်လာပါ။

တမ်းတစိတ်ဟာ အထိတ်တလန့်အမြဲဖြစ်နေရတဲ့ စိတ္တဇလေ

တနေ့နေ့မှာ
အစိမ်းရင့်ရင့်မြက်ခင်းလေးပေါ်မှုာ ခိုပြာရောင် အိမ်ကလေးဆောက်ပြီးနေကြရအောင်ပါ
အဲဒိနေ့တွေမှာ
ခုနှစ်ရောင်ခြယ်သက်တန့်လေးဖြတ်ပြေးသွားတဲ့ရက်စွဲတွေကိုရေတွက်မယ်
ခိုဖြူခိုပြာတွေလွင့်ဝဲနေတဲ့ ကောင်းကင်ကိုငေးမယ်
အကြည်ရောင် စမ်းချောင်းကလေးရဲ့ ရယ်မောသံကိုနားထောင်မယ်
လမင်းထံကနေ ထမင်းဆီဆမ်းတောင်းကြမယ်
အညိုရောင်တိမ်တိုက်တွေပေါ်က မိုးပေါက်ကလေးတွေကို
လက်ဖဝါးဖြန့်ပြီး ဖမ်းကြမယ်


အလွမ်းကြောင့်ဖြစ်လာတဲ့ စိတ်ကူးဟာ
အလွမ်းမှာနိုးထရတဲ့ အခိုက်
လှိုက်မောစွာ ပင့်သက်ရှိုက်မိတယ်

ကျေးဇူးပြုပြီး
အိမ်မက်မှာနေထိုင်ခွင့်ပေးပါ
အရာရာဟာကန့်သတ်ချက်ရှိတယ်ဆိုတဲ့အကြောင်းကို
ခြေသံဖွဖွလေးနဲ့ ခေါ်ဆောင်သွားကြပါ
အဝါရောင်အခန်းထဲမှာ
ကိုယ်ရယ် အိမ်မက်ရယ် သိမ်မွေ့စွာ အိပ်စက်နေကြလို့ပါ။

အယ်နီ

In: ကဗျာ Posted By: Date: Jun 27, 2013

Leave Comments

Name*

Email*
Website
Email me whenever there is new comment