Professional Authors

လွမ်းဆင့်အိပ်မက်နှင့် ငါ-ရွှေကြယ်မိုး

လွမ်းဆင့်အိပ်မက်နှင့် ငါ

အိပ်မက်ထဲမှာ

သူရောက်လာတယ်

မုန့်တွေအတူတူ စားကြတယ်

အိပ်မက်ထဲမှာတောင် ကျွန်တော်က

သူ့ကို ပိုက်ဆံရှင်းခိုင်းတုန်း

 

အိပ်မက်ထဲမှာတောင်

သူ့အပြုံးတွေဟာ ထင်ရှားလှပတယ်

သူ့အမူအယာတွေဟာ မြူးကြွတယ်

ကျွန်တော့်ရဲ့ မြို့လေးမှာပဲ

ရွှေသွေးစာစောင်တွေ သူဝယ်သွားတယ်

 

ဒီနေ့ည အိပ်မက်မှာတော့

ညကြီးမိုးချုပ်ထိ ကျွန်တော့်ရဲ့ မြို့လေးမှာ

ကျွန်တော်နဲ့ အတူ သူ ရှိနေပေးခဲ့ပြန်သေး

 

စကားစမြည်ပြောကြတယ်

အတူတူ လမ်းလျှောက်ကြတယ်

ငါတို့ဘ၀မှာ ဒါတွေက ပြုလုပ်ဖို့ရာ

အရမ်းခက်ခဲလှတယ် မဟုတ်လား

 

တကယ်တော့ ငါတို့ကြားမှာ

အကွာအဝေးတွေက ရှည်လျား

မြို့ပြလမ်းကျေးရွာလမ်းများ

မြေသားနီ အဝေးပြေးလမ်းမကြီးများနဲ့

ဒီလို အိပ်မက်လေးထဲမှာပဲ

ငါတို့က ဆုံတွေ့ခွင့်ရ

 

 

 

ကြာပါပြီလေ

သူစိမ်းဆန်ဆန် အငွေ့သက်တွေကြားမှာ

မျက်နှာစိမ်း အထိအတွေ့တွေနဲ့

သွေးရင်းသားရင်းလို ပေါင်းသင်းဆက်ဆံနေရ

ငါ့မှာ

မျှော်လင့်ခြင်းတွေ အထပ်ထပ်နဲ့

ပြီးတော့

အလွမ်းတွေ အထပ်ထပ်နဲ့

 

ကြာခဲ့ပါပြီလေ

ကောင်းကင်ကို အခါခါမော့

နင်ရှိရာ အရပ်က တိမ်တွေကိုငေး

ဒီလိုနေထိုင်ခဲ့တာ

ကြာခဲ့ပါပြီလေ

 

စိတ်သား လွင်ထီးခေါင်ခေါင်တို့မှာ

မိုးရွာလိုက်တံလျှပ်ထလိုက်နဲ့

ငါအခါခါ နွမ်းလျဒီလိုနဲ့

 

ဒီလိုနဲ့ မနက်ခင်းတစ်အုပ် အလင်းသောက်တဲ့အခါ

 

အိပ်မက်ထဲက ကောင်မလေး

အိပ်မက်ထဲကို ပြန်

                             ရွှေကြယ်မိုး

 

 

In: ကဗျာ Posted By: Date: Apr 23, 2012
Comment #1

sweet chocolate dream

commentinfo By: ei lay at Apr 25, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment