Professional Authors

အခုဆိုငါတို့ရဲ့ကောင်းကင်ဟာအုံ့ဆိုင်းနေရောပေါ့-ရွှေကြယ်မိုး

 

 

 

အခုဆို…

ငါတို့ရဲ့ကောင်းကင်ဟာ အုံ့ဆိုင်းနေရောပေါ့…

 

အာရုဏ်တက်ကို

ရှာမတွေ့ခဲ့ကြပေမယ့် နေ၀င်ချိန်ကတော့

ဆိုက်ဆိုက်မြိုက်မြိုက်ရောက်လာတတ်တာ

သဘာဝပါပဲ သူငယ်ချင်းရယ်….

 

ဘာကိုယုံရမှာလဲ

တစ်နဲ့တစ်ပေါင်းမှ နှစ်ရတာမဟုတ်ဘူး

အဲ့ဒီ့လိုပါပဲ…သုညဆိုတာကလည်း အက္ခရာတွေရှိမှ

သုညဖြစ်တာမဟုတ်ဘူး…သူငယ်ချင်း

မယုံနဲ့…မယုံနဲ့

ဒီတိုက်ပွဲမှာ ၀ှက်ဓါးတစ်ချောင်းရှိမှ

အနိုင်ရမယ်ဆိုတာကို မယုံနဲ့…

 

ဘယ်သူတစ်ယောက်ကိုမှလဲ

မကျူးကျော်နဲ့…နင့်ဘာသာနင်ပဲ

သာမာန်မိန်းကလေးအတိုင်းနေ…သာမာန်အတိုင်းပဲ

ရှင်သန်တာ အကောင်းဆုံးပါပဲ သူငယ်ချင်းရယ်…

နင်..အခန့်မသင့်တဲ့အခါမှာတော့

ကောင်းကင်ဟာ မြေပြင်လိုကြမ်းတမ်းတယ်ဆိုတာ

တွေ့ချင်တွေ့သွားမှာပေါ့…

ဒါငိုစရာမဟုတ်ဘူး သူငယ်ချင်း

နင်…မငိုနဲ့…

နင့်ကောင်းကင်ဟာ ငါ့ထက်ဖြူတယ်…

 

တစ်ခါတစ်ခါတော့ ငါဟာ

နောက်ကျပြီးမှ အမှားကိုပြင်တတ်တယ်

အခါခါတိုင်းတော့ ငါဟာ

နောက်ကျပြီးမှ နောင်တကိုရတတ်တယ်

ဘာပဲဖြစ်ဖြစ်…အခုအချိန်မှာ ငါမမှားသေးပါဘူး

နင်လဲမမှားသေးပါဘူး…

 

တိမ်တွေဟာ တငွေ့ငွေ့နဲ့

ကောင်းကင်မှာလှိုက်စားတယ်…

နင်ဟာ တရိပ်ရိပ်နဲ့

ငါ့ဆီမှာ လာလာအုံ့ဆိုင်းတယ်…

မရွာချလိုက်ပါနဲ့…သူငယ်ချင်းရယ်

 

 

ဒီမိုးကို ငါမနှစ်သက်လို့လည်း မဟုတ်ပါဘူး

တို့တွေဟာ သူငယ်ချင်းသက်သက်ပဲ ခင်ကြတာ

ကောင်းပါတယ် သူငယ်ချင်းရယ်…မဲမဲမြင်ရာသာ

ရွာချလိုက်မယ်ဆိုရင် …ပါးစိုရုံပဲအဖတ်တင်ကျန်ခဲ့လိမ့်မယ်….

 

နင်ငါ့ဆီကိုဝင်လာတဲ့အခါကျရင်

ရနံ့မရှိတဲ့ ပန်းပင်တွေရယ်…အလင်းမရှိတဲ့

ပိုးစုန်းကြူးတွေရယ်ကိုပဲ…နင်မြင်လိမ့်မယ်…သိလိမ့်မယ်

ဘယ်လမ်းကမှ မခမ်းနားတဲ့ငါ့မှာ ကဗျာတွေကိုပဲ

ခင်းခင်းပြီး နင်းလျှောက်ရတာကြာပေါ့…

 

ဘာမှမဖြစ်ပါဘူး သူငယ်ချင်း

ဘာမှမဖြစ်ကြပါဘူး…ဒီဘူတာမှာ

စံပါယ်တွေမပွင့်တော့တဲ့အခါမှာ ရနံ့ဟာ

ဥသြမဆွဲပဲ ထွက်သွားပါလိမ့်မယ်…

ဘာမှ မဖြစ်ပါဘူး…သူငယ်ချင်း

 

အခုဆို…

ငါတို့ရဲ့ကောင်းကင်ဟာ အုံ့ဆိုင်းနေရောပေါ့

                                      ရွှေကြယ်မိုး

                        P.M 5:52(31/12/2011)

In: ကဗျာ Posted By: Date: Jan 1, 2012
Comment #1

hinnnnnnnnnnn
kyike bu dot

commentinfo By: ei lay at Jan 1, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment