Professional Authors

အမေပြောတဲ့မိခင်မေတ္တာဟာ မြေစာပင်လေးတစ်ပင်ဖြစ်ခဲ့တယ်

ဟဲ့ . . . အဲဒါ အားနည်းလို့ နားထဲကလေတွေထွက်နေတာ မဟုတ်ဘူး
ငါပြောတဲ့စကားတွေ နင့်ခေါင်းထဲကြာကြာမနေနိုင်လို့ ပြန်ထွက်နေတာ
ဒီလောက်ခေါင်းမာတဲ့သားမျိုး ငါ ဘယ်လိုဆုတောင်းမျိုးနဲ့များ မွေးခဲ့မိပါလိမ့်
မျိုးရိုးလိုက်တယ်ပြောရအောင်ကလည်း ငါတို့အမျိုးထဲမှာ နင့်လိုလူမျိုး မရှိပါဘူး

အမေပြောတာ နားလည်စမ်းပါသားရယ်
ဘယ်မိဘမဆို ကိုယ့်သားသမီး ဆင်စီးပြီးမြင်းရံတာပဲ မြင်ချင်ကြတာပါ
ငွေရမယ့်အလုပ်တစ်ခု ၀င်လုပ်စမ်းပါ
လခနည်းတယ်များတယ်သဘောမထားပါနဲ့
မင်း ဒီအလုပ်တွေလုပ်နေသမျှတော့ အမေလည်း ရင်အေးရမှာ မဟုတ်ဘူး

နင် အဲဒီလိုမျက်လုံးကြီးနဲ့ ငါ့ကို ပြန်မကြည့်ပါနဲ့ ငါ ကြောက်လွန်းလို့ပါ
နင်ပြောမယ့် ငါ နားမလည်တဲ့စကားတွေကိုလည်း ငါ မကြားချင်ဘူး
ထွက်သွားလိုက်ရင်လည်း တစ်သွေနဲ့တစ်မိုး၊ ထမင်းတောင် ပြန်မစားဘူး
နင့်ကို ထမင်းကျွေးတဲ့လူတွေ ရှိနေလားလို့ မေးရအောင်ကလည်း
နင့်လို မိုက်တဲ့လူက ရှိမှာမဟုတ်ဘူး

အမေ့ကို တစ်ခုခုပြန်ပြောပါဦးသားရယ်
အမေ့စကားကို နားထောင်မယ်မဟုတ်လား
အမေ့သားက လိမ်မာပါတယ်
နော် သား . . . နော်

ဟဲ့ . . . နင် အဲဒီလိုကြီး ငြိမ်နေတော့မှာလား ငါ စိတ်မရှည်တော့ဘူး
ကျောကုန်းထုထည့်လိုက်တော့မယ်
ကဲ . . . ကုန်ကုန်ပြောလိုက်မယ်
နင်ပြောတဲ့ လုပ်အားနဲ့ထိုက်တန်တဲ့လစာရမယ့်အချိန်ကိုလည်း ငါ မစောင့်နိုင်ဘူး
ငါမသိတဲ့ဘာအရေးညာအရေးတွေ နင်လုပ်နေတာလဲ ငါ မကြိုက်ဘူး
နင်နဲ့ရည်ငံနေတဲ့ကလေးမလေးတစ်ယောက်လောက်များရှိရင် သူ့ကို ယူလိုက်ပါလား
ဒါမှ နင် ဒီအလုပ်တွေ ဆက်မလုပ်နိုင်မှာ

ကဲပါသားရယ် . . . အမေလည်း မောလှပါပြီ
သားလည်း နိစ္စဓူဝ ဒီစကားတွေချည်းပဲ ကြားနေရတော့ စိတ်ချမ်းသာမှာ မဟုတ်ဘူး
တားမရမယ့်အတူတူတော့ လုပ်ချင်တာကို အကောင်းဆုံးဖြစ်အောင်သာ လုပ်
လက်ဖက်ရည်ဆိုင်သွားမှာမလား
ရော့ . . . သား . . . ပိုက်ဆံ

                                                                                      ကိုသျှား

In: ကဗျာ Posted By: Date: Mar 1, 2012
Comment #1

myat yae tway taung kya mi par de,,

commentinfo By: ei lay at Mar 1, 2012
Comment #2

လုပ်ချင်တာကို အကောင်းဆုံးဖြစ်အောင်သာ လုပ်
လက်ဖက်ရည်ဆိုင်သွားမှာမလား
ရော့ . . . သား . . . ပိုက်ဆံ

commentinfo By: rocker at Mar 2, 2012
Comment #3

သားလိမ္မာပါလား…

commentinfo By: SoFarAwayFromU at Mar 2, 2012
Comment #4

အမေ

commentinfo By: kantkawmg at Mar 4, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment