သစ္စာ
ကျွန်တော် ရေးခဲ့ဖူးတဲ့ ဆောင်းပါးတွေထဲမှာ သစ္စာအကြောင်း နည်းနည်းပါးပါးတော့ ပါခဲ့တယ် ဒါပေမယ့် သီးသန့်ကြီးတော့ မဟုတ်ဘူးခင်ဗျ။ ခု အချိန်လေးရတုန်း သစ္စာအကြောင်းလေးကို ဆောင်းပါးလေး ရေးချင်မိတယ်။
သစ္စာတရားဆိုတာချည်းကို ကျွန်တော်တို့ ခပ်ငယ်ငယ်ကတည်းက ယဉ်ပါးခဲ့ပါတယ်။ ဒါပေမယ့် လက်တွေ့တော့ အသုံးမချရသေးတဲ့သူ အများစုတော့ ရှိကြမှာပါ။ ကျွန်တော်ဆိုလိုတဲ့ သစ္စာက ပါးစပ်က လွယ်လွယ်ပြောတဲ့ သစ္စာတရားကို ပြောတာ မဟုတ်ပါဘူး။ လူငယ်တော်တော်များများ ပါးစပ်ကနေသုံးကြပါတယ်။ ငါ သစ္စာရှိပါတယ်ကွာတို့ သစ္စာဆိုရဲလားတို့ ဘာတို့ပါ။ တချို့ဆို ဆိုတောင် ဆိုပြလိုက်သေးတယ်။ သူ့ဟာနဲ့ သူတော့ ဟုတ်နေတာပါဘဲ။ အမှန်တော့ ဒါတွေဟာ မလုပ်သင့် မလုပ်အပ်တဲ့အရာတွေပါ။ ခုခေတ် လူအများစု သနားဖို့ကောင်းတာတစ်ခုတော့ ရှိတယ် သစ္စာစူးလို့မှ သစ္စာစူးမှန်းမသိကြဘူး။ အခြေအနေတွေနဲ့ ပတ်ဝန်းကျင်တွေကိုသာ အပြစ်ပုံချတတ်ကြတာ ကိုယ်ဘာလုပ်လို့ ဘာဖြစ်နေတာလဲဆိုတာကို စမ်းစစ်ဖို့ သတိမရကြဘူး။
ကျွန်တော်တို့ ဟိုးအရင် သမိုင်းတစ်ခေတ်မှာ ဇီဝကတို့လို သမားအကျော်အမော်တွေ အများကြီး ပေါ်ထွက်ခဲ့ပါတယ်။ ဆရာကြီး ဇီဝကဆိုတာက မြတ်စွာဘုရားခေတ်က ပေါ်ထွက်ခဲ့တဲ့ သမားတော်ကြီးပါ သူမကုနိုင်တဲ့ ရောဂါဝေဒနာဆိုတာ မရှိပါဘူး။ အားလုံးကို သူကုနိုင်ပါတယ်။ ၀ဋ်နာကံနာက လွဲရင်ပေါ့လေ။ အဲဒီအနာရောဂါကတော့ ကျွန်တော်တို့ အားထားကိုးကွယ်ရာ ဘုရားရှင်တောင်မှ မကျော်လွှားနိုင်တဲ့ ရောဂါပါ။ ကျွန်တော် အဓိကပြောချင်တာက ဇီဝကလို သမားတော်ကြီးတွေ အဓိက လက်စွဲအားထားတဲ့ ဆေးတစ်ပါးကတော့ သစ္စာတရားပါတဲ့ဗျာ။ တောထဲက သစ်ရွက်တောင် သွားခူးစရာမလိုပါဘူး။ အပြင်းအထန်ဝေဒနာခံစားနေရတဲ့ လူနာတွေကို သစ္စာရေစင်နဲ့ တောက်လိုက်တာနဲ့ ဝေဒနာလျှောကျတယ်ဆိုတာတွေကို ကြားဖူးကြမှာပါ။ သစ္စာဆိုတာ အဲလောက်ထိ စွမ်းပါတယ် ခင်ဗျာ။ ကျွန်တော်တို့ မျက်မှောက်ခေတ်မှာ ရောဂါအစုံ ဝေဒနာအစုံတွေ ပေါ်ထွက်နေကြတာ စာဖတ်သူတို့ အသိပါဘဲ။ ခေတ်မှီတဲ့ ဆေးဝါးတွေနဲ့ ဘယ်လောက်ကုကု ရောဂါကို အံမတုနိုင်ကြပါဘူး။ ဒါဘာကြောင့်လဲလို့ မေးရင် သစ္စာတွေ ပျက်ယွင်း လာကြလို့ပဲလို့ ကျွန်တော်ထင်တယ်။ ၀ဋ်နာကံနာဆိုတာ ဘုရားခေတ်ကတည်းက ရှိပြီးသားပါ။
ကျွန်တော်တို့ မြတ်စွာဘုရားကိုယ်တိုင် ပါရမီဖြည့်ခဲ့ရတဲ့ ဘ၀တွေမှာ သစ္စာတရားကို ထည်လဲ သုံးခဲ့ရပါတယ်။ နောက်ဆုံးဘ၀ ဘုရားဖြစ်တဲ့ဘ၀မှာတောင် သစ္စာကို သုံးရပါတယ်။ ဗဟုသုတရအောင် ကျွန်တော်ပြောပြမယ်ဗျာ။ နတ်ပြည်(6)ထပ်ရှိတာ စာဖတ်သူတို့ သိမှာပါ။ အောက်ဆုံးနတ်ပြည်ရဲ့ သက်တမ်းက အနှစ် ၉၀၀၀၀ သက်တမ်းရှိတယ်တဲ့။ အဲဒီဘုံကတော့ သက်တမ်းအတိုဆုံး နတ်ဘုံပဲ။ သူ့ရဲ့ အပေါ်က နတ်ပြည်က သက်တမ်း ၃၆၀၀၀၀ ရှိတယ်တဲ့။ အဲ တခြားဘုံတွေ သက်တမ်းကို တွက်ကြည့်ချင်ရင် တဆင့်စီကို ၄နဲ့မြှောက်သွားဗျာ။ နောင်ပွင့်မယ် မြတ်စွာဘုရားက ၅ဘုံမြောက်မှာ ရှိပြီးတော့ ကျွန်တော်တို့ ဂေါတမမြတ်ဘုရားကို အကြိမ်ကြိမ်နှောင့်ယှက်ခဲ့တဲ့ မာန်နတ်ကြီးကတော့ အပေါ်ဆုံး ၆ဘုံမြောက်မှာ ရှိတယ်တဲ့ဗျာ ဗုဒ္ဒဘာသာဝင်တစ်ယောက်အနေနဲ့ သိထားသင့်တယ်ထင်လို့ ရေးပြသွားတာပါ။ အဲဒီမာန်နတ်သက်တမ်းက ၉၂၁၆၀၀၀၀ တောင် အသက်ရှည်တယ်ဆိုပဲ။
ကျွန်တော်တို့ ကိုးကွယ်ရာ မြတ်စွာဘုရား ဘုရားဖြစ်တယ်ဆိုတဲ့ သီတင်းလည်း ကြားရော မာန်နတ်ဟာ စစ်သည်ဗိုလ်ပါ အခြေအရံတွေ ခြံရံပြီး ဘုရားကို လာတိုက်တယ်ဆိုပဲ။ အဲဒီအချိန်မှာ လူမပြောနဲ့ နတ်တွေ သိကြားတွေ ကြောက်လွန်းလို့ ပျောက်ချင်းမလှ ပျောက်ကုန်ကြတယ်တဲ့။ နောက်ဆုံး ဘုရားရှင်တစ်ပါးတည်း ကျန်ခဲ့တော့တယ် ဆိုပါတော့ဗျာ။ ဒီအချိန်မှာ မြတ်စွာဘုရားဟာ စဉ်းစားတော်မူတယ်တဲ့ ငါ ရှုံးနိမ့်လို့တော့ မဖြစ်ဘူး။ ငါသာ ရှုံးနိမ့်သွားခဲ့ရင် သာသနာကွယ်ပြီ သာသနာကွယ်ရင် သတ္တ၀ါတွေ ဒုက္ခရောက်တော့မယ်ဆိုပြီး စဉ်းစားတော်မူတယ်တဲ့။ နောက်ဆုံး ကြံရာမရတဲ့အဆုံး မြေကြီးကို ကိုင်ပြီး သစ္စာဆိုလိုက်ရော ပထ၀ီမြေကြီးဟာ ကြောက်မက်ဖွယ်ရာ မြည်ဟည်းလို့ မာန်နတ်တွေ အလဲလဲအပြိုပြိုဖြစ်လို့ တပ်ဆုတ်ပြေးကြရတယ်တဲ့။ သက်ရှိသတ္တ၀ါတွေဆီက အကူအညီမရပေမယ့် သက်မဲ့ဖြစ်တဲ့ အရာဝတ္တုတွေကတောင် သစ္စာတရားလက်နက်ကို သုံးရင် အကူအညီပေးကြရပါတယ်။ ဒါကြောင့် မှန်သောသစ္စာဆိုတဲ့ စကားလုံးဟာ ခုခေတ်ထိ လက်ခံထားကြရတဲ့ စကားလုံးပါ။
