Professional Authors

သွေးမတိတ်ရောဂါ

ကြီးကြီးကျယ်ကျယ်ပြောရရင် အချစ်ဆိုတာလဲ တိုက်ပွဲပဲ
မင်းမျက်ဝန်းတွေက ငါ ကျရှုံးခဲ့ရတဲ့စစ်မြေပြင်
မင်းရဲ့နူးညံ့တဲ့အပြုံးလေးနဲ့ ငါ့ရင်ဝကို ဓားမြှောင်လို ထိုးစိုက်ပစ်လိုက်
မင်းဆီမှာ သွေးဆာနေတဲ့စကားလုံး ဘယ်လောက်ကျန်သေးသလဲ

မင်းတို့ပြောပြောနေတဲ့ဂုဏ်သိက္ခာတို့၊ဆင်ခြင်မှုတို့ကို
ငါ မယုံတာ မှားသလား
ငါက မင်းကို သွေးပျက်မတတ် ချစ်တယ်
မင်းက ငါ့ကို အမြဲတမ်း စိတ္တဇဆန်နေသူလို့ ထင်တယ်
ကျေးဇူးပြုပြီး ၀တ်ကျေတန်းကျေပဲဖြစ်ဖြစ်
ငါ့ကို ချည်နှောင်ထားစမ်းပါဦးညီမလေးရယ်

စကားလုံးတွေထက်ခမ်းနားတဲ့ မင်းဘ၀မြို့ကြီးပြကြီးမှာ
ငါ့ချစ်ခြင်းမေတ္တာ ဆင်ခြေဖုံးဆန်ခဲ့သလား
မင်းမာယာတွေ အအိပ်အစားမှန်ဖို့
ငါ့မာနတွေက ငါ့နောက်ကျောကို ဓားနဲ့ပြန်ထိုးခဲ့ပြီ

မင်းရယ်သံလွင်လွင်လေးတွေ ပြိုးပြက်တောက်ပနေတဲ့ကောင်းကင်ကို
ငါက အတောင်ကျိုးငှက်တစ်ကောင်လို မော့ကြည့်နေရတယ်
မင်းကိုယ်သင်းနံ့တွေ ခင်းကျင်းထားတဲ့ပြတိုက်ကို
ငါက လက်မှတ်မ၀ယ်နိုင်တဲ့ကလေးငယ်တစ်ယောက်လို ငေးမောနေရတယ်

ခရမ်းပြာရောင်သံယောဇဉ်ကြိုးပေါ်
သွေးထွက်လွန်ဆက်ထုံးတွေ နက်နက်လာ
ငါ့ခေါ်သံ ပက်ကြားအက်တယ်

မင်းဟာ ငါ့အတွက် ကိုးဘုံမြောက်ငရဲခန်းပဲ
မင်းဟာ ငါ့အတွက် တံခါးဖွင့်ထားတဲ့ကောင်းကင်ဘုံပဲ
မင်းဟာ ငါ့အတွက် တပ်မက်စရာကန္တာရပဲ
မင်းဟာ ငါ့အတွက် အသစ်စက်စက်ဧဒင်ဥယျာဉ်ပဲ

ငါ့ပျော်ရွှင်မှုလဲ မင်းကို ပေးခဲ့တယ်
ငါ့ဆုတံဆိပ်တွေလဲ မင်းကို ပေးခဲ့တယ်
ငါ့ရှင်သန်မှုဟာ မင်းလက်နဲ့ အစိမ်းချုပ်ထားတယ်
မင်းရေဆာချိန်ဆိုရင်
ငါ့လက်မောင်းသွေးတောင် ဖောက်တိုက်လိုက်ချင်တယ်

ငါပိုင်ဆိုင်တာ အားလုံးပေးမှ ငါချစ်တာ ယုံမယ်ဆိုရင်
ငါ့မှာ မင်းကို နောက်ထပ်ပေးစရာဆိုလို့
ငါ့ရဲ့သေခြင်းတရားပဲ ရှိတော့တယ်

ဘ၀ဆိုတာ ဘာမှန်းမသိပေမယ့်
အချစ်ဟာ ဘယ်တော့မှ ဆေးမမီဘူး
မင်းက ငါ့ကို ကာယကံ၊၀စီကံနဲ့ လုပ်ကြံခဲ့တယ်

အချစ်ဆိုတာ
ငါ့ရင်နဲ့လွယ်မွေးခဲ့ရတဲ့ဒုက္ခတရားပါညီမလေးရဲ့
ကိုယ့်ကိုယ်ကို ခေါ်မကြားအော်မကြား မျောလွင့်ရင်း
ဘာကိုမှ မဆုပ်ကိုင်ရဲတော့တဲ့လက်တွေဟာ
သစ္စာတရားကို ခါချတယ်

အပျင်းပြေရက်စက်ခြင်းတွေ ပျော်စရာကောင်းရဲ့လား
မင်းက မင်းဘ၀နဲ့မင်း နေသားတကျ လှပနေချိန်
ငါက ကိုယ့်ဒဏ်ရာကိုယ် လျှာနဲ့ပြန်လျက်နေရတဲ့ဒုက္ခတွေထဲ
အကြေကွဲဆုံး လောင်ကျွမ်းလို့

ညီမလေးရယ်…..
ငါ့ရင်ဘတ်ပေါ် ဘိုးတံလေးရှိုက်ငင်ရုံနဲ့
ပွင့်ထွက်လာတဲ့ ချော်ရည်တွင်းကို
“ သီချင်း…” လို့ ဘယ်သူများ နားဆင်ခဲ့ဖူးလဲ

                                                                             ကိုသျှား

In: ကဗျာ Posted By: Date: Dec 2, 2011
Comment #1

oh god,,,
so strong.

commentinfo By: ei lay at Dec 2, 2011
Comment #2

ညီမလေးရယ်…..
ငါ့ရင်ဘတ်ပေါ် ဘိုးတံလေးရှိုက်ငင်ရုံနဲ့
ပွင့်ထွက်လာတဲ့ ချော်ရည်တွင်းကို
“ သီချင်း…” လို့ ဘယ်သူများ နားဆင်ခဲ့ဖူးလဲ

အရမ်းကောင်းတယ်…ဆိုတာထက်ကိုမပြောတတ်တော့ဘူး….တကယ်ကိုလေးစားပါတယ်….။

commentinfo By: terry at Dec 3, 2011
Comment #3

read again par shin

commentinfo By: ei lay at May 29, 2012
Comment #4

🙁
:'(
Really feel sorry.

U’ll get what u give.no doubt.
Fighting.
Good luck

commentinfo By: ei lay at Nov 25, 2012
Comment #5

ကျေးဇူးပြုပြီး ၀တ်ကျေတန်းကျေပဲဖြစ်ဖြစ်
ငါ့ကို ချည်နှောင်ထားစမ်းပါဦးညီမလေးရယ်
…….
ခံစားချက်အားကောင်းလှသော …..

commentinfo By: နွေ at May 9, 2014
Comment #6

ကြိုက်ပ…။

commentinfo By: waiywan at May 15, 2014

Leave Comments

Name*

Email*
Website
Email me whenever there is new comment