Professional Authors

မိုးရေထဲအိမ်ပြန်သွားပေါ့ – မောင်နှင်းပန်(ရေနံချောင်း)

ဩဂတ်စ်ရဲ့ မိုးရေထဲ
တစ်ယောင်ထဲထွက်သွားပေါ့ 
တံခါးတွေတောင်ပိတ်မထားခဲ့မိဘူး။

အမေ့ အိမ်ဆီ
ခုချိန်ကျမှတကယ်ပြန်သွားတာလား
နှုတ်ဖျားသော့ ပိတ်
အရိပ်ကလေးတစ်ခုလွင့် ဝဲ
မိုးစက်တွေကလည်းတဖွဲဖွဲနဲ့ 
အို….ထီးလည်းမပါ
ဖျားနေပါဦးမယ်…

နှုတ်ဆက်ဖို့ တောင်မေ့ သွားတာလား
နှုတ်ဆက်ရမှာအားနာနေတာလား
တို့ မျက်ရည်တွေ စိတ်ရှိလက်ရှိသွန်ချလိုက်ပေါ့ 
အလွမ်းသံစဉ်ရောမွှေထားတဲ့ ရှိုက်သံတွေကတော့ 
အိမ်အပြန်တစ်ယောက်တည်းဆိုတဲ့ သီချင်းသံထဲမှာ
တောင်ပံတဖျပ်ဖျပ်ရိုက်ခတ်လို့  …

ကောင်းကင်ကြီးက
ပေါက်ကျလာတဲ့
ဩဂတ်စ်ရဲ့ မိုးရေတွေကတော့ 
တားမရဆီးမနိုင်စီးမျောနေဆဲ…။ ။

မောင်နှင်းပန်(ရေနံချောင်း)

(၁၄-၈-၂၀ဝ၄ နေ့ တွင် နှလုံးရောဂါဖြင့်ကွယ်လွန်သွားသော ထူးအိမ်သင် အတွက် ဝမ်းနည်းကြကွဲမှုကဗျာ )

Leave Comments

Name*

Email*
Website
Email me whenever there is new comment