Professional Authors

နွေဝေဒနာ – မောင်စိန်ဝင်း(ပုတီးကုန်း)

သရက်ကင်းတွေလည်း၊
မြက်ခင်းမှာ ကြွေပြီခင်။

နွေလေပူ တစ်ချက်သုတ်လေတော့၊
အရွက်ပြုတ်သရက်ပင်။

ချစ်သူမေ့ပြီလား၊
ငယ်ဓလေ့ အရွယ်နုစဉ်က၊
မောင့်ဥယျာဉ် သရက်အုပ်မှာ၊
လက်ဆုပ်ကိုင် နှစ်ကိုယ်လျှောက်ပါလို့၊
သရက်ကင်းကြွေ အတူကောက်တာလည်း၊
လွမ်းအောက်မေ့ ရင်မှာကျင်၊
သည်တစ်နွေဝင်တော့။

သရက်ကင်းနဲ့မှ၊
ထမင်းမြိန်စားတတ်သူက၊
ထောပတ်ပေါင်မုန့်ကင်နဲ့၊
နေ့တိုင်းပင် ဘိုစာမက်ပါလို့၊
အနောက်ဟန်ဖောက်ပြန်ဖျက်လေတော့၊
မောင့်သရက် သူမမင်၊
မောင့်ဥယျာဉ် သူမရောက်နိုင်ဘု၊
သရက်ကင်းတွေ အကြွေကောက်တာလည်း၊
(အချစ်ရယ် …. )
မေ့လောက်ပြီပေါ့။ ။

မောင်စိန်ဝင်း(ပုတီးကုန်း)

Leave Comments

Name*

Email*
Website
Email me whenever there is new comment