ဘာသာတွေကွဲ လူမျိုးတွေ ကွဲကြပေမယ့် သစ္စာတရားကို အသုံးပြုကြပုံတော့ မကွဲကြပါဘူး။ အနောက်နိုင်ငံတွေမှာ ကျမ်းကျိန်တာတို့၊ သွေးသောက်တာတို့ အစုံပေါ့ဗျာ။ ဒါတွေကလည်း သစ္စာမျိုးနွယ်ဝင်တွေပါပဲ။
ဒါကြောင့် ကျွန်တော်ပြောချင်တာက လွယ်လွယ်ကူကူရတဲ့ စကားလုံးတွေနဲ့ မိမိကိုယ်ကိုယ် ထိုးသတ်ဖို့ လက်နက် မဖန်ဆင်းမိပါစေနဲ့။ နှုတ်ကြောင့်သေ လက်ကြောင့်ကြေ ဆိုတဲ့ စကားပေါ်ထွက်လာတာ လွယ်လွယ်ကူကူတော့ ပေါ်ထွက်လာတာတော့ မဟုတ်ဘူးဗျနော်။ ဒါကြောင့် အတတ်နိုင်ဆုံး နှုတ်စောင့်စည်းကြပါလို့။ မိမိလုပ်နိုင်တာကိုပဲ သစ္စာ ဆိုမိပါစေ။ မလုပ်နိုင်မှန်းလဲ သိရက်သားနဲ့ ပြီးပြီးရောဟာ ဆိုပြီး မလုပ်မိပါစေနဲ့။ သစ္စာစူးတယ်ဆိုတာ အရိုးစူးသလို အပ်စူးသလိုတော့ စူးခနဲ နာတာမဟုတ်လောက်ဘူး။ များများရရင် များများပြန်ပေးရတတ်တယ်ဆိုတဲ့စကားကို လက်ခံထားတဲ့ ကျွန်တော့်အတွက်တော့ သစ္စာဆိုတာ ………….
(29-12-2010)
လိပ်ပြာ
Comment #2
ကျွန်တော့်အတွက်တော့ သစ္စာဆိုတာ
ခြေရင်းနှစ်အိမ်ကျော်က……ခပ်လှလှကောင်မလေးပေါ့…..
🙂
By: moehtetaung18 at Dec 29, 2010
Comment #4
ညီ့ လိုပေါ့ကွာ….:)
By: moehtetaung18 at Dec 29, 2010
Comment #6
လိပ်ပြာတို့ မျက်ရည်…..မြေမကျကောင်းဘူးတဲ့
မိုးခေါင်ရေရှား……အသီးအနှံရှားတယ်တဲ့ညီရဲ့….
တိတ်နော်…..ငိုနဲ့ ….မုန်းလို့  စတာ….
🙂
By: moehtetaung18 at Dec 29, 2010
Comment #7
ကိုလိပ်ပြာအားပေးသွားပါတယ်
By: genius.jinx28 at Dec 29, 2010




Comment #1
”သစ္စာစူးလို့မှ သစ္စာစူးမှန်းမသိကြဘူး။ အခြေအနေတွေနဲ့ ပတ်ဝန်းကျင်တွေကိုသာ အပြစ်ပုံချတတ်ကြတာ ကိုယ်ဘာလုပ်လို့ ဘာဖြစ်နေတာလဲဆိုတာကို ဆန်းစစ်ဖို့ သတိမရကြဘူး။ ”..
ဟုတ်တယ်လိပ်ပြာရေ..