Professional Authors

ပန်းတစ်ပွင့်အိပ်မက်

ပန်းတစ်ပွင့်အိပ်မက်( က )
 

 

ကောင်းကင်နက်ကို
မျက်နှာထက်မှာ လွှတ်တင်ထားရင်း
အမှတ်စဉ်ထိုးထားတဲ့
ကြယ်စင်တွေကို ခြွေချ
အသည်းကွဲ ပွင့်ဖတ်တွေရဲ့
အဆွေး သီချင်းမှာ
ကိုယ့်နာမည်ကြားလိုက်မိသလိုလို..။

 

*

 

ပန်းတစ်ပွင့်အိပ်မက်( ခ )
 

 

မျက်ဝန်းအိမ်ပေါ်
ကြွေကျလာတဲ့
အလင်းတစ်စက်ရဲ့ကကြိုးက
ဂန္တ၀င်စာမျက်နှာတွေကို
သွေးဆူစေ
အကောင်းဆုံးပဲ လိုချင်တဲ့
ကလေးငယ်တစ်ယောက်ရဲ့
ဖြူစင်တဲ့ လောဘမျိုးနဲ့ 
ကိုယ်လေ
လမင်းလေးကိုခိုးယူသိမ်းထားချင်ခဲ့တယ်။

 

*

 

ပန်းတစ်ပွင့်အိပ်မက်( ဂ )
 

 

သော့ခတ်ထားသမျှ
ဖွင့်ဟ ပြလိုက်ရင်
ဘုံခုနှစ်ဆင့်များ ပြိုကျသွားမလား
မြတ်နိုးခြင်း စံချိန်သစ်နဲ့ 
ထူးခတ်ထားတဲ့ဆန္ဒတွေက
အဖြူရောင်ထက်ပိုတဲ့
အဖြူရောင်
ချစ်သူရယ်….
တိမ်မျှင်တွေနဲ့ ယက်လုပ်ထားတဲ့
ကိုယ့်ရဲ့သင်္ကေတက
တစ်ယောက်သော သူအတွက်ပါ။

 

*

 

ပန်းတစ်ပွင့်အိပ်မက်( ဃ )
 

 

ဟန်ဆောင်မကောင်းတဲ့
ဥတုရာသီရဲ့ရိုးသားမှုမျိုး
ပြုံးရယ်နေတဲ့နှုတ်ခမ်းတွေက
သနပ်ခါး ဖြူ အတွက်
မျက်ဝန်းတွေကိုအစဉ်အမြဲ ပုန်ကန် နေခဲ့
ပင်လယ်ဟာ မာယာများတယ်တဲ့
မျက်နှာဖုံးတပ် ကောင်းကင်ရဲ့
ချုပ်တည်းမှုဟာ
တစ်ခုသော ရာသီမှာတော့
အားရပါးရ ငိုကြွေး ဖြေလွှတ်တတ်သေးတယ်။

 

*

 

ပန်းတစ်ပွင့်အိပ်မက်( င )
 

 

ရင်ထဲရှိသမျှ
မီးတောက်ဖို့ 
ဆယ်ကျော်သက်တွေ မဟုတ်ကြတော့ပေမယ့်
တစ်ခါတစ်ခါ
လျှောက်နေကျ ရွေးချယ်ထားတဲ့
လမ်းကလေးဟာ
ကြမ်းချင်သေးရဲ့
ချစ်သူရယ်
ပြုမူလှုပ်ရှားမှုရယ်၊ စကားလုံးတွေရယ်
နားထောင်နေကျ သီချင်းတွေဟာ
ဘယ်တော့မှ မျက်ရည် မတိတ်ခ့ဘဲူး
ကိုယ်ကတော့
ကန့် သတ်နယ်မြေမှာ
ကဗျာ အရွတ်ကောင်းသူပေါ့။
 

 

 

မိုးအိမ်လူ

In: ကဗျာ Posted By: Date: Aug 22, 2011
Comment #1

ကောင်းတယ်ဗျာ
စကားလုံးတွေကို သဘောကျတယ်

Comment #2

သော့ခတ်ထားသမျှ
ဖွင့်ဟ ပြလိုက်ရင်
ဘုံခုနှစ်ဆင့်များ ပြိုကျသွားမလား
မြတ်နိုးခြင်း စံချိန်သစ်နဲ့ 
ထူးခတ်ထားတဲ့ဆန္ဒတွေက
အဖြူရောင်ထက်ပိုတဲ့
အဖြူရောင်
ချစ်သူရယ်….
တိမ်မျှင်တွေနဲ့ ယက်လုပ်ထားတဲ့
ကိုယ့်ရဲ့သင်္ကေတက
တစ်ယောက်သော သူအတွက်ပါ။

*****so great! I like above para…………*****

commentinfo By: sitayenyein at Aug 23, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment