Professional Authors

ကြိုးမဲ့ နေ့ရက်

 

ကြိုးမဲ့ နေ့ရက်

 

ထက်စကြာဝဠာထဲ ခံစားချက်တွေ ခရီးသွားရင်း

အဲဒီနှစ် အဲဒီသက္ကရာဇ်တွေထဲ

ခလုတ်တိုက်မှ ထိခိုက်တတ်တဲ့ ဒဏ်ရာတစ်ခုက

လောကအလယ် လွင့်မြောနေပါလျက်

စုံမှတ်တို့ ခင်းကျင်းတဲ့ လမ်းကြောင်းပေါ်မှာ

ဟန်ပါပါ မာန်ပါပါ တက်ရောက်နေပါလား….။

 

ဟိုမှာ ကြည့်စမ်း…

အပြန်အလှန် မေးခွန်းတွေ စီးဆင်း

အပြုံးချင်း ဖလှယ်တဲ့

အထင်ကရ ရုန်းထလာတဲ့ သစ်ပင်မှာ

အသီးအပွင့်တို့ လှလှပပ ဖူးပွင့်နေတာ

ကိုယ် ကိုယ်တိုင် မသိခဲ့ဖူးပေမဲ့

အမှတ်တမဲ့ အပြန်အလှန် ဖြေဆိုခဲ့တဲ့

မှတ်တိုင်တစ်ခုဆီ အလည်ရောက်ခဲ့တယ်…။

 

သို့သော်….

လိပ်စာမရှိတဲ့ စိတ်ကူးတွေနဲ့

အတွေးအိမ်မှာ မြောလွင့်

စိတ်ချင်း တိုက်ခိုက်လာတဲ့

ပစ်မှတ်တစ်ခုက တိုးဝှေးလို့

တင်းကျပ်နေတဲ့ လောကထဲကို

အလည်ဝင်ရောက်လာခဲ့ပေမဲ့

လေပြေလေးတွေထက်

ညင်သာတဲ့ စကားတွေနဲ့

နှင်းကလေးတွေ ငိုနေတဲ့ ဆောင်းမှာ

ကာရံမညီညာသော ကြယ်တွေ လင်းလက်

မှေးစက်နေတဲ့ ငါ့ အသိများက

မနက်ဖြန်ဆိုတာ တွေးတောနေပါလား…။

 

တွေးတော မနေပါနဲ့

ကိုယ်တိုင် သူ့ကို ထိပ်တိုက်ရင်ဆိုင်ရတာ

အမှတ်မထင် ဆိုပေမဲ့လည်း

အများတကာ ကျင်းပတဲ့

ဒီပွဲရဲ့ လောင်းကြေးဟာ

သကာလို ချိုမြလွန်းတယ်

အခန့်မသင့်ရင် ချောင်းဆိုး ရင်ကျပ်တတ်တယ်

လွယ်လွယ်တော့ မတွတ်ထားနဲ့

တကယ် ပေးဆပ်ရမှာက

ဘဝတစ်ခုပါ…

ရှုံးချင်လည်း ရှုံးမယ်

နိုင်ချင်လည်း နိုင်မယ်

အနိုင် အရှုံး ပိဿာ အလေးချိန်ဆိုတာ

ကိုယ် စိုက်ထုတ်လိုက်တဲ့ လူရဲ့ အတွင်းပိုင်းကလာတဲ့

အရှားပါးဆုံး ကိရိယာတစ်ခုပါ…။

 

ဒါပေမဲ့….

ဘဝရဲ့ လက္ခဏာ ကြီးငယ်အောက်က

ကောင်းကင်ကို မော့ကြည့်

ကြယ်တွေကို နမ်း

လမင်းက လန်း

တိမ်တိုက်တွေ ဖေးမ

မြေပြင်မှာ အေးစက်တဲ့

ဖေဖော်ဝါရီ နှင်းစက်ထဲ

ချောကလက် တစ်ခု

ချိုမြိန်သော သကာတွေနဲ့

သုတ်လိမ်းထားပါလျက်

စားသုံးသူ မရှိ

အလိုအလျှောက် ပျော်ဝင်သွားပြီလား…။

 

ပျော်ဝင်သွားပါစေ…

နိုးကြားလာတဲ့ ကမ္ဘာကြီးထဲ

မြောက်ပြန်လေရဲ့ သယ်ဆောင်မှုက

သဇင်တွေရဲ့ ရနံ့ကို သင်းပြန့်စေသတဲ့..

အခုတော့ ….

ဆောင်းဟေမန်ဟာ

ငါ့ နယ်မြေကို ဆိုက်ကပ်နေပေမဲ့

ဝေဒနာ အခန်းကျဉ်းက

လွတ်မြောက်ချင်ခဲ့သူအဖို့

အမေးနှင့် အဖြေ အံကိုက်ဆိုရင်

အဓိပ္ပာယ်မဲ့ ရပ်ကွက်ထဲက

ရပ်တည်နေတဲ့ ငါ့ အတွက်တော့

ဖေဖော်ဝါရီ ကြိုးမဲ့ တစ်ခုပေါ့…။

 

တက္ကသိုလ်မြတ်မင်း

 

http://www.venpunnavamsa2.com

In: ကဗျာ Posted By: Date: Feb 12, 2013

Leave Comments

Name*

Email*
Website
Email me whenever there is new comment