Professional Authors

တို့တွေရဲ့ သစ္စာတရား…ဘယ်သူကဆက်ပြီးမှားနိုင်မလဲ-ရွှေကြယ်မိုး

ဒီဇာတ်က ကိုယ်တို့ရဲ့ မြွေပွေးခါးပတ်ပိုက် အထ္ထုပတ္တိရင့်ရင့်တွေအကြောင်း
ဒီကဗျာက လက်မောင်းသွေးချင်းယှက် ကမ္ဗည်းမတင်ခဲ့ရတဲ့ နေ့စွဲတွေအကြောင်း
တထိတ်ထိတ်နဲ့မေး…နွဲ့ပါးတဲ့အပြုံးတွေ ဝေသီရှီုက်နင့် …ဒီဘ၀ကလေ
အမြဲပဲ စွန်းထင်းနေတော့မလား…လမ်းသွယ်တွေထဲ ဖြတ်မ၀င်ရဲတော့ဘူး
ဘ၀ထောင့်ချိုးတိုင်းမှာ သစ္စာမဲ့မှုတွေရှိတယ်ဆိုတဲ့တရားမှာ ညတွေလိုမှောင်ခဲ့ပေါ့

ကိုယ်တို့တတွေရဲ့ စောင့်သိရိုသေမှုတွေထဲ အသေးဖွဲ့လေးတွေက လပေါင်းများစွာကြာခဲ့
သေချာနေပြီ… ဥသြတွန်သံကြားရင် နွေတစ်နွေရဲ့ဖြစ်တည်မှုကို ရင်ကွဲပက်လက်နဲ့
နားဆင်ရဦးမယ်…ကြားကြားနေကျအသံတွေမှာ မင်းအသံကလွဲလို့ ဘာကိုမှ
ကိုယ်မကြားချင်တော့ဘူး…မျက်လုံးတွေ ၀ါလာပြီ ကိုယ်သွားရတော့မယ် ထင်တယ်..

ညောင်းညာကိုက်ခဲခြင်း… ဘ၀ထဲက ဒဏ်ရာတွေအဆိပ်တက်
ယုံကြည်ရာဆိုတာ မရှိတော့ပါဘူးကွယ်…ကိုယ်တို့ရဲ့ အရောင်မတူဖြစ်တည်မှု
ဘယ်သူက ဆက်ပြီးမှားနိုင်မလဲ…?
ဘယ်သူက ဒီလောကမှာ ကျန်ခဲ့မလဲ…?
ဘယ်သူက ကျန်ခဲ့တဲ့ ကန်ရေရိပ်ဆီပြန်ရောက်နိုင်မလဲ…?

မဖြေနိုင်ခဲ့တဲ့ စကားပွင့်လေးတွေအတွက် တခုတ်တရခွင့်လွှတ်ပေးပါ
မင်းအမှန်တရားရဲ့ အဓိပ္ပါယ်ကို ဖွင့်ဟဖို့ခက်ခဲတာကိုက စိတ္တဇဆန်လွန်းလှ
အဲ့ဒီ့လို စိတ္တဇတွေမှာ ငါ့အမှန်တရားက မျဉ်းပြိုင်တစ်ခုလိုမားမားစွင့်စွင့်
မင်းမှာရှိတဲ့ဂီတတွေနဲ့ပဲ ငါတောသွင်းသံတွေဖန်ဆင်းခဲ့တယ်ကောင်မလေးရေ…

အိပ်ရေးပျက်မှုတွေထဲက ကဗျာ …ကိုယ်တို့သမိုင်းရဲ့ ခိုးခိုးခစ်ခစ်ရယ်သံတစ်ခု
ဘာမဆိုမှန်မလိုလိုနဲ့မမှန်တဲ့ကမ္ဘာမှာ ငါကိုယ်တိုင် မှားရဲ\မှားဆဲ\မှားနိုင် နေခဲ့ပါပြီ
ဘာသာရေးယုံကြည်ချက်လုံးဝမရှိ…ဗီတိုအာဏာလုံးဝမရှိ…ပိုက်ဆံလုံးဝမရှိ
ကောင်မလေးရေ…မရှိတာတွေများခဲ့သလို ရှိတာတွေကလည်းရှားခဲ့ပါတယ်
ခက်ခက်ခဲခဲဖြစ်အောင်မှားနေတဲ့ လူတွေကြားမှာ…မှန်မှန်ကန်ကန်မှားပြခဲ့နိုင်တာ
ငါတို့ပါပဲ…ဒါ…ဂုဏ်ယူစရာတစ်ခုပဲကောင်မလေးရေ
မင်းရဲ့ စိတ္တဇကင်ဆာက တဖြည်းဖြည်း ရင့်သက်လာ…ငါ့မှာလည်း စီးကရက်ငွေ့တွေက
ဖြစ်တည်မှုကို ပွန်းပဲ့ထိရှလာ…တို့တွေရဲ့ သစ္စာတရား ဘယ်သူကဆက်ပြီးမှားနိုင်မလဲ ကောင်မလေးရေ…
                                        ရွှေ ကြယ် မိုး

In: ကဗျာ Posted By: Date: Nov 22, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